စုဖွဲ့နိုင်ရေး အဖြေရှာလာသည့် တောင်ပိုင်းတော်လှန်ရေး အင်အားစုများ (၃)

0
1125

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံတွန်းလှန်စစ်နှင့်အတူ နိုင်ငံရေးအစုအဖွဲ့များလည်း အားကောင်းလာကြသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အင်အားစုအသီးသီးဖြင့်ဖွဲ့စည့်ထားသော မြို့နယ်အလိုက် နိုင်ငံရေးအင်အားစုများမှာ တနင်္သာရီတိုင်းအတွင်း ၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်ပေါ်ပေါက်လာသည်။

ထိုနောက် မြို့နယ်အစုအဖွဲ့များကို အခြေခံကာ ခရိုင်အလိုက် နိုင်ငံရေးဦးဆောင်အဖွဲ့များ၊ နိုင်ငံရေးအစုအဖွဲ့များ ဖွဲ့စည်းလာကြပြီး နိုင်ငံရေးအရစုစည်းရန် ကြိုးပမ်းကြသည်။

လက်ရှိအချိန်တွင်မူ ထားဝယ်၊မြိတ်၊ ကော့သောင်းခရိုင်အစုအဖွဲ့များက ၃ ခရိုင်စုစည်းကာ တိုင်းအဆင့်အစုအဖွဲ့တစ်ခု သို့မဟုတ် အားလုံးပါဝင်သည့် နိုင်ငံရေး ဦးဆောင်မှုတစ်ခုပေါ်လာစေရန် အားထုတ်နေကြသည်။

မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်အစုအဖွဲ့တွင် မပါဝင်သေးသည့် အစုအဖွဲ့များအနေဖြင့် တိုင်းအဆင့်တွင်ပါဝင်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းကာ တွေ့ဆုံဆွေးနွေးနေပြီဖြစ်သည်။

ယင်းကြောင့် ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့၏ လက်ရှိလုပ်ဆောင်နေမှုများနှင့် ယင်းလုပ်ဆောင်မှုများအပေါ် အင်အားစုအသီးသီးက မည်သို့ရှုမြင်ကြသည်များကို သိရှိနိုင်ရန်အတွက် အင်အားစုအသီးသီးမှ တာဝန်ရှိသူများကို တွေ့ဆုံကာ တနင်္သာရီပုံရိပ်အစီအစဉ်တွင် အပိုင်းလိုက် စီစဉ်တင်ဆက်သွားပါမည်။

ယခုအပတ်တွင် ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ ဦးဆောင်ကော်မတီဝင် ကိုဟိန်းထက်ကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

“ကျွန်တော်တို့ တွေ့ဆုံမယ့် စာရင်းထဲမှာ CRTH အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးပေါ့နော် အစုအဖွဲ့တွေလည်း ပါဝင်ပါတယ်”

ကိုဟိန်းထက်၊ ဦးဆောင်ကော်မတီဝင်၊ ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့

(ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ကို ခရိုင်အတွင်းရှိ မြို့နယ်လေးခုက တော်လှန်ရေးအင်အားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ၂၀၂၃ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းထားသည်)

DW ။ အခုဆိုရင် သုံးခရိုင်စုပေါင်းပြီးတော့ အစုအဖွဲ့တစ်ခုစုဖို့အတွက် လုပ်ဆောင်နေကြတာရှိတယ်ပေါ့ခင်ဗျား။ ဒီအဖွဲ့တွေက ဘယ်လိုပုံစံနဲ့စုဖွဲ့ပြီးတော့ ဘယ်လိုလုပ်မယ်လို့ ရည်ရွယ်ထားလဲခင်ဗျား။

ဖြေ ။ အထူးသဖြင့်ကတော့ သုံးခရိုင်မှာ ကျွန်တော်တို့ ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ရှိသလိုပဲ ကျန်တဲ့ခရိုင် ၂ ခုမှာလည်းပဲ ခရိုင်အဆင့်နိုင်ငံရေးအင်အားစုတွေရှိတယ်ပေါ့နော်။ ကျွန်တော်တို့ ၃ ခရိုင်နိုင်ငံရေးအစုအဖွဲ့တွေကတော့ ပြီးခဲ့တဲ့ ၂၀၂၃ (ခုနှစ်)စက်တင်ဘာလလောက်ကတည်းနေပြီးတော့ တွေ့ဆုံမှုတွေ ပုံမှန်ရှိတယ်ပေါ့နော်။ အခုကတော့ ကျွန်တောတို့ ၃ ခရိုင်နိုင်ငံရေးအင်အားစု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်ပေါ့။ သူကတော့ ယာယီသက်တမ်းပဲဗျ။ ခရိုင် ၃ ခရိုင် ပေါင်းလိုက်တယ်ပေါ့ဗျား။ ပေါင်းပြီးရင် ကျွန်တော်တို့က အဓိကကတော့ တိုင်းအဆင့်နိုင်ငံရေး ပလက်ဖောင်း တစ်ခုပေါ်လာဖို့ရည်ရွယ်တယ်။ကျွန်တော်တို့က သက်ဆိုင်ရာတိုင်းအဆင့်ရှိတဲ့ အစုအဖွဲ့တွေပေါ့။ တော်လှန်ရေးအစုအဖွဲ့ နိုင်ငံရေးဆိုင်ရာ အစုအဖွဲ့တွေကို ကျွန်တော်တို့တွေ့ဆုံမယ်။ တွေ့ဆုံပြီးရင်အားလုံးပါလာနိုင်တဲ့ တွေ့ဆုံမှုတစ်ခုကို ပြုလုပ်မယ်။ အဲဒီတွေ့ဆုံမှုကနေတဆင့် တနင်္သာရီတိုင်းရဲ့ အနာဂတ်နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုသွားကြမယ်ဆိုတာကို အဲဒီတွေ့ဆုံမှုကနေတဆင့်ပဲ ဆုံးဖြတ်သွားမယ်ပေါ့နော်။

ဆိုတော့ ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ကတော့ နည်းနည်းပြန်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင် ခရိုင်တစ်ခုချင်းစီရှိတယ်။ အဲဒီခရိုင်တစ်ခုချင်းစီမှာ နိုင်ငံရေး တော်လှန်ရေးအဖွဲ့တွေကို စုပေးပြီးထားတယ်ပေါ့။တချို့သော အစုအဖွဲ့တွေသည် ပါဝင်လာသေးတာ မရှိသေးဘူး။တချို့သောအစုအဖွဲ့တွေသည် မြို့နယ်အဆင့် ခရိုင်အဆင့်မဟုတ်ဘဲနဲ့ တိုင်းအဆင့်ပေါ့နော်။ တိုင်းအဆင့်စုဖွဲ့မှုတွေရှိတယ်ပေါ့။ အဲဒီတိုင်းအဆင့်စုဖွဲ့မှုတွေကို လိုက်ပြီးတော့ တစ်ဖွဲ့ချင်းစီနဲ့ လိုက်ပြီးတွေ့တယ်ပေါ့။အခုကတော့ လိုက်တွေ့နေတဲ့ အခြေအနေဖြစ်တယ်ပေါ့။

ခုနက ကျွန်တော်တို့ ၃ ခရိုင်နိုင်ငံရေးအင်အားစုများပူးပေါင်းညှိနှိုင်းရေးအဖွဲ့အနေနဲ့ကတော့ ၂ လ အတောအတွင်းထဲမှာ တိုင်းထဲမှာရှိတဲ့ တိုင်းအဆင့် ခရိုင်အဆင့် အစသဖြင့်ပေါ့လေ။အဲလိုအစုအဖွဲ့တွေကို လိုက်လံတွေ့ဆုံမယ်။ ၂ လပြီးတဲ့အချိန် မှာဆိုရင် တွေ့ဆုံမှုတွေပြီးလို့ ၁၀ ရက်အတောအတွင်းထဲမှာအားလုံးပေါ့။ အခုကျွန်တော်တို့ လိုက်တွေ့ထားတဲ့အဖွဲ့ တွေကို အားလုံးအပါအဝင်နဲ့ တွေ့ဆုံပွဲကြီးတစ်ခုလုပ်မယ်။ အဲဒီတွေ့ဆုံပွဲကနေပြီးပဲ တနင်္သာရီတိုင်းရဲ့အနာဂတ်ကို ဘယ်လို သွားကြမယ်။ဘယ်အစုအဖွဲ့ပုံစံတွေ ဘယ်လိုပုံစံနဲ့ ပါဝင်ကြမယ်။ကိုယ်စားပြုမှုတွေက ဘယ်နှစ်ဦးပါကြမယ်ဆိုတာတွေကို အဲဒီဆွေးနွေးပွဲကနေ ဆွေးနွေးဆုံးဖြတ်သွားမှာဖြစ်တယ်ပေါ့ခင်ဗျား။

ဆိုတော့ ပြောချင်တာက ကိုယ်ကတော့ လိုက်စုပေးတာပေါ့ခင်ဗျား ပြောချင်တာက။လိုက်စုပေးနေတယ် ၃ ခရိုင်အနေနဲ့ လိုက်စုပေးနေတယ်။ ကျန်တဲ့ အစုအဖွဲ့တွေကိုလည်း။ မြို့နယ်အဆင့် ခရိုင်အဆင့်မှာ မပါနိုင်သေးတဲ့အဖွဲ့တွေ၊ တိုင်းအဆင့်ရှိတဲ့အဖွဲ့တွေကို လိုက်စုပေးနေတယ်။ လိုက်စုပေးပြီးရင် ကျွန်တော်တို့လည်း ခရိုင်နိုင်ငံရေးအစုအဖွဲ့အနေနဲ့ stakeholder (သက်ဆိုင်သူ) တစ်ခုအနေနဲ့ အစုအဖွဲ့တစ်ခုအနေနဲ့ ဝင်ပါမယ်။ ပြီးရင်အားလုံးလာကြပြီးရင် အဲဒီမှာထိုင်ပြီးစကားပြောကြမယ်။

အခုသုံးခရိုင်ပူးညှိနှိုင်းရေးအဖွဲ့အနေနဲ့ နာမည်လည်း မသတ်မှတ်ထားဘူး။ ရှေ့ဆက်ပြီးတော့ တိုင်းအဆင့်နိုင်ငံရေး ပလက်ဖောင်းတစ်ခုအနေနဲ့ဆိုတာလောက်ပဲ ကျွန်တော်တို့ရည်ရွယ်ထားတယ်ပေါ့။ အခုကတော့ အားလုံးတွေ့ဆုံးပြီတဲ့အချိန်ကျမှ အစုအဖွဲ့ကို အမည်နာမရွေးတဲ့ကိစ္စတွေ၊ ကိုယ်စားပြုမှုကိစ္စတွေ ရှေ့ဆက်ပြီးတော့ နိုင်ငံရေးအရအခင်းအကျင်းတွေပေါ့လေ။ ဒါတွေကို ဘယ်လိုလုပ်ကြမယ်ဆိုတာတွေကို အားလုံးတွေ့ဆုံတဲ့အစည်းအဝေးကနေပဲ ဆုံးဖြတ်ပြီးလုပ်ရမယ့်ပုံစံမျိုးကို ကျွန်တော်တို့ သွားနေတာပေါ့ခင်ဗျား။

DW ။ ဆိုတော့ အခုလို သုံးခရိုင်စုဖွဲ့ပြီး နိုင်ငံရေးအခင်းအကျင်းအရ ဆက်သွားမယ့်အနေအထားကရော တော်လှန်ရေးအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှုတွေ ရှိလာနိုင်မလဲခင်ဗျား။

ဖြေ ။ အခုကတော့ ကျွန်တော်တို့ သုံးခရိုင်နိုင်ငံရေးအစုအဖွဲ့တွေအနေနဲ့ အားလုံးပါဝင်လာမယ့် အခင်းအကျင်းအတွက်ကို ကြိုးစားနေကြတယ်ပေါ့။ အားလုံးပါဝင်လာဖို့အတွက်။ သုံးခရိုင်ရဲ့ရည်ရွယ်ချက်ကလည်း တနင်္သာရီတိုင်းမှာ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ဆိုတာက တော်လှန်ရေး၊ နိုင်ငံရေးအစုအဖွဲ့အားလုံးပါဝင်လာတဲ့ တွေ့ဆုံမှုအခင်းအကျင်းကပဲ ကျွန်တော်တို့တိုင်းရဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ အနာဂတ်ဖယ်ဒရယ်ယူနစ်ကိစ္စတွေကို ဆွေးနွေးဆုံးဖြတ်ရမယ်လို့ ကျွန်တော်တို့ သုံးခရိုင်စလုံးက တူညီတဲ့ဘုံသဘောထားရှိတယ်ပေါ့နော်။ ဆိုတော့ ဒီအတိုင်းပဲ ကျွန်တော်တို့ အကောင်အထည်ဖော်နေခြင်း ဖြစ်တယ်ပေါ့။

အခုကတော့ ခရိုင်သုံးခရိုင်မှာတော့ တတ်နိုင်သမျှမြို့နယ်အဆင့်တွေမှာ ပါသင့်ပါထိုက်တဲ့အစုအဖွဲ့တွေကို စုထားတယ်။ သုံးခရိုင် အခုထပ်စုတယ်။စုပြီးတဲ့အချိန်ဆို မပါလာသေးတဲ့ ကျန်သောအစုအဖွဲ့တွေပါလာအောင် တွေ့နေကြတယ်။ ပြီးတဲ့အချိန်ဆို အားလုံးပါလာတဲ့ အခင်းအကျင်းမျိုးကို လုပ်ဆောင်နိုင်ခဲ့ပြီးဆိုတော့ သေချာတယ် တနင်္သာရီတိုင်းရဲ့နိုင်ငံရေး ။ လတ်တလော ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ တနင်္သာရီဖယ်ဒရယ်ယူနစ်ကိစ္စရပ်တွေကို ချောချောမွေ့မွေ့နဲ့ ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်ပေါ့။

ဆိုတော့ အဲလိုမျိုး နိုင်ငံရေးအရ စုစည်းမှုရှိသွားပြီ။ နိုင်ငံရေးအရ အားကောင်းခိုင်မာတဲ့ အခြေအနေရှိလာပြီဆိုရင် တော်လှန်ရေးဆိုင်ရာကိစ္စရပ်တွေပေါ့။ ဒီကိစ္စတွေလည်း အော်တိုတွဲပြီးတော့ အကောင်းဘက်အခြေအနေဆီ ဦးတည်လာမယ်လို့ ယုံတယ်ပေါ့။

DW ။ ဆိုတော့လေ ပြီးခဲ့တဲ့လပိုင်းက CRTH က ပြဌာန်းခဲ့တဲ့ ကြားကာလအစီအမံ(ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေ)ပေါ့လေ။ ဒီလိုမျိုးCRTH အုပ်စုတွေနဲ့ရော အကိုတို့ အစုအဖွဲ့အနေနဲ့ ဘယ်လိုပုံစံနဲ့ သွားဖို့ရှိမလဲခင်ဗျား။

ဖြေ ။ CRTH နဲ့ ပတ်သက်လာရင် ကျွန်တော်တို့တတွေသည် အရင်ကတည်းက ကျွန်တော်တို့မြို့နယ်စုဖွဲ့မှု ခရိုင်စုဖွဲ့တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေပေါ့။ CRTH အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေပါ အစုအဖွဲ့တစ်ခုအနေနဲ့ ပါနေခဲ့ကြတယ်ပေါ့။ အခုချိန်အထိလည်း နုတ်မထွက်ကြသေးဘူးပေါ့ ပါနေဆဲလို့ ပြောလို့ရမယ့်အခြေအနေဖြစ်တယ်ပေါ့။ ဒီလိုအခြေအနေမှာ CRTH အနေနဲ့ ဥပဒေပြဌာန်းတယ်ပေါ့ ကော်မရှင်ဥပဒေပေါ့။ ဆိုတော့ ကော်မရှင်ဥပဒေပြဌာန်းတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးဖြစ်တယ်။ ကျွန်တော်တို့ ခရိုင်တစ်ခုတည်း မဟုတ်ဘဲနဲ့ သုံးခရိုင်နိုင်ငံရေးအင်အားစုတွေ အဖွဲ့တွေ ပြီးရင် ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တော်တော်များများ စုပေါင်းပြီး ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးဖြစ်တယ်ပေါ့။ အဲဒီထုတ်ပြန်ချက် သဘောထားအတိုင်းပဲ ဖြစ်တယ်ပေါ့။ ကျွန်တော်တို့သည် CRTH မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကို ဖယ်ဒရယ်ချာတာ အထူးပေးထားချက်အရ ကျွန်တော်တို့တတွေသည် လက်ခံတယ်။ ကျွန်တော်တို့တိုင်းရဲ့ နိုင်ငံရေးဆိုင်ရာ အခင်းအကျင်း နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်တဲ့အချိန်မှာ ဒီအစုအဖွဲ့သည် ပါကိုပါရမယ်ဆိုတာကို မြို့နယ်နိုင်ငံရေးဦးဆောင်အဖွဲ့ ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ အားလုံးက အလေးအနက်လက်ခံထားတယ်။ ယုံလည်း ယုံကြည်ထားတယ်ပေါ့။

တစ်ဖက်မှာက ဥပဒေသာ ကျွန်တော်တို့အားလုံးရည်ရွယ်ထားသလိုပဲ အားလုံးပါဝင်လာတဲ့ အခင်းအကျင်းမဟုတ်တဲ့ အခြေအနေဖြစ်လို့ အစုအဖွဲ့တစ်ခုကနေ ဦးဆောင်တဲ့ပုံစံမျိုး လုပ်တဲ့ပုံစံမျိုးလုပ်ဆောင်သွားလို့သာ ကျွန်တော်တို့ လက်မခံတာဖြစ်တယ်ပေါ့နော်။ အခု သုံးခရိုင်နိုင်ငံရေးအင်အားစုများ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့အနေနဲ့ ကျွန်တော်တို့ တွေ့ဆုံမယ့် စာရင်းထဲမှာ CRTH အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးပေါ့နော် အစုအဖွဲ့တွေလည်း ပါဝင်ပါတယ်ဆိုတာပေါ့နော်။

DW ။ နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ဆိုရင် အခုဆိုရင် တိုင်းထဲမှာရှိတဲ့အစုအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီပေါ့လေ။ ဆိုတော့ ဘယ်နှစ်ဖွဲ့လောက်နဲ့ တွေ့မယ်လို့ ရည်မှန်းထားလဲ။နောက်ပြီးတော့ နောက်ဆုံးအချိန်သတ်မှတ်ချက်ကရော ဘယ်လိုသတ်မှတ် ထားလဲခင်ဗျား။

ဖြေ ။ အခုဆိုရင် သက်ဆိုင်ရာနိုင်ငံရေးအင်အားစု ခရိုင်အလိုက်စာရင်းပြုစုထားတာရှိတယ်။ အဖွဲ့အစည်း ပေါင်းကတော့ အတိအကျအခုအချိန်အထိတော့ ပြောမနိုင်သေးဘူးပေါ့နော်။ တချို့အဖွဲ့တွေက အခုချိန်အထိ အလျင်းသင့်သလို ထပ်တိုးတာတွေ ပြင်ဆင်တာတွေ ဖြည့်စွက်တာတွေ နေတဲ့အတွက်ပေါ့နော်။ ဆိုတော့ သေချာတာတစ်ခုကတော့ တိုင်းအတွင်းမှာ ပါသင့်ပါထိုက်တဲ့ တိုင်းအဆင့်ရှိတဲ့ အစုအဖွဲ့တွေပေါ့နော်။ တချို့ခရိုင်အစုအဖွဲ့တွေဆိုပေမယ့် တိုင်းမှာပဲပါမယ်ဆိုတဲ့ အစုအဖွဲ့တွေကို အလေးအနက် ထားပြီးတော့ တွေ့နေပါတယ်ပေါ့ခင်ဗျား။

DW ။ အကြမ်းဖျင်းပြောမယ်ဆိုရင် ဆယ်ချီရှိမယ်လို့ ပြောလို့ရတယ်ပေါ့နော် ခင်ဗျား။

ဖြေ ။ ဟုတ် ဒီလိုပြောလို့ရမှာပေါ့ခင်ဗျား။

DW ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြားဖြည့်စွက်ပြောဖို့ရှိလားခင်ဗျား။

ဖြေ ။ သေချာတာတစ်ခုကတော့ ၂၀၂၄ မှာ ကျွန်တော်တို့က နိုင်ငံရေးဆိုင်ရာပေါ့နော်။ တနင်္သာရီတိုင်းမှာ နိုင်ငံရေးဆိုင်ရာ စုစည်းမှုတွေ အားကောင်းဖို့လိုလာတယ်။အားကောင်းဖို့လိုလာတဲ့အချိန်မှာ အခုကျွန်တော်တို့တတွေ သုံးခရိုင်နိုင်ငံရေး အင်အားစုများ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့အနေနဲ့ အားလုံးပါဝင်လာတဲ့အခင်းအကျင်းကပဲ တနင်္သာရီတိုင်းရဲ့ နိုင်ငံရေး အကျပ်အတည်း အရွေ့ကိုသွားဖို့အတွက် အခုလိုက်လံတွေ့ဆုံနေတဲ့အခြေအနေကနေတဆင့်ပေါ့နော်။အားလုံးပါဝင်ပေးဖို့အတွက် အားလုံးပါဝင်ပြီးတော့ အတူတကွ တနင်္သာရီတိုင်းရဲ့အနာဂတ်ကို လုပ်ဖို့အတွက်ဖြစ်တယ်ပေါ့။ နိုင်ငံရေးအရ ဒီလိုစုစည်းမှုရှိပြီဆိုရင် သေချာတယ်။ ပြည်သူတွေ လိုလားတဲ့ ပြည်သူ့အောင်ပွဲပေါ့နော်။ တော်လှန်ရေးဆိုင်ရာအရွေ့တွေ တော်လှန်ရေးဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုတွေပေါ့လေ။ စုစည်းမှုတွေလည်း အများကြီး လတ်တလောအခြေအနေထက် ပိုရှိလာပြီးတော့ ပြည်သူတွေအားလုံးမျှော်လင့်တဲ့ ကျွန်တော်တို့အားလုံးမျှော်လင့်တဲ့ အောင်ပွဲနဲ့ပိုပြီးတော့နီးကပ်လာမယ်ပေါ့။