တနင်္သာရီပကဖ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေ

0
1434
ပုံစာ - ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည့် ကလေးငယ်တစ်ဦး ဆေးကုသမှုခံယူနေစဉ်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတစ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ များပြားနေကြောင်း မြို့နယ်ပကဖ၏ ဆေးမှူးတာဝန်ခံက ပြောသည်။

ဇန်နဝါရီလဆန်းမှစကာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေခြင်းဖြစ်ပြီး အဆိုပါကျေးရွာတွင် လူဦးရေ တစ်ရာကျော် ရှိသည့်အနက် ခြောက်ဆယ်ရာခိုင်နှုန်းခန့် ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။

အဆိုပါကျေးရွာမှာ တနင်္သာရီမြစ်နှင့် နီးကပ်ပြီး အပူချိန်မြင့်တက်လာချိန်တွင် ရေခမ်းခြောက်လေ့ရှိကြောင်း ၎င်းက ပြောဆိုသည်။

“ရေနဲ့လည်းဆိုင်တယ်။ အပူချိန်မြင့်လာတော့ ရေခမ်းခြောက်လေ့ရှိတယ်။ မြစ်ရေသုံးတဲ့အခါမှာ ရေကို ကျိုချက်ပြီး မသောက်တဲ့အချိန်ကျတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်ပေါ့” ဟု အဆိုပါ ဆေးမှူးက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အဆိုပါကျေးရွာမှာ PDF စိုးမိုးနေရာတွင်တည်ရှိသဖြင့် အခြားမြို့များတွင် ဆေးကုသရန် သွားပါက စစ်ကောင်စီတပ်ဂိတ်များက အစစ်အဆေးတင်းကြပ်လေ့ရှိကြောင်း အထက်ပါဆေးမှူးက ဆိုသည်။

လက်ရှိတွင်ပင် ဆေးကုသနေရသူ ဆယ်ဦးဝန်းကျင်ရှိနေပြီး ဝမ်းပျက်ဝမ်းလျှောနှင့် ပတ်သက်သည့် ဆေးဝါးလိုအပ်ချက် ရှိသည့်အတွက် လှူဒါန်းလိုပါက တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ချိတ်ဆက်လှူဒါန်းနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် လကလည်း အဆိုပါကျေးရွာရှိ ဒေသခံများမှာ တုပ်ကွေးဖြစ်ပွားသူ များပြားခဲ့သေးကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆေးတပ်ဖွဲ့ထံမှ သိရသည်။