ချွန်ဘူရီတွင် MoU မြန်မာလုပ်သား ၇၀ ကျော် ရောင်းစားခံရပြီး ဒုက္ခရောက်နေ

0
731

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် တရားဝင်လာရောက် လုပ်ကိုင်သော မြန်မာအလုပ်သမား ၇၀ ကျော်သည် ရောင်းစားခံရသည့် အပြင် အလုပ်လည်း ပုံမှန်မလုပ်ရသဖြင့် ဒုက္ခရောက်နေကြကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

အဆိုပါအလုပ်သမားများသည် နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် လာရောက် လုပ်ကိုင်ကြသူများဖြစ်သည်။ 

မြန်မာအလုပ်သမား ၇၁ ဦးကို မြန်မာအေဂျင်စီ Moe Thit Yan က ထိုင်းနိုင်ငံ ပထုံဌာနီရှိ Apisit ကုမ္ပဏီတွင် လုပ်ကိုင်ရန် ၂ နှစ်စာချုပ်ချုပ်ဆို၍ ပြီးခဲ့သောနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ ရောက်သောအခါ စာချုပ်ပါလုပ်ငန်းခွင်သို့ မဟုတ်ဘဲ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ပို့ဆောင်ခံရကြောင်း အလုပ်သမားများက ပြောသည်။

စာချုပ်ပါ Apisit ကုမ္ပဏီသူဌေးက မြန်မာအလုပ်သမား ၇၀ ကျော်ကို တစ်ဦးလျှင် ဘတ် ၂၀၀၀ ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။

“မင်းတို့သူဌေးကတော့ မင်းတို့ကို ငါ့ဆီမှာ တစ်ယောက်ကို ဘတ် ၂၀၀၀ နဲ့ လာရောင်းစားသွားတယ်တဲ့။ ဒီ ၂၀၀၀ ကို ကျွန်တော်တို့ လုပ်အားခထဲကနေ ခေါင်းပုံဖြတ်တဲ့သဘောနဲ့ ပြန်ပေးခဲ့ရတာ” ဟု ၎င်းက ပြောဆိုသည်။

လုပ်ငန်းခွင်သို့ ရောက်ရှိသောအခါတွင်လည်း အလုပ်ပုံမှန်မဆင်းရဘဲ တစ်လလျှင် ၁၈ ရက်ခန့်သာ ဆင်းခဲ့ရပြီး လုပ်အားခကိုလည်း တစ်လခန့် နောက်ကျပြီးမှသာ ထုတ်ပေးခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ 

လုပ်အားခမရသည့်ကာလအတွင်း စားသောက်နေထိုင်ရေးကို ချေးငှားဖြေရှင်းခဲ့ရပြီး မြစ်ထဲတွင်လည်း ငါးဖမ်း၊ ကန်စွန်းရွက်ခူး၍ ရှာဖွေစားသောက်ခဲ့ရသေးကြောင်း မြန်မာအလုပ်သမားများက ပြောသည်။ 

ထို့ကြောင့် ကူညီဖြေရှင်းပေးရန် မြန်မာအလုပ်သမားများက မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း WAG အဖွဲ့ထံသို့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။

အလုပ်မဆင်းရသည့်ကာလအတွင်း လုပ်အားခ ၇၅ ရာခိုင်နှုန်း ပြန်ရရန်၊ အလုပ်အသစ်ပြန်ရှာပေးရန်နှင့် အလုပ်ထွက်စာ ထုတ်ပေးရန် မြန်မာအေဂျင်စီနှင့် ဆက်သွယ်ညှိနှိုင်းပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

သို့သော်လည်း အေဂျင်စီဘက်က အလုပ်ထွက်စာတစ်ခုသာ ထုတ်ပေးခဲ့ပြီး ကျန်ကိစ္စများကို တာဝန်ယူ ဖြေရှင်းပေးမှု မရှိခဲ့သည့်အပြင် အကြောင်းအရင်း မသိရဘဲ မြန်မာအလုပ်သမားများထံမှ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းသည် မဖြစ်သင့်ကြောင်း အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

“မင်းတို့ အဲဒီမှာနေ အဲဒီမှာလုပ်ပေါ့။ သူက ရောင်းစားတဲ့ပုံစံမျိုးပဲ။ ဘယ်လိုဖြစ်ဖြစ် စမတ်ခ (အလုပ်ရှာဖွေခ) ဆိုတာ ပြောပိုင်ခွင့်မရှိဘူး။ အေဂျင်စီ MoU နဲ့ လာတယ်ဆိုတာက ရောင်းစားပိုင်ခွင့် မရှိဘူး။ ဒါက ရောင်းစားတဲ့ ပုံစံ အနေအထား ဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

အလုပ်သမားများက သံရုံးထံသို့ ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း ပြန်လည်ဆက်သွယ်ပြီး တိတိကျကျဖြေရှင်း ပေးခဲ့ခြင်း မရှိသည့်အပြင် အေဂျင်စီနှင့်သာ ဖြေရှင်းရန် ပြောဆိုခဲ့ကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။

လက်ရှိတွင်လည်း အလုပ်အသစ်ရှာဖွေရန်အတွက် အလုပ်ရှာဖွေခ မရှိဘဲ ဖြစ်နေခဲ့ကြပြီး အလုပ် မရှိသေးသဖြင့် စားသောက်နေထိုင်ရေးအတွက်လည်း အခက်အခဲများစွာ ကြုံတွေ့နေခဲ့ရကြောင်း အလုပ်သမားများက ပြောသည်။

အဆိုပါကိစ္စနှင့် ပက်သက်၍ မြန်မာအေဂျင်စီ Moe Thit Yan ထံသို့ ဖုန်းဆက်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားပေးခဲ့ခြင်းမရှိပေ။

အလုပ်မဆင်းရသည့် ရက်များတွင် လုပ်အားခ ၇၅ ရာခိုင်နှုန်း ထိုင်းဥပဒေအရ ပြန်လည်တောင်းဆိုသွားမည်ဖြစ်ပြီး အလုပ်အသစ် ရရှိရန်လည်း ကူညီသွားမည်ဖြစ်ကြောင်း WAG ထံမှ သိရသည်။  

ထိုင်းသို့ MoU စနစ်ဖြင့် တရားဝင် လာရောက်လုပ်ကိုင်သော်လည်း အေဂျင်စီနှင့် မြန်မာသံရုံးဘက်က တာဝန်ယူမှု အားနည်းနေသဖြင့် မြန်မာအလုပ်သမားများ ဒုက္ခရောက်မှု ပိုများလာခဲ့ပြီး နောက်လာရောက် လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအနေဖြင့် ဆောက်လုပ်ရေးကို မရွေးစေလိုကြောင်း ကိုမုန်တိုင်းက ပြောသည်။