ကော့သောင်း ခက်ရင်းခွကျွန်းတွင် ပုလဲမွေးမြူရေးဧရိယာတိုးချဲ့ရန် စစ်ကောင်စီ စီစဉ်

0
1142
ပုံစာ - ဇန်နဝါရီလ ၁၁ ရက်က ဇာဒက်ကြီးကျွန်း အမှတ် ၅၈ ရေတပ်စခန်းတွင်ပြုလုပ်သည့် အစည်းအဝေး။ ( ဓာတ်ပုံ - တိုင်းပြန်/ဆက်)

စစ်ကောင်စီသည် ကော့သောင်းမြို့နယ် ခက်ရင်းခွကျွန်းအနီး ရေပြင်တွင် ပုလဲမွေးမြူရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန်အတွက် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။

ခက်ရင်းခွကျွန်း၏ အရှေ့မြောက်ဘက်ရှိ ရေပြင်ဧရိယာ ၂၅၅ ဧကပေါ်တွင် မုတ်ကောင် မွေးမြူရေးစီမံကိန်း ကို အကောင်အထည်ဖော်ရန် ပြည့်စုံထက်မြင့် ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်စစ်ခြင်း (IEE) လုပ်ငန်းစဉ်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်း အစီစဉ်များကို ဇန်နဝါရီလ ၁၁ ရက်က ဇာဒက်ကြီးကျွန်းပေါ်ရှိ အမှတ် ၅၈ ရေတပ်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ထိုပွဲသို့ စီမံကိန်း‌အကောင်အထည်ဖော်မည့် ပြည့်စုံထက်မြင့် ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးခိုင်ကျော်၊ ကနဦး ပတ်ဝန်ကျင်ဆန်းစစ်ခြင်းလုပ်ငန်းတာဝန်ယူထားသည့် EGuard Environmental Service အဖွဲ့မှ အုပ်ချုပ်မှူအဖွဲ့ဒါရိုက်တာ ဦးအေးသီဟနှင့် စစ်ကောင်စီဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပုလဲမွေးမြူထုတ်လုပ်ရေးကုမ္ပဏီ ၁၂ ခုရှိပြီး အဆိုပါကုမ္ပဏီများအားလုံးမှာ တနင်္သာရီတိုင်း မြိတ်ကျွန်းစုတွင် တည်ရှိသည်။

ထိုအထဲတွင် ပြည်စုံထက်မြင့် ကုမ္ပဏီလည်းတစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းကုမ္ပဏီသည် ကျပ်‌ငွေသန်း ၄,၀၀၀ ကျော် ရင်းနှီးမြှုပ်နှံပြီး ငလုံးလက်ဖက်ကျွန်းတွင် ပုလဲမွေးမြူရေးလုပ်ငန်း လုပ်ဆောင်နေသည့် ကုမ္ပဏီဖြစ်သည်။

ယခုအခါ လုပ်ငန်းတိုးချဲ့သည့်အနေအဖြင့် ကော့သောင်းမြို့မှ ၂ နာရီအကြာ လှေစီးသွားရသည့် ခက်ရင်းခွကျွန်းအနီးတွင် ပုလဲမွေးမြူရေးစီမံကိန်းအသစ်တစ်ခု အစပြုလာခြင်းဖြစ်သည်။

ပုလဲလုပ်ငန်းလုပ်ကိုင်နေသည့်ကုမ္ပဏီများသည် စစ်ကောင်စီသက်ဆိုးရှည်စေရေး ဘဏ္ဍာငွေရှာဖွေပေးနေသည့် ထောက်တိုင် တစ်ခုဖြစ်ကြောင်းMAGGA Initiative အဖွဲ့က ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

MAGGA Initiative မှာ ဒေသတွင်းလူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအတွက် အစဥ်တစိုက် လုပ်ကိုင်နေသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။

၎င်းအဖွဲ့မှ ထုတ်ပြန်ထားသည့် “အမေ့လျော့ခံ တန်ဖိုးများနှင့် မြိတ်ကျွန်းစုရှိ ပုလဲလုပ်ကွက်များ” အစီရင်ခံစာအရ ပုလဲလုပ်ငန်းမှ စစ်ကောင်စီထံသို့ နှစ်စဉ်ပျမ်းမျှ မြန်မာကျပ်ငွေ ၁၆ ဘီလီယံခန့် စီးဝင်နေသည်ဟုဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အဖက်ဖက်က ငွေလိုအပ်လာနေသည့် စစ်ကောင်စီသည် ပုလဲလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ခွင့်ပြုလာကြောင်းလည်း အစီရင်ခံစာကဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်ပိုင်း Vergin Pearl Enterprise Limited ဆိုသည့် ကုမ္ပဏီ အမည်ဖြင့် ဘုတ်ပြင်းမြို့နယ်၊ ကော့ရဲကြီးကျွန်းတွင် ပုလဲမွေးမြူရေးလုပ်ငန်းအသစ်တစ်ခု တင်ဒါအောင်ထားပြီး ကျွန်းစုမြို့နယ်၊ ဒိုမယ်ကျွန်းနှင့် လငန်းကျွန်းတန်းတွင် လက်ရှိပုလဲထုတ်လုပ်နေသည့် ဂျပန်ကုမ္ပဏီ မြန်မာတာဆာကီကလည်း ဒိုမယ်ကျွန်းဧရိယာရှိ မုံ့အော်တွင် ထပ်မံ၍ လုပ်ငန်းတိုးချဲ့နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည့်စုံထက်မြင့်ကုမ္ပဏီက ယခုတို့ချဲ့ ပုလဲမွေးမြူရေးလုပ်ကိုင်မည့် ခက်ရင်းခွကျွန်းသည် ရေအောက်သန္တာကျောက်တန်းများ အများအပြားရှ်ိပြီး အလွန်လှပသည့်ကမ်းခြေကို ပိုင်ဆိုင်ထားသည့်ကျွန်းဖြစ်သည်။

ကျွန်းပေါ်တွင် အဆင့်မြင့်ဘန်ဂလလိုများ တည်ဆောက်ထားပြီး ခရီးသွားလုပ်ငန်းလည်း လုပ်ကိုင်လျှက်ရှိသည်။

ထို့အပြင် ခက်ရင်းခွကျွန်းအနီးနားတွင် ‌မော်ကင်းဆလုံ တိုင်းရင်းသားများ နေထိုင်လျှက်ရှိသည်။

ပုလဲမွေးမြူရေးလုပ်ငန်းတည်ရှိရာနေရာ အနီးဝန်းကျင်ရေပြင်သို့ ဒေသခံများ ဝင်ထွက်သွားလာခွင့် ကန့်သတ်ခံရလေ့ရှိသည်။

မော်ကင်းဆလုံတိုင်းရင်းသားများမှာ ပုလဲမွေးမြူရေးလုပ်ငန်းတို့ကြောင့် ယခင်ကတည်းက နေစရာ ရှားပါးလာသည့် အခက်အခဲ၊ သားငါးရှာဖွေရ ခက်ခဲတို့နှင့် ရင်ဆိုင်လာနေကြသည်။

ထို့ကြောင့် မော်ကင်း ဆလုံတိုင်းရင်းသားတို့သည် ၎င်းတို့နေထိုင်ကျက်စားရာအနီးတွင် ပုလဲလုပ်ငန်းများတိုးချဲ့လာသည်ကို မလိုလားကြပေ။

အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်က ပုလဲလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်း ခွင့်မပြုရန် အစိုးရကို လက်မှတ်ထိုး တောင်းဆိုခဲ့ကြဖူးသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပုလဲမွေးမြူရေးလုပ်ငန်း အနီးအနားသို့ ဆလုံများအပါအဝင် ဒေသခံ ရေလုပ်သားများ ဖြတ်သန်းသွားလာခွင့်ကို ပိုမိုကန့်သတ်လာကြောင်း MAGGA Initiative က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည့်စုံထက်မြင့်ကုမ္ပဏီသည် ၎င်းတို့လုပ်ငန်းတိုးချဲ့မည့်နေရာအနီး နေထိုင်သည့်ဒေသခံများနှင့် ဆလုံတိုင်းရင်းသားတို့ အား ဆန်၊ ဆီ၊ ကြက်ဥ စသည့် အခြေခံစားသောက်ကုန်များ ပေးအပ်ပြီး စည်းရုံးခဲ့ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။