ပုလော PDF ဒုတပ်ရင်းမှူးကို အရေးယူရန် MOD က ညွှန်ကြားထားပြီဟုဆို

0
1286
ပုံစာ - ပုလော PDF ဒုတပ်ရင်းမှူး ကျော်ထင်အောင်

မြိတ်ခရိုင် PDF တပ်ရင်း(၁) ပုလော PDF ဒုတပ်ရင်းမှူးကို အရေးယူရန်အတွက် MOD (အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန)က ညွှန်ကြားထားပြီဖြစ်ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ်(၃)၊ ဒု-စစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာက ပြောသည်။

“MOD ကနေပြီးတော့ အရေးယူမယ်လို့ပြောတဲ့ကိစ္စကို ကျွန်တော်တို့စာလည်းထုတ်ပြီးပါပြီ သက်ဆိုင်တဲ့ပုဂ္ဂိုလ်ကိုလည်း ကျွန်တော်တို့ခေါ်ယူထားတဲ့ အနေအထားရှိပါတယ်နော်” ဟု ရဲဘော်ဂျူပီတာက ဆိုသည်။

မွမ်းမံသင်တန်းမတက်သည့် ရဲဘော်ရောင်နီကို ဒီဇင်ဘာ ၂၃ ရက်တွင် ဒုတပ်ရင်းမှူး ကျော်ထင်အောင်က သေနတ်ဒင်ဖြင့် ခေါင်းကိုရိုက်ခြင်း၊ သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ခြင်း၊ အချုပ်ချထားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

ယင်းအပြင် အောက်လက်ငယ်သားအပေါ် ယင်းသို့လုပ်ခွင့်ရှိသလောဟု မေးခွန်းထုတ်ခဲ့သည့် ပုလော PDF တပ်ရင်း(၁)မှ ဒုဘဏ္ဍာရေးမှူးလည်းဖြစ် CDM ကျောင်းဆရာလည်းဖြစ်သူ ကိုစံမျိုးအောင်ကိုလည်း ဒုတပ်ရင်းမှူးက ပါးရိုက်ခဲ့သည်။

ယင်းသို့ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီဘဲ အာဏာရှင်ဆန်ဆန်လုပ်ဆောင်မှုအတွက် အရေးယူပေးရန် တောင်းဆိုမှုများရှိခဲ့ပြီး တော်လှန်ရေးကို ထောက်ပံ့ပေးနေသော ထောက်ပို့ ၁၄ ဖွဲ့ကလည်း တရားမျှတအောင် လုပ်ဆောင်ပေးခြင်း မရှိပါက ထောက်ပံ့မှုရပ်ထားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထောက်ပို့ ၁၄ ဖွဲ့က ထောက်ပံ့မှုရပ်ထားမည်ဟု ယခုလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သလို အမြန်ဆုံး အရေးယူပေးရန် ဇန်နဝါရီလ ၁၈ ရက်တွင် ဒုတိယအကြိမ် ထပ်မံထုတ်ပြန်တောင်းဆိုလိုက်သည်။

ယင်းဒုတိယအကြိမ် ထုတ်ပြန်ချက်တွင် ဒုတပ်ရင်းမှူး ကျော်ထင်အောင် တပ်တွင်းကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ထပ်မံဖော်ပြထားပြီး စွပ်စွဲချက်အားလုံး ၉ ချက်ပါဝင်ခဲ့သည်။

စွပ်စွဲချက်များတွင် PDF အပတ်စဉ် ၇ သင်တန်းမှ ရဲဘော်သစ် ကိုတင်ဦးကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သည်ဆိုသော စွပ်စွဲချက်၊ ချေမှုန်းရေးမွမ်းမံသင်တန်းတစ်ခုတွင် ရဲဘော်နိုင်နိုင်လင်းကို သေနတ်ဖြင့် ၂ ချက်ပစ်ခဲ့သဖြင့် ခြေနှစ်ဖက်လုံးတွင် ဒဏ်ရာရခဲ့သည်ကိစ္စ၊ အခြေခံအပတ်စဉ်(၂)သင်တန်းတွင် ရဲဘော်သိန်းမိုးကို ပါးရိုက်ခဲ့သည့်ကိစ္စများလည်း ပါဝင်သည်။

ထုတ်ပြန်ချက် ထုတ်ရာတွင် ပါဝင်သည့် အနာဂတ်အလင်းရောင်ထောက်ပို့အဖွဲ့ တာဝန်ခံ ကိုကိုလေးက ဒုတပ်ရင်းမှူး ကျူးလွန်ခဲ့သည့် ပြစ်မှုများကို နစ်နာသူရဲဘော်များထံမှတစ်ဆင့် သိရခြင်းဖြစ်ပြီး သက်သေအထောက်အထား အားလုံးရှိသည်ဟု ပြောသည်။

ထောက်ပို့ ၁၄ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသော ယင်းစွပ်စွဲချက်များနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် ဒုတပ်ရင်းမှူး ကျော်ထင်အောင်ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ်(၃)၊ ဒု-စစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာကမူ ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ မှတ်ချက်ပြုစရာမရှိကြောင်း Dawei Watch ကို ပြန်လည်ဖြေကြားသည်။