ထားဝယ်တွင် အိမ်ငှားနေသူများ ဧည့်စာရင်းစရိတ် အကုန်အကျများလာ

0
1108

ထားဝယ်မြို့ပေါ် တွင် အိမ်ငှားနေထိုင်သူများ ဧည့်စာရင်းစရိတ် ပိုမိုကုန်ကျလာကြောင်း အိမ်ငှား နေထိုင်သူများ ထံမှသိရသည်။

ယခင်က ဧည့်စာရင်းစရိတ် ကျပ် ၂၀၀၀ဖြင့် တစ်လ တစ်ကြိမ်သာ တိုင်ရပြီး ပြီးခဲ့သော ဒီဇင်ဘာလ တတိယပတ်ကစပြီး ၁၅၀၀ ကျပ်ဖြင့် တစ်ပတ်တစ်ကြိမ် တိုင်နေရကြောင်း မြို့ပေါ် အိမ်ခန်းငှားနေသူအချို့က ပြောသည်။

ထို့ကြောင့် ယခင်ကထက် ဧည့်စာရင်းစရိတ် တစ်လလျှင် ကျပ် လေးထောင်ခန် ပိုမိုကုန်ကျလာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပေါ် အိမ်ခန်းငှားနေသူတစ်ဦးကပြောသည်။

“အခုဆို တစ်လလောက်ရှိတော့မယ်။ အပတ်တိုင်းတိုင်နေရတာ” ဟု ၎င်းကပြောသည်။

ဧည့်စာရင်းစရိတ် တိုးလာသည့်အပြင် ယခင်က တင်းကျပ်လာကြောင်းလည်း အိမ်ခန်းငှားရမ်း နေထိုင်သူတို့က ဆိုသည်။

တစ်ပတ်တစ်ကြိမ် တိုင်လာရပြီးနောက်ပိုင်း အိမ်ငှားနေထိုင်သူများ၏ ဓာတ်ပုံ၊ ဖုန်းနံပါတ်များကိုလည်း တစ်ပါတည်း တောင်းခံလာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“အခု တစ်ပတ်တစ်ကြိမ် တိုင်ရတယ်။ စစ်တာလည်း မပြောနဲ့။ ဘယ်သူ့သား၊ ဘယ်သူ့မြေး ဘယ်လိုတော်။ ဧည့်စာရင်း တစ်ခါတိုင်ရတာ ကျားဖင်ထဲဝင်သလိုပဲ” ဟု အိမ်ငှားနေထိုင်သူ များသည့် ဝဲကျွန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ရက်နေ့က PDF တပ်ဖွဲ့ဝင်များ ထားဝယ်မြို့ပေါ် ရောက်ရှိလာသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက်ထားဝယ်မြို့ပေါ်တွင် ယခုကဲ့သို့ ဧည့်စာရင်းတင်းကျပ်လာခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ဆ) ကို ၂၀၁၆ ခုနှစ် ပယ်ဖျက်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီ က ပြန်လည်အစားထိုးကျင့်သုံးခဲ့သည်။

ပုဒ်မခွဲ (ဆ) မှာ အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှ ညဉ့်အိပ်ညဉ့်နေ လာရောက်တည်းခိုသော ဧည့်သည်များ အတွက် ဧည့်စာရင်းတိုင်ကြားခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်လျှင် အရေးယူခြင်းဟုဆိုထားသည်။

သို့သော် ပုဒ်မ ၃၃တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေးတစ်စုံတစ်ရာတောင်းခံခြင်းမပြုရဟုဆိုထားသောလည်း အိမ်ငှားနေသူများမှာ ငွေကြေးပေးဆောင်နေရဆဲဖြစ်သည်။