တနင်္သာရီ ညောင်ပင်ကွင်းတွင် ကျည်ထိမှန်သေဆုံးသည့် အရပ်သားနှစ်ဦးနှင့် ဒဏ်ရာရသူသုံးဦးအထိရှိလာ

0
1165
ပုံစာ - ညောင်ပင်ကွင်းရွာ

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအုပ်စုပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဇန်နဝါရီလ ၁၅ ရက်စ၍ ဇန်နဝါရီလ ၂၅ ရက် အထိ နှစ်ဖက်ပစ်ခတ်မှုများရှိနေပြီး ယင်းကာလအတွင် အရပ်သား နှစ်ဦး ကျည်ထိမှန်သေဆုံးကာ သုံးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ညောင်ပင်ကွင်းရွာသား ကိုဆောင်းချိုဆိုသူ တနင်္သာရီမြို့နယ်၊ ချောင်းဝရွာရှိ ဥယျာဥ်ခြံတစ်ခုအတွင်းရှိနေစဥ် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့ကာ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“ကိုဆောင်းချိုမှာ ညာဘက်လက်မောင်းနဲ့ ညာဘက်ကျောမှာ သေနတ်ဒဏ်ရာ နှစ်ချက်တွေ့တယ်။ ပစ်ခံရတဲ့နေ့က ညနေ ၄နာရီလောက် မိသားစုက နာရေးအဖွဲ့တွေနဲ့ အလောင်းသွားကောက်ပြီး ချောင်းဝသုသာန်မှာပဲ မြေမြုပ်လိုက်တယ်” ဟု ၎င်းက ပြောသည်။

အလားတူ ဇန်နဝါရီလ ၂၃ ရက်တွင် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ညောင်ပင်ကွင်းရွာသားတစ်ဦး စစ်ကောင်စီ စစ်ကြောင်းနှင့်တွေ့ပြီး ပစ်ခတ်ခံရကာ ခြေထောက်တွင်ဒဏ်ရာရခဲ့ကြောင်း ရွာသားများထံက သိရသည်။

ဇန်နဝါရီလ ၁၉ ရက်ကလည်း ညောင်ပင်ကွင်းတံတားအနီး အပြန်အလှန်ပစ်ခတ်မှုအတွင်း ညောင်ပင်ကွင်းရွာမှ အမျိုးသမီးကြီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။

ပစ်ခတ်မှုစတင်ဖြစ်ပွားသည့် ဇန်နဝါရီလ ၁၅ ရက်တွင် အရပ်သားနှစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့သေးသည်။

ရေဖြူရွာဘက်မှ လာသည့် စစ်ကောင်စီစစ်ကြောင်း ခမရ ၅၆၁ တပ်ရင်း သို့ ပြန်ဝင်သွားပြီး မိနစ်ပိုင်းအကြာတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇန်နဝါရီလ ၂၅ ရက် က ညောင်ပင်ကွင်းရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ညောင်ပင်ကွင်းရွာသားတစ်ဦးကပြောသည်။

ဇန်နဝါရီလ ၂၅ ရက်ည အထိ ညောင်ပင်ကွင်းရွာပတ်ဝန်းကျင်တွင် ပစ်ခတ်သံများကြားခဲ့ရပြီး ယနေ့ ဇန်နဝါရီလ ၂၆ရက်တွင် နေ့လယ်ပိုင်းအထိ ပစ်ခတ်မှုမရှိဘဲ ငြိမ်သက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ရေးတင်းမာနေသည့် ၁၀ ရယ်အတွင်း ဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်နေကြောင်း ဒေသခံများထံက သိရသည်။