မီးလောင်ပြင်က ကြောင်ရှာပုံတော်

0
1213

ဒေါ်ထွန်းရီက စိတ်မရှည်တဲ့လေသံ ပေါက်လာပြီ။

“သူ့ကြောင်လေး ရှာပေးလိုက်ကြပါဦး။ လူကဖြင့် ဘယ်မှာနေပြီး ဘယ်လိုစားရမယ် မသိရတဲ့ကြားထဲ ကြောင်ကိစ္စက တမှောင့်”

မီးလောင်ပြာကျသွားပြီဖြစ်တဲ့ အိမ်တွေကြားထဲ အသုံးပြုလို့ရနိုင်သေးတဲ့ ပစ္စည်းပစ္စယများကျန်သေးလား လိုက်ရှာ‌နေရင်း ဒေါ်ထွန်းရီက သူ့မြေးမလေးမာန်မဲလိုက်တာပါ။

အဖွားရဲ့ မာန်မဲသံကြောင့် သူ့မြေးမလေးကတော့ ငိုမဲ့မဲ့။

တစ်မနက်လုံးရှာပြီးပေမယ့် သူ့ကြောင်လေးအစနပင်မတွေ့ရသေး။ ကြောင်လေးနဲ့အတူ ခွေးလေးမနီပါပျောက်နေတာပါ။

“မီးမီးကြောင်နာမည်က နွန်ကိုင်း။ ဖေဖေမှည့် ပေးထားတာ” လို့ပြောပြီး အသက် ၈ နှစ်အရွယ် မခင်နီလာအောင် မျက်နှာပြုံးရိပ်သန်းလာပါတယ်။

ထားဝယ်စကား “နွန်”ဆိုတာက အစ်ကို လို့အဓိပ္ပါယ်ရပါတယ်။ လမ်းလျှောက်ရင် ကိုယ်လုံးလေးကိုင်းနေလို့ ကိုင်း။ နွန်ကိုင်း။ မြန်မာလိုဘာသာပြန်ရင် ကိုကိုင်း။ ဒါမှမဟုတ် မောင်ကိုင်း။

သူ့ကြောင်လေးက မြို့ကြီးပြကြီးတွေက အိမ်မွေးကြောင်တွေလို ဈေးကြီးပေးပြီး ဝယ်ထားတာမဟုတ်။ လည်ဆွဲခြူလေးလည်းမရှိ။ အမွေးပွပွ အကောင်တုတ်တုတ် မြင်သူတိုင်းချစ်တဲ့ လှတပတ အိမ်မွေးကြောင်တစ်ကောင် မဟုတ်ပါ။

အမှန်တကယ်တော့ ‌နွန်ကိုင်းလေးဟာ မခင်နီလာအောင်ရဲ့အဖွားက ကြွက်ခုပ်ဖို့ရည်ရွယ်ပြီး မွေးထားတဲ့ ကြောင်မကြီးမွေးလာတာပါ။ မွေးကတည်းက မျက်လုံးတစ်ဖက်မမြင်ရတဲ့ ဒုက္ခိတလေးဖြစ်ပါတယ်။

မခင်နီလာအောင်က ခွေးပေါက်စလေးကိုလည်း ချစ်တတ်သူပါ။ ကြောင်ကိုတော့သူအချစ်ဆုံး။ နွန်ကိုင်းလေးက ဒုက္ခိတလေးမို့ သနားပြီးပိုချစ်တာတဲ့။

“ညဆိုလည်း ကြောင်နဲ့ဖက်အိပ်တာသူက” လို့ သူ့အဖွားက ဝင်ထောက်ပါတယ်။

အခုတော့ သူ့ကြောင်လေးပျောက်နေရှာပါတယ်။ အဖွားကိုရှာခိုင်းလည်းမရ။ ‌သေများသေသွားပြီလား။

“သူ့ကြောင်လေးက မျက်စိတစ်ဖက်မမြင်ရဘူး‌ဆိုတော့ မီးလောင်ရင် (အိမ်ထဲကနေ) ထွက်ပြေးလို့မတတ်ဘဲ သေသွားမှာကိုစိုးရိမ်နေတာ” လို့ကွမ်းတမြုံ့မြို့ဝါးရင်း ဒေါ်ထွန်းရီကရှင်းပြပါတယ်။

သူ့မြေးမ ကြောင်ချစ်သူလေးကတော့ မျက်နှာမရွှင်မပြ။ သူ့ကြောင်ရှာပေးဖို့ကိုပဲ တတွတ်တွတ်ပူဆာနေရှာပါတယ်။

အဲဒီနားတဝိုက်မှာကလည်း ကြောင်ရှာပေးဖို့ ဘယ်သူမှမအားကြ။ စိတ်ရောလူပါ ပင်ပန်းဆင်းရဲနေကြရှာပါတယ်။ အိမ်မီးရှို့ဖျက်ဆီးခံထားရသူတွေ စုပြုံနေကြပြီး မီးမလောင်ပဲကျန်ခဲ့တဲ့ အထုတ်အပိုးတွေကို မြေကြီးပေါ်ဒီအတိုင်းပုံထားကြပါတယ်။

စစ်ကောင်စီတပ်က သူတို့အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ရှိသမျှ အဝတ်အစား၊ အိမ်‌အသုံးအဆောင် ပရိဘောဂမကျန်၊ စုထားဆောင်းထားတဲ့ ချွေးနည်းစာတွေပါအကုန် မီးနဲ့အတူလောင်ကျွမ်းပြာကျသွားခဲ့လေပြီ။

လူတိုင်းရင်ထဲ သောကအပူတွေနဲ့ လောင်းကျွမ်းနေလို့ နွန်ကိုင်းလေးကိုရှာချင်တဲ့ ကလေးတစ်ယောက်ရဲ့လိုအင် မဖြည့်ဆည်းပေးနိုင်ကြပေ။

အသက် ၈ နှစ်အရွယ် မခင်နီလာအောင်တစ်ယောက်သာ သူ့ကြောင်လေးအတွက် ပူပင်သောကရောက်နေရှာပါတယ်။

နွန်ကိုင်းသာအသက်ရှင်နေသေးရင် ဒီအချိန်ဆို သူ့အနားရောက်နေလောက်ပြီမဟုတ်လား။

“တကယ်လို့ မီးမီးကြောင်လေး သေသွားပြီဆိုရင် ဘယ်လိုလုပ်မလဲ” လို့မေးတော့ “ငိုမှာ” လို့ ပြန်ဖြေပါတယ်။

“အိမ်တစ်ဆောင်လုံး မီးဟုန်းဟုန်းတောက်လောင်နေတာကို သူ့ကြောင်လေးရောပါသွားပြီလားပဲ လူနားလာပြီး တတွတ်တွတ်မေးတာ” လို့ ဒေါ်ထွန်းရီက ဘေးကနေ ဝင်ပြောပါတယ်။

စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့နေတဲ့အချိန် ရွာသားတွေက လယ်ယာတွေထဲမှာ တိမ်းရှောင်နေကြရပါတယ်။ လောင်းကျွမ်းနေတဲ့ မီးတောက်၊ မီးလျှံတွေကို အဲဒီလယ်ထဲကနေ လှမ်းမြင်နေကြရတာပါ။

သူတို့တွေနေတဲ့ ကျောက်ဆင်ဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ နေအိမ် ၁၇ ဆောင်ပဲရှိပါတယ်။ အဲဒီအထဲက ၁၅ ဆောင်မီးရှို့ခံရပြီး ၁၂ ဆောင်ကတော့ လုံးဝပျက်စီးပြာကျ သွားခဲ့ပါတယ်။

ပြာပုံထဲ ကြောင်ပျောက်ရှာပုံတော်ဖွင့်နေတဲ့ မခင်နီလာအောင်ရဲ့ နေအိမ်လည်း မီးရှို့ခံရတဲ့အထဲပါဝင်ပါတယ်။

မီးလောင်ပြာကျသွားပြီဖြစ်တဲ့ နေအိမ်တွေတစ်ဆောင်ပြီးတစ်ဆောင် ဖိနပ်ဗလာနဲ့ ဖြတ်သွားနေပေမယ့် သူ့ခြေထောက်တွေ ဘာမှဖြစ်ဟန်မတူ။ ဖိနပ်ဗလာနဲ့ သွားနေကြဆိုတာ သိသာပါတယ်။

ခန္ဒာကိုယ် ပိန်းပိန်ပါးပါးနဲ့ ဂါဝန်ခပ်နွမ်းနွမ်းတစ်ထည် ဝတ်ထားပေမယ့် ဂုတ်အထိဝဲနေတဲ့ သူ့ဆံပင်တွေက ဖရိုဖရဲ။

ကြောင်တွေ့တိုင်း နွန်ကိုင်းလေးများဖြစ်နေမလား လိုက်ကြည့်ရင်း နေ့လယ် ၁၁ နာရီထိုးလို့ ထမင်းစားချိန်နီးလာပါပြီ။

ထမင်းချက်သူချက်၊ တာလပတ်အမိုးနဲ့ ယာယီတဲဆောက်သူဆောက်၊ အထုတ်အပိုးတွေ နေရာချသူချနဲ့ လူကြီးတွေအလုပ်ရှုပ်နေကြပါတယ်။ မခင်နီလာအောင်ရဲ့အဖေကိုတော့ မတွေ့ရ။ တဲဆောက်ပစ္စည်းတွေသယ်ဖို့ ရွာထဲ ထော်လာဂျီသွားငှားနေတယ်တဲ့။

ရွာဆိုလို့ မခင်နီလာအောင်ရဲ့ ရွာလေးအကြောင်း ပြောရဦးမယ်။ နာမည်က လေးသွန်းခံရွာ။ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာရှိပါတယ်။ BIA တပ်မတော်ရဲ့ ဗိုလ်မှူးကြီးဗထူး မွေးရပ်ဇာတိရွာလေးပါ။

ရွာထိပ်က မြေကွက်လပ်ကြီးမှာ ဗိုလ်မှူးကြီးဗထူး နှစ်တစ်ရာပြည့်အထိမ်းအမှတ် မော်ကွန်းဥယျာဉ်နဲ့ ကြေးရုပ်တုတည်ရှိပါတယ်။

ဗထူးကြေးရုပ်တုနဲ့ မော်ကွန်းဥယျာဉ်အရှေ့က သက်တမ်းရင့်ခရေပင်ကြီးရဲ့ နေပြောက်မထိုးနိုင်တဲ့အရိပ်အောက်မှာ မခင်နီလာအောင်တို့ဆော့ကစားနေကျ။

စစ်ကောင်စီတပ်က ဗိုလ်မှူးကြီးဗထူးရွာထဲကို ၂၀၂၃ ခုနစ် ဒီဇင်ဘာလ ၂၃ ရက်မှာ အင်းအားအလုံအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်တာပါ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို လိုက်လံရှာဖွေးရင်း စစ်ကြောင်းထိုးဝင်ရောက်လာတယ် ဆိုပေမယ့် သူတို့မီးရှို့လိုက်တဲ့ နေအိမ်တွေကတော့ အခြေခံလူတန်းစားရပ်ကွက်က သာမန်ပြည်သူတွေရဲ့ နေအိမ်တွေပဲဖြစ်နေပါတယ်။

မခင်နီလာအောင်တို့ရဲ့ မိဘတွေအပါအဝင် အဲနားတဝိုက်ကသူတွေဟာ ကျွဲကျောင်း၊ နွားကျောင်း၊ နေ့စားကျပန်းအလုပ် လုပ်ကိုင်ကြသူတွေပါ။ သူတို့နေရာလေးက နေအိမ်တွေဟာ ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်းတွေကများပါတယ်။

ထိုင်းနိုင်ငံလို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေသူအချို့သာ တစ်ထပ်တိုက်အိမ်လေးတွေ ဆောက်ပြီးနေနိုင်ကြပါတယ်။ ဒါကလည်း တစ်အိမ်စ၊ နှစ်အိမ်စပါပဲ။

စစ်ကောင်စီတပ်က ရွာထဲစစ်ကြောင်းထိုးလာချိန်‌ဆို တစ်ရွာလုံး၊ တစ်အိမ်လုံး ဘေးလွတ်ရာကို ပြောင်းပြေးကြရပါတယ်။

အိမ်မှာကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကတော့ ဗိုက်ဟောင်းလောင်းနဲ့ အစာငတ်ခံနေကြရပြီး သခင်ပြန်လာမယ့်အချိန်ကို စောင့်မျှော်နေတတ်ကြပါတယ်။

တစ်ချို့တွေဆို မိသားတစ်စုလုံး တစ်ခြားနေရာတစ်ခုကို ရက်အကန့်အသတ်မရှိ ပြောင်းရွေ့သွားတာကြောင့် အိမ်မွေးတိရိစ္ဆာန်လေးတွေခမျာ သခင်မဲ့ဘဝနဲ့ ကျန်ရစ်ခဲ့ကြပါတယ်။

အဲဒီအဖြစ်ရပ်တွေဟာ တိရိစ္ဆာန်ချစ်သူတွေအတွက် မခံမရပ်နိုင်တဲ့ကိစ္စတစ်ခုဆိုပေမယ့် မကြာခဏစစ်ကြောင်းထိုးခံနေရတဲ့ ဒေသတွေမှာတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုထက် မပိုတော့ပါဘူး။

တချို့အိမ်မွေးတိရိစ္ဆာန်တွေ‌ဆိုရင် သခင်ပြန်လာချိန် အိမ်မှာမရှိကြတော့။

အခုလည်း မခင်နီ‌လာအောင်ရဲ့ ဒုက္ခိတကြောင်လေး နွန်ကိုင်းဘယ်ရောက်လို့ ဘယ်ပေါက်သွားသည်မသိ၊ သေသလားရှင်သလားမ‌ပြောနိုင်။

ဒီဇင်ဘာလ ၂၈ ရက်တစ်နေ့တစ်ဝက်ကျော်အထိ ကြောင်ရှာပုံတော်ဖွင့်ရင်း ကုန်ဆုံးသွားပါတယ်။

ညနေ ၂ နာရီကျော်အချိန်။

“ဟိုး—မှာ နွန်ကိုင်းမဟုတ်ဘူးလား”

မခင်နီလာအောင်ဖခင်ရဲ့ ဝမ်းသာအားရ ‌အော်ဟစ်ညွှန်ပြသံကြောင့် တာလပတ်အမိုးတဲထဲ ရယ်ဒီမိတ်‌ကော်ဖီမစ်အထုတ်‌ ဖျော်သောက်နေတဲ့ မိသားစုဝင်တွေ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပါတယ်။

ဟုတ်ပါတယ်။ မီလောင်ထားတဲ့ တိုက်အိမ်တစ်ဆောင်အပေါ်မှာ အဖြူ၊ အဝါကွက်ကြား ကြောင်တစ်ကောင် အေးအေးလူလူ လမ်းလျှောက်နေတာတွေ့လိုက်ရပါတယ်။

ဝမ်းသာအားရ မခင်နီလာအောင်ပြေးထွက်သွားပြီး နွန်ကိုင်းလေးကိုပွေ့ချီလိုက်ပါတယ်။

တွေ့ပါပြီ။ ရှာတုန်းကမတွေ့ ၊ မရှာမှတွေ့တဲ့ နွန်ကိုင်းလေး။

“နွန်ကိုင်းကိုတွေ့တဲ့အချိန်က ဗိုက်အရမ်းဆာနေတယ်။ အိမ်မှာလူမရှိတာ နှစ်ရက်တောင်ရှိနေပြီလေ။ လူမရှိတော့ သူလည်းထမင်းမစားရဘူးပေါ့” လို့ ဒေါ်ထွန်းရီက ပြောပါတယ်။

သူ့ကြောင်လေးပြန်တွေ့မှပဲ မခင်နီလာအောင်လည်း မျက်နှာရွှင်ရွှင်ပြပြဖြစ်လာပြီး အခြားကလေးတွေနဲ့ အတူတူဆော့တာတွေ ဖြစ်လာတယ်လို့ဆိုပါတယ်။

ဒီကြားထဲ အိမ်မီးရှို့ခံရတာ၊ သူချစ်တဲ့ကြောင်လေးပျောက်သွားတာတွေပေါင်းပြီး ဘယ်လောက်များစိတ်ဒဏ်ရာ ရနေမလဲ။

“(အိမ်မီးလောင်နေတဲ့အချိန်) အိမ်ကိုလည်းစိတ်ပူတယ်၊ ကြောင်ကိုလည်းစိတ်ပူတယ်” လို့ မခင်နီလာအောင်က ပြောရှာပါတယ်။