ဘုတ်ပြင်းတွင် တောဆင်ရိုင်းတိုက်ခိုက်သဖြင့် ခြံလုပ်သားတစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

0
780
ပုံစာ - တောဆင်ရိုင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအမျိူးသား

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာက ဒေသခံ ခြံအလုပ်သမားနှစ်ဦးကို တောဆင်ရိုင်း တိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်က ထောင်ငါးသိုင်းကျေးရွာအုပ်စု ချောင်းမွန်ငါးကျေးရွာက အသက် ၃၀ ကျော်အရွယ် ကိုကျော်လွင်ဆိုသူ တောဆင်ရိုင်းတိုက်ခိုက်ခံရသဖြင့် ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးရုံတင်ပို့ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ယင်းနောက် ဒီဇင်ဘာလ ၂၄ ရက်တွင် အဆိုပါဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည်။

ထိုနေ့တွင် ဝါးချောင်းကျေးရွာအုပ်စု ပန်းဖုံချောင်ရွာသားတစ်ဦးလည်း တောဆင်ရိုင်း တိုက်ခိုက်ခံခဲ့ရသဖြင့် ဒဏ်ရာရှိပြီး ဆေးရုံတင်ပို့ထားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီနားမှာက တောဆင်ရိုင်းတွေက အကောင်သုံးဆယ်လောက်ရှိတယ်။ သူတို့ ဆီအုန်းခြံတို့၊ ဥယျာဉ်ခြံတွေထဲမှာ အစာလာရှာကြတာ။ အဲဒါကြောင့် ဒီဖက်မှာဆိုရင် ခြံလုပ်တဲ့သူတွေက တောဆင်ရိုင်းကို တော်တော်ကြောက်ရတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ဘုတ်ပြင်းမြို့နယ်တွင် တောဆင်ရိုင်းအန္တာရယ်နှင့် ရင်ဆိုင်နေရသည့် ကျေးရွာပေါင်း ၂၀ ခန့်ရှိပြီး အဆိုပါကျေးရွာတို့တွင် တောဆင်ရိုင်းအသတ်ခံရသည့်ဖြစ်စဉ်တို့လည်း မကြာခဏ ဖြစ်ပွားလျှက် ရှိသည်။

အဆိုပါဒေသတွင် တောများကို ခုတ်ထွင်ရှင်းလင်းပြီး ဥယျာဉ်ခြံအဖြစ်ဖော်ထုတ်လာခြင်း၊ ဆီအုန်းခြံများတည်ထောင် လာခြင်းကြောင့် လူနှင့် တောဆင်ရိုင်းအကြား စာကျက်လုသည့် ပြဿနာပေါ်ပေါက်လာခဲ့သည်။

ထားဝယ်-မြိတ်- ကော့သောင်းသွား ပြည်ထောင်စုကားလမ်းပေါ်သို့လည်း တောဆင်ရိုင်းများရောက်လာလေ့ရှိသဖြင့် ဆင်နှင့် ခရီသည်တင်ကားများ ထိပ်တိုက်တွေ့ကြလေ့ရှိကြသည်။