ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပစ်ခတ်

0
1102

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်တွင် ယနေ့ ဇန်နဝါရီလ ၂၆ ရက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် လာရောက်ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြချက်အရ သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ကရင်တပ် KNDF နှင့် PDF တို့ပူးပေါင်းကာ ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်၊ ရဲစခန်းတို့ကို ဇန်နဝါရီလ ၂၅ ရက်တွင် တိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က ဆီဆိုင်မြို့နှင့် ကျေးရွာလေးရွာကို ယင်းနေ့တွင် ဂျက်တိုက်လေယာဉ်အပါအဝင် Y12 လေယာဉ်ဖြင့် အကြိမ် ၂၀ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။

ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံး တစ်ရာကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းသို့ ဗုံးချတိုက်ခိုက်သဖြင့် ဆီဆိုင်မြို့မစျေးမီးလောင်သွားကြောင်း ဒေသတွင်း သတင်းအချို့တွင် ဖော်ပြသည်။

တော်လှန်ရေးတပ်များက ဆီဆိုင်မြို့ကို ဇန်နဝါရီလ ၂၅ ရက်တွင် ထိန်းချုပ်ထားသည်ဟု သတင်းထွက်နေပြီး စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က ထိန်းချုပ်နိုင်ရန် ပြန်လည်တိုက်ခိုက်နေသဖြင့် ယနေ့ တိုက်ပွဲ ပြင်းထန်နေခြင်း ဖြစ်ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

ဆီဆိုင်မြို့နယ်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး တိုက်ပွဲများကြောင့် ဆီဆိုင်နှင့် အနီးအနားရှိကျေးရွာများက ဒေသခံများ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသလို ပိတ်မိနေသည့် ဒေသခံများလည်းရှိနေကြောင်း ဒေသတွင်း သတင်းများ တွင် ဖော်ပြချက်အရ သိရသည်။

PNLA သည် တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တပ်မတော်တစ်ခုဖြစ်သည်။