ကော့သောင်းတွင် ၂၀၂၃ ခုနှစ်အတွင်း အိမ်ရာမဲ့ ၁၀ ဦးကျော် သေဆုံး

0
889
ဓာတ်ပုံ- ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့(ကော့သောင်းမြို့)

ကော့သောင်းတွင် ၂၀၂၃ ခုနှစ်အတွင်း အိမ်ရာမဲ့ သေဆုံးသူ ဆယ်ဦးကျော်ခန့်ရှိသည်ဟု ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ ထံမှသိရသည်။

သေဆုံးသူများမှာ အသက် ၃၀ မှ ၅၀ ကြားရှိပြီး ကော့သောင်းနယ်ခံများ မဟုတ်ကြကြောင်း၊ မူးယစ်ဆေးနှင့်အရက်စွဲကာ၊ အစာရေစာပြတ်တောက်ပြီး သေဆုံးကြခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဓိကက အစာရေစာပြတ်သေကြတယ်။ အမျိုးသမီးက နည်းပါတယ် သုံးလေးနှစ်မှ တစ်ယောက်ပဲ တွေ့ရတတ်တယ်”ဟု ၎င်းကပြောသည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့သည့် မြန်မာနိုင်ငံတောင်ဘက်စွန်းတွင်ရှိပြီး ထိုင်းနိုင်ငံ ရနောင်းမြို့၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ကြသူများ အဆင်မပြေသဖြင့် မြန်မာနိုင်ငံ ပြန်ရောက်လာရာတွင် နေရပ်မပြန်ကြတော့ဘဲ ကော့သောင်း၌ အဆင်ပြေသလိုနေရာမှ အိမ်ရာမဲ့များ ဖြစ်လာကြခြင်းဖြစ်သည်။

” သူတို့က ဒီလိုပဲတောင်းစားတယ်။ သူတို့ရသလောက် မအိုဆေး (အရက်) မှီဝဲတယ် ပြန်ပို့မယ်ဆိုတာတောင် လက်မခံကြဘူး။ မိသားစု ရှိတဲ့သူတွေကို ကျွန်တော်တို့ တစ်ဖက်ကပရဟိတာအသင်းတွေ နဲ့ ချိတ်ဆက်ပြီး ရအောင်ပြန်ပို့ပေးတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

လက်ရှိ ကော့သောင်းမြို့တွင် အိမ်ရာမဲ့သူ ၂၀ ကျော်ခန့် နေထိုင်လျက်ရှိပြီး စိတ်ကျန်းမာရေး မကောင်းသည့် အမျိုးသမီးတစ်ဦးလည်း ရှိဟုဆိုသည်။

ထိုသူများမှာဈေးရှိသည့် ကော့သောင်းမြို့ ဘုရင့်နောက်ရပ်ကွက်နှင့် အဏ္ဏဝါ ရပ်ကွက်များတွင် အများဆုံးအခြေချပြီး တောင်းရမ်းစားသောက် နေထိုင်ကြခြင်းဖြစ်သည်။

ယခုနှစ်ဇန်နဝါရီ ၂၂ ရက်ကလည်း ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက် ဘုရင့်နောင်ကုန်းမြေ ကမ်းနားလမ်း နတ်စင်တွင် အိမ်ရာမဲ့ အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိခဲ့သည်။

ယင်းမှာ ယခုနှစ်အတွင်း ပထမဆုံး သေဆုံးသည့် အိမ်ရာမဲ့တစ်ဦးဖြစ်သည်။

အိမ်ရာမဲ့သူများသေဆုံးပါက ပရဟိတ အသင်းများပူးပေါင်း၍ သင်္ဂြိုဟ်ပေးလေ့ရှိသည်။