ကော့သောင်းတွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး

0
1039
ဓာတ်ပုံ - ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ (ကော့သောင်းမြို့)

ကော့သောင်းမြို့ တွင် ရေနစ်သေဆုံးသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက တွေ့ရှိကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

ကော့သောင်းမြို့၊ မြေနီလမ်း၊ ဦးအေးမောင်ဂိုဒေါင်အနီးကမ်းနားတွင် ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီခန့်က တွေ့ရှိခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေနစ်သေဆုံးသူမှာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကမြောကင်းရွာ‌တွင် နေထိုင်သည့် အသက် ၄၆ နှစ်အရွယ်ရှိ ဦးမြင့်ကို ဆိုသူဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“သူက (သေဆုံးသူ) ပိုက်လှေငယ်လိုက်နေတယ်။ သူရဲ့ နာမည် ဇာတိနဲ့ လိပ်စာကို သူ့ လှေကနေ သိရတာ” ဟု ၎င်းက ပြောဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် ရေနစ်မြုပ်သေဆုံးခဲ့သည်ကိုမူ တိတိကျကျ မသိရသေးပေ။

သေဆုံးသူ၏ ရုပ်အအလောင်းကို ရွှေအဏ္ဏဝါပရဟိတလူငယ်များအဖွဲ့က ကော့သောင်းမြို့ ၂ မိုင် ဆေးရုံရင်ခွဲရုံသို့ ပိုဆောင်ပေးထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

သေဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ သိရှိစေနိုင်စေရန်လည်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာတွင်လည်း မျှဝေထားသည်။

ကော့သောင်းမြို့တွင် ယခု ဇန်နဝါရီလအတွင်း ရေနစ်သေဆုံးသူမှာ နှစ်ဦးအထိ ရှိသည်။