ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးစွန့်ရန် မဘသဘုန်းကြီးတောင်းဆို

0
7003

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို စွန့်လွှတ်ပြီး အရပ်ဖက်ဝန်ကြီးချုပ် တာဝန်သာယူရန် စစ်တပ်ထောက်ခံပွဲတွင် မဘက ဘုန်းကြီးတစ်ပါးဖြစ်သည့် ပေါက်ကိုယ်တော် အရိယာဝံသက တောင်းဆိုလိုက်သည်။

စစ်တက္ကသိုလ်ရှိသည့် မေမြို့ ခေါ် ပြင်ဦးလွင်မြို့တွင် ဇန်နဝါရီလ ၁၆ ရက်က ကျင်းပသည့် စစ်တပ်ထောက်ခံပွဲ အခမ်းအနား စင်မြင့်ထက်မှ ပေါက်ကိုယ်တော်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အရပ်ဖက်ဝန်ကြီးချုပ် ရာထူးနှင့် ပိုမိုသင့်တော်ပြီး တပ်ချုပ်နေရာအတွက် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပိုမိုသင့်လျော်ကြောင်း ၎င်းက ဆိုသည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို “အရပ်ဖက် ဝန်ကြီးချုပ်ရာထူးတစ်ခုတည်း ပေးလိုက်ရင် မကောင်းဘူးလား” ဟု ပေါက်ကိုယ်တော်က စင်မြင့်ထက်မှာ ပြောဆိုချိန် စစ်တပ်ထောက်ခံသူများက “ကောင်းပါတယ်” ဟု ဟစ်ကြွေး ထောက်ခံခဲ့ကြသည်။ 

မဘသနှင့် စစ်တပ်ထောက်ခံသူများမှာ စစ်ခေါင်းဆောင်များအလိုကျ လုပ်ဆောင်ကြသူများဖြစ်သဖြင့် ယခုကဲ့သို့ ပြောဆိုခြင်းမှာ  ကြိုတင်ဇာတ်တိုက်ပြီး ပြောဆိုခြင်းသာဖြစ်ကြောင်း၊ အာဏာသိမ်းကာလ ၃ နှစ်ပြည့်ကာနီးတွင် ယခုကဲ့သို့ ပြောဆိုလာခြင်းမှာ စိတ်ဓာတ်ပျက်ပြားနေသော စစ်တပ်နှင့် စစ်တပ်မိသားစု ဝင်များကို လှည့်စားရန်ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။

လူထုကမူ စစ်အာဏာရှင် ပြုတ်ကျရေးကိုသာ လိုလားနေပြီး ခေါင်းဆောင်ပြောင်းလိုက်ရုံဖြင့် လူထုကို လှည့်စားအယုံသွင်းနိုင်မည်မဟုတ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

ပေါက်ကိုယ်တော်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘုရားတကာဟု သုံးနှုန်းကာ အရပ်ဖက်နှင့်သာ ကိုက်ညီသည်ဟု ပြောဆိုခဲ့ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်မှာ စစ်သားပိုပီသသောကြောင့် တပ်ချုပ်နေရာတွင် ခန့်အပ်သင့်ကြောင်းလည်း ပြောဆိုသည်။

မဘသ ဆရာတော်ဝီရသူ၏ တပည့်ရင်းဖြစ်သည့် ပေါက်ကိုယ်တော် အရိယာဝံသသည့် စစ်တပ်ထောက်ခံပွဲများတွင် ဦးဆောင်ပါဝင်လေ့ရှိသည့် ဘုန်ကြီးတစ်ပါးဖြစ်သည်။