တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1223

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၅ ရက်နေ့အထိ

အစ္စရေးအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲချက်ဖြင့် လူပေါင်း ၃၄ ဦးကို တူရကီဖမ်းဆီး

အစ္စရေးထောက်လှမ်းရေးဌာန Mossad အတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး မသင်္ကာသူ ၃၄ ဦးကို တူရကီအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဒါအပြင် နောက်ထပ် ၁၃ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေဆဲပါ။

တူရကီအစိုးရရှေ့နေရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးအနေနဲ့ ပြည်နယ် ၈ ခုက နေရာပေါင်း ၅၇ နေရာကို ရဲတပ်ဖွဲ့က တပြိုင်နက်တည်း စီးနင်းရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မသင်္ကာသူတွေက နိုင်ငံခြားသားတွေကို ရှာဖွေစောင့်ကြည့် ထောက်လှမ်းတာတွေ တိုက်ခိုက်တာတွေ ပြန်ပေးဆွဲတာတွေလုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း အစ္စရေးဘက်က ဖော်ပြထားပါတယ်။

Ref: BBC

………………………………..

ဂျပန်နှစ်သစ်ကူးနေ့ ငလျင်ကြောင့် သေဆုံးသူ ၉၂ ဦးအထိရှိ

ဂျပန်နိုင်ငံ အလယ်ပိုင်း နှစ်သစ်ကူးနေ့ ဇန်နဝါရီလ ၁ ရက်နေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် လူအနည်းဆုံး ၉၂ ဦးအထိ သေဆုံးခဲ့ပါတယ်။

Ishikawa (အီရှီကာဝါ) စီရင်စုကမ်းရိုးတန်းဒေသမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၆ ရှိတဲ့ မြေငလျင်ကြောင့် အိမ်တွေ လမ်းတွေ တော်တော်များများ ပျက်စီးခဲ့တာပါ။

ဆူဇူနဲ့ ဝါဂျီးမားမြို့တွေ့က အများဆုံး ပျက်စီးခဲ့ကြပြီး အဆောက်အဦ အပျက်အစီးတွေကြားထဲမှာ လူဘယ်လောက် ပိတ်မိနေတယ်ဆိုတာကို အတိအကျ မသိရသေးပါဘူး။

လူပေါင်း ၂၄၀ ကျော်အထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်မှုရဲ့ နောက်ဆက်တွဲအဖြစ် တမီတာကျော်အထိမြင့်တဲ့ ဆူနားမီ ရေလှိုင်းတွေလည်း ဒေသတွင်းကို ရိုက်ခတ်ခဲ့ပါသေးတယ်။

Ishikawa စီရင်စုအတွင်းက အိမ်ထောင်စု သောင်းချီကလည်း ‌ရေခဲနီးပါး အေးလွန်းတဲ့ ရာသီဥတုအောက်မှာ လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

Ref: BBC

………………………………..

ယူကရိန်းနဲ့ ရုရှား စစ်သုံ့ပန်းရာချီ လဲလှယ်

ရုရှားနဲ့ယူကရိန်းတို့ဟာ စစ်သုံ့ပန်း ရာနဲ့ချီ နှစ်ဘက် လဲလှယ်ခဲ့ကြောင်း ဇန်နဝါရီလ ၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ယူကရိန်းအရာရှိတွေက သူတို့ရဲ့စစ်သား ၂၃၀ ကို ရုရှားကပြန်လွှတ်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားစစ်သား ၂၄၈ ဦးကလည်း ယူကရိန်းကနေ နေရပ်ကိုပြန်ရောက်လာခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

တဖက်မှာတော့ စစ်ပွဲက နှစ်နှစ်နီးပါးကြာလာနေပြီး တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲပါ။

ဇန်နဝါရီ ၂ ရက်နေ့ကတော့ ယူကရိန်းမြို့တော် ကိဗ်နဲ့ ခါကိဗ်ဒေသတွေမှာ ရုရှားဘက်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့လို့ လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၃၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

Ref: BBC

………………………………..

တိုကျိုရထားပေါ်တွင် အမျိုးသား ၄ ဦး ဓားနှင့် တိုက်ခိုက်ခံရ

ဂျပန်နိုင်ငံ တိုကျိုမြို့တော် အာကိဟာဘာရ (Akihabara) ဘူတာရုံက ရထားတစ်စင်းပေါ်မှာ ဇန်နဝါရီလ ၃ ရက်နေ့က ဓားကိုင်ထားတဲ့အမျိုးသမီးတစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသား ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ယာမာနိုတဲ (Yamanote) ရထားလမ်းကြောင်းအတိုင်း ပြေးဆွဲနေတဲ့ရထားပေါ်မှာ အမျိုးသမီး တစ်ဦးက ဓားနဲ့ တိုက်ခိုက်နေခဲ့တာပါ။

အသက် ၂၀ အရွယ်ရှိ ထိုအမျိုးသမီးကိုတော့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဒဏ်ရာရ အမျိုးသား ၄ ဦးရဲ့ အသေးစိတ် အခြေအနေကို မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

နိုင်ငံပိုင်သတင်းဌာနတွေမှာတော့ အသက် ၃၀ ကနေ ၆၀ ကြား လူ ၄ ဦးမှာ နောက်ကျောနဲ့ လက်မောင်းတွေမှာ ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဖော်ပြထားကြပါတယ်။

Ref: The Japan Time

………………………………..

အီရန်တွင် ပေါက်ကွဲမှုကြောင့် လူ ၈၄ ဦးသေဆုံး

အီရန်နိုင်ငံက ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးသေဆုံးတဲ့ နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုမှာ ဗုံးပေါက်ကွဲလို့ လူ ၈၄ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက အမေရိကန်ရဲ့ အဝေးထိန်းဒရုန်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ အီရန်တော်လှန်ရေးအစောင့်တပ် Quds တပ်ဖွဲ့ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမန်နီး (Qassem Soleimani) ရဲ့ သင်္ချိုင်းနေရာမှာ နှစ်ပတ်လည်ဆုတောင်းပွဲ ကျင်းပနေတာပါ။

ဒီဗုံးပေါက်ကွဲမှုကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ အီရန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒီဗုံးတွေဟာ ၁၅ မိနစ်စီခြားပြီး ပေါက်ကွဲခဲ့ပြီး IS စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

Ref: BBC

………………………………..

ဒုတိယနှစ်ဝက်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဗြိတိန်ဝန်ကြီးချုပ် မျှော်လင့်ထား

ဗြိတိန်မှာ ဒုတိယနှစ်ဝက်အတွင်း ပြည်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak) က ဇန်နဝါရီ ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မေလမှာ ရွေးကောက်ပွဲကို စောစောကျင်းပဖို့ တောင်းဆိုချက်တွေကိုတော့ သူက ပယ်ချခဲ့တာပါ။

ဒီကြားထဲမှာ လက်ရှိအစိုးရအနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်စရာတွေ အများကြီးရှိနေလို့ ဒီနှစ် ဒုတိယနှစ်ဝက်ကျမှ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်နိုင်မယ်လို့ ယူဆတယ်လို့ သူက ဆိုထားပါတယ်။

ရွေးကောက်ပွဲမှာ ဆူးနက်ခ်ရဲ့ ကွန်ဆာဗေးတစ်ပါတီဝင်တွေဟာ အဓိကအတိုက်အခံ လေဘာပါတီနဲ့ အကြိတ်အနယ် ယှဥ်ပြိုင်ရဖွယ် ရှိနေပါတယ်။

Ref: Aljazeera

………………………………..

အမေရိကန်တွင် အထက်တန်းကျောင်းပစ်ခတ်မှု ကျောင်းသားတစ်ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်က အထက်တန်းကျောင်းတစ်ကျောင်းမှာ ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ၆ တန်းကျောင်းသားစ်ဦး သေဆုံးခဲ့ပါတယ်။

နောက်ထပ် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ပစ်ခတ်မှုဖြစ်တဲ့ Perry အထက်တန်းကျောင်းမှာ ကျောင်းသား ၈၀၀၀ လောက်ရှိနေပါတယ်။

သေနတ်ဒဏ်ရာရသူသုံးဦးကို Dens Moines မြို့က ဆေးရုံတစ်ရုံကို လူနာတင်ယာဉ်နဲ့ သယ်ဆောင်သွားခဲ့ပါတယ်။

ကျန်ဒဏ်ရာရသူတွေကိုတော့ နောက်ထပ်ဆေးရုံကို ပို့ဆောင်ခဲ့တာပါ။

ပစ်ခတ်သူလို့ သံသယရှိတဲ့ ကျောင်းသားကတော့ သူ့ကိုယ်သူပစ်တဲ့ သေနက်ဒဏ်ရာနဲ့ပဲ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုထားပါတယ်။

Ref: ABC News

………………………………..

ခရီးသည် ၃၀၀ ကျော်ပါ ဂျပန်လေယာဥ် ပြေးလမ်းကိုဆင်းစဉ် တိုက်မိပြီးမီးလောင်

ခရီးသည်နှင့်ဝန်ထမ်း ၃၇၉ ဦး လိုက်ပါလာခဲ့တဲ့ ဂျပန်လေကြောင်းပိုင် ခရီးသည်တင် လေယာဥ်တစ်စီး တိုကျိုမြို့က ဟာနဲဒါလေဆိပ် (Henada) ပြေးလမ်းကို ဆင်းသက်ချိန်မှာ အခြားလေယာဉ်တစ်စီးနဲ့ တိုက်မိခဲ့လို့ မီးလောင်သွားခဲ့ပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့ ညနေပိုင်းက ပြေးလမ်းကို ဆင်းသက်ချိန် ငလျင်ဒဏ်ခံရတဲ့ နေရာတွေကို ထောက်ပံ့ပစ္စည်း ပို့ဆောင်ပေးနေတဲ့ ကမ်းခြေစောင့်လေယာဥ်တစ်စီးနဲ့ တိုက်မိခဲ့တာပါ။

လေယာဥ်ပေါ်ပါ ခရီးသည်နဲ့ ဝန်ထမ်းအားလုံးကို ဘေးလွတ်ရာ အချိန်မီ ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမဲ့လည်း တစ်ဖက်လေယာဉ်ပေါ်လိုက်ပါလာတဲ့ ၆ ဦးထဲက ၅ ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိ အပျက်အစီး အတိုင်းအဆကို သိရှိနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

Ref: CNN

………………………………..

တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် လီဂျေးမြောင် မီဒီယာများနှင့် တွေ့ဆုံနေချိန် ဓားဖြင့်ထိုးခံရ

တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် လီဂျေးမြောင်ဟာ မီဒီယာတွေကို ဖြေကြားနေချိန်မှာ လည်ပင်းကို ဓားနဲ့ အထိုးခံလိုက်ရပါတယ်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေးမြောင်ဟာ ဘူဆန်မြို့မှာရှိတဲ့ ဆိပ်ကမ်းတစ်ခုရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဇန်နဝါရီ ၂ ရက်နေ့က သွားရောက်ကြည့်ရှုနေတာပါ။

မီဒီယာတွေ ရောက်ရှိလာခဲ့ပြီး မေးခွန်းတွေ မေးနေချိန်မှာပဲ့ လူတစ်ဦးက လီဂျေးမြောင်ရဲ့ လည်ပင်းကို ဓားဖြင့်ဝင်ထိုးခဲ့ပါတယ်။

စစ်ဆေးမှုအရ ဓားဒဏ်ရာက တစ်စင်တီမီတာပဲ့ ဖြစ်လို့ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဆိုထားပါတယ်။

ဓားနဲ့ထိုးသူကိုတော့ ရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးလိုက်နိုင်တယ်လို့ ဆိုပြီး အကြောင်းအရင်းကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: BBC

………………………………..

နှစ်သစ်မှာ မွေးဖွားတဲ့ အမေရိကန်က အမွှာနှစ်ဦး မွေးနှစ် မွေးလမတူ

အမေရိကန်ပြည်ထောင်စု အမြွှာညီအစ်ကို ၂ ဦးဟာ မိနစ်ပိုင်းပဲ ခြားပြီး မွေးဖွားလာပေမဲ့ မွေးနှစ်၊ မွေးလ မတူညီခဲ့ပါဘူး။

အမွှာနှစ်ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်မှာ မီးဖွားလိမ့်မယ်လို့ ဆရာဝန်တွေက သတ်မှတ်ပေးထားတာပါ။

ဒါပေမဲ့ နှစ်သစ်ကူးညမှာ ရေမြွှာပေါက်ပြီး ဗာတူအာဗော်ဟီးဆေးရုံကို တက်ခဲ့ရပါတယ်။

အက်ဇရာလို့ အမည်ရတဲ့ သားအကြီးလေးကို နှစ်သစ်ကူးည ၁၁ နာရီ ၄၈ မိနစ်အချိန်မှာ မွေးဖွားခဲ့ပြီး သားငယ် အက်ဇကီယယ်ကိုတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက် ၁၂ နာရီ ၂၈ မိနစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သားအကြီးလေးက ၆ ပေါင်ရှိပြီး သားငယ်ကတော့ ၄ ပေါင်၊ ၁၄ အောင်စ ရှိပါတယ်။

Ref: CBS News

………………………………..