ထိုင်းက စစ်ကောင်စီနှင့် ညှိနှိုင်းပြီး လူသားချင်းစာနာမှုအကူအညီပေးမည်ဟုဆို

0
621
ပုံစာ - ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ဘက်သို့ ထွက်ပြေးလာသော ကရင်နီဒုက္ခသည်များ။ ဓာတ်ပုံ - The Nation

ထိုင်းနိုင်ငံအနေဖြင့် စစ်ကောင်စီနှင့် ညှိနှိုင်းပြီး မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန်ရောက်ရှိနေသော ထိုင်းဒုဝန်ကြီးချုပ်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်လည်း အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဒါးဗိုစ်မြို့တွင် ကျင်းပခဲ့သော ၅၄ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သော Parnpree Bahiddha-nukara က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် စည်းလုံးညီညွတ်ရေးကို မြှင့်တင်နိုင်ရန်လည်း ထိုင်းနိုင်ငံသည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန်အတွက်လည်း စေ့စပ်ညှိနှိုင်းကြရန် လိုအပ်ကြောင်း ၎င်းက ဆိုခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း လိုအပ်သလို ပံ့ပိုးပေးခဲ့ပြီး စစ်ပွဲများကြောင့် ထွက်ပြေးလာသော နယ်စပ်ရှိ မြန်မာစစ်ဘေးရှောင်များကို အဓိက ထောက်ပံ့ပေးခဲ့ကြောင်း ဒုဝန်ကြီးချုပ်က ပြောသည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့နိုင်ရေးအတွက် နည်းလမ်းများရှာရန် စစ်ကောင်စီနှင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Mirjana Spoljaric Egger နှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ယခုနှစ်အတွက် အလှည့်ကျအာဆီယံဥက္ကဋ္ဌဖြစ်သော လာအိုနိုင်ငံကို ထိုင်းအစိုးရအနေဖြင့် အသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံအတွင်း အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

သို့သော်လည်း ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ထောင်ချီကို မြန်မာနိုင်ငံထဲ ပြန်ခိုင်းနေခဲ့သဖြင့် အဆိုပါဒုက္ခသည်များစွာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေခဲ့ရကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) ကပြီးခဲ့သောနှစ် ဒီဇင်ဘာလအတွင်း ပြောကြားထားသည်။

Ref: Bangkok Post