သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်းဖြတ်သွားချိန် ကျေးရွာများကိုပစ်ခတ်

0
1492

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ဖြတ်သန်းသွားလာစဉ် ပိတိုင်၊ ပြင်းဖြူကြီး၊ ချောက်ချောင်းရွာများကို ဘက်ကိုလက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်ကားသုံးစီးနှင့် အင်အား ၃၀ ခန့်ပါသည့် ခြေလျင်စစ်ကြောင်းတို့သည် ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် သရက်ချောင်းမြို့မှ မြို့နယ်အောက်ဘက်ပိုင်းသို့ သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းသို့ သွားလာချိန် ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ချောက်ချောင်းရွာက နေအိမ်တစ်လုံး လက်နက်ကြီးကျည်စထိမှန်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တိုက်ပွဲဖြစ်သလိုပဲ ပစ်ပြီးဆင်းလာကြတာ။ ပစ်နေတဲ့အချိန် အိမ်အောက်မှာ ပုန်းနေကြရတယ်။ ဘာလို့ပစ်မှန်းတော့မသိဘူး” ဟု ပြင်းဖြူကြီးကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စထိမှန်သည့် နေအိမ်အနည်းငယ်ထိခိုက်မှုရှိပြီး အဝတ်ဗီဒိုမီးစွဲလောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူတို့ပစ်ခံရရင်လည်း လျှောက်ပစ်တာပဲ။ မနေ့ကတော့ ဘာဖြစ်လို့ပစ်တာလဲ မသိဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတဲ့ အသံလည်း မကြားဘူး။ မိုင်းဆွဲတိုက်ခိုက်ခံရတာလဲ မကြားမိဘူး။ အဲဒီလိုကတော့ မကြာခဏပစ်နေကြပဲ” ဟု ၎င်းက ပြောဆိုသည်။

လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် အိမ်တွင်လူနေထိုင်မှုရှိသော်လည်း အိမ်သားများ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။