သိမ်ဇရပ်တွင် လက်နက်ကြီးကျ၍ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

0
795
ပုံစာ - လက်နက်ကြီး ကျည်ဆန်ထိမှန်ခဲ့သူ တစ်ဦး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ သုံးခွကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်မှ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က ကျောက်ပုံကြီးကွင်းနှင့် သုံးခွကျေးရွာများသို့ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးခွကျေးရွာနေ အသက် ၁၇ နှစ်အရွယ် မောင်ဇော်ဇော်အောင်နှင့် အသက် ၁၉ နှစ်အရွယ် မောင်လှမျိုးထွေးတို့ ပေါင်နှင့် ကျောတို့တွင်ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

“ဘာတိုက်ပွဲမှ မရှိဘဲ ကျေးရွာထဲ လက်နက်ကြီးပစ်တာ၊ ရွာအရှေ့ဘက်ခြမ်းက ဦးလေးတို့ နေအိမ်အနီး လက်နက်ကြီးကျသွားတာ၊ ကောင်လေးနှစ်ယောက်ထိသွားတယ်။ နေအိမ်မှာ နေရင်းလက်နက်ကြီးစ ထိမှန်သွားတာ”ဟုသုံးခွကျေးရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့် ဒေသခံလူငယ် ၂ ဦးကို သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်းသိရသည်။