ထားဝယ် ကျောက်ထုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရှစ်ဦးဖမ်းမိ

0
2957

ထားဝယ်မြို့နယ် ဘန်းချောင်းဒေသက ကျောက်ထုစစ်ဆင်ရေးအခြေကုတ်စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့် အတူ စစ်ကောင်စီတပ်သား ရှစ်ဦးကို အရှင်ဖမ်းမိကြောင်း KNLA တပ်ရင်း (၂၇)နှင့် တပ်ရင်း (၁၂) က တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ကျောက်ထုစခန်းမှာ တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ် သိမ်းယူနိုင်ခဲ့သည့် စခန်းဖြစ်သည်။

“စကစဘက်က ၁၅ ယောက်သေဆုံးတယ်။ ကျွန်တော်တို့ ဖမ်းမိတာကတော့ ၈ ယောက်ပေါ့။ သူ့ရဲ့ မိန်းမတယောက်ပါဆို ၉ ယောက်ပေါ့။ လက်နက်ခဲယမ်းကတော့ ကျွန်တော်တို့ ရန်သူဆီမှာတိုက်လို့ရတာ အကြီးရော အငယ်ရော အားလုံးပေါင်းပေါ့ နော်၊ ၁၈ လက်ရတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာ တစ်ခုမှမရှိဘူးဗျ” ဟု တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

တပ်ရင်းမှူး စောမှူးဂေမှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ နှင့် တပ်မဟာ (၄) KNLA တပ်ရင်း ၁၂ တပ်ရင်းနှစ်ခုကို တွဲဖက်တာဝန်ယူထားသည့် တပ်ရင်းမှူး ဖြစ်သည်။

ဖမ်းဆီးရမိသည့် ခလရ ၂၇၃ တပ်ရင်း၊ တပ်ခွဲ ၂ မှ ဗိုလ်ကျော်ထက်အောင်အပါအဝင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို KNU ၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျောက်ထုစစ်ဆင်ရေးအခြေကုတ်စခန်းသည် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်ကောင်စီတပ်သားများ၏ ရှေ့တန်းခြေကုပ်စခန်းတစ်ခုဖြစ်သည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် KNLA တပ်မဟာ ၄ (တပ်ရင်း ၁၂)၊ KNLA တပ်မဟာ ၆ (တပ်ရင်း ၂၇) နှင့် ပြည်သူ့ကာကွယ် ရေးတပ်-PDF တပ်များဖြစ်သည့် ထားဝယ်ခရိုင် T1 စစ်ကြောင်း၊ T5 စစ်ကြောင်း၊ ဒေါင်းမင်းစစ်ကြောင်း (ပကဖ) ပူးပေါင်း တပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) က ထုတ်ပြန်သည်။

“ဒီတိုက်ပွဲဟာ တနင်္သာရီတိုင်းရဲ့ ပထမဆုံးသော စခန်းသိမ်းတိုက်ပွဲဖြစ်တယ်။ ဆက်လက်ပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်သွားမယ်” ဟု တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) က ဒုစစ်ဒေသခွဲမှူး-၂ ရဲဘော်ဂျူပီတာက ဆိုသည်။

ယင်းစခန်းမှ MA1 လေးလက်၊ MA2 နှစ်လက်၊ MA3 ခြောက်လက်၊ MA4 တစ်လက်၊ MA5 တစ်လက်၊ ငါးကြင်းမီး တစ်လက်၊ ငါးကြင်းမီး ပြောင်းပို တစ်ခု၊ RPG တစ်လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း နှစ်လက်အပါအဝင် လက်နက်ခဲယမ်းများ စွာရရှိကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) က ထုတ်ပြန်ထားသည်။