ပြည်ပရောက်အလုပ်သမားတွေရဲ့ သောက

0
868

ပြည်ပရောက် မြန်မာအလုပ်သမားများအပေါ် ဝင်ငွေခွန်ကောက်ခံရန် စစ်ကောင်စီက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစကာ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ထမ်းဆောင်ရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာလုပ်သားအများစုရှိ ထိုင်းနိုင်ငံတွင် စက်ရုံ၊အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေအလုပ်သမားစသည့် အခြေခံအလုပ်သမားများ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ လစဉ် ၁၅၀ ဘတ် ပေးသွင်းရမည်ဖြစ်သည်။

လစဉ်အခွန် ၂ ရာခိုင်နှုန်း ပေးသွင်းပါက ၇၅၀၀ ဘတ်နှင့် ညီမျှသည့် မြန်မာငွေကို ငွေဖြူအဖြစ်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံပြန်ရောက်ချိန် အိမ်၊ခြံ၊မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်ပစ္စည်းများဝယ်ယူရာတွင် ငွေဖြူစာရင်းအပေါ် တွက်ချက်၍ ဝင်ငွေခွန်လျော့ပေါ့ပေးမည်ဟု မက်လုံးပေးထားသည်။

သက်ဆိုင်ရာ သံရုံးနှင့် ကောင်စီဝန်ရုံးများတွင် နိုင်ငံကူးလက်မှတ်အသစ်လဲချိန်နှင့် သက်တမ်းတိုးချိန်၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက်တမ်းတိုးချိန်နှင့် အသစ်လုပ်ချိန်စသည့် ရုံးလုပ်ငန်းများလုပ်ဆောင်ချိန်တွင် ဝင်ငွေခွန်ပေးဆောင်ရမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီက အလုပ်သမားများထံမှ အခွန်ရရေး နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသော်လည်း ပြည်ပရောက် မြန်မာလုပ်သားများ လုပ်ငန်းခွင်ဖိနှိပ်ခံရခြင်း၊ လုပ်သားအခွင့်အရေး ချိုးဖောက်ခံရခြင်းများ အပါအဝင် လုပ်ငန်းခွင်အတွင်း ပြဿနာများဖြစ်လာပါက မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံးများက ဖြေရှင်းပေးရန် ခေါင်းရှောင်လေ့ရှိသည်။

လုပ်သားများအတွက် စစ်ကောင်စီက ထိရောက်သောကာကွယ် စောင့်ရှောက်မှု မပေးမှုအပေါ် အလုပ်သမားများက ထောက်ပြကြပြီး အခွန်ဆောင်ရန် ငြင်းဆန်နေကြသည်။

ယင်းအပြင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ ဝင်ငွေနည်းပါးခြင်း၊ ပန်းရောင်ကတ်နှင့် CI ကဲ့သို့ တရားဝင်အထောက်အထားအတွက် ကုန်ကျငွေများပြားနေချိန်တွင် စစ်ကောင်စီ၏ ဝင်ငွေခွန်ကောက်မည့် ကြေညာချက်ကြောင့် ပိုမိုကျပ်တည်းနေကြရသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ထိုင်းရောက်မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ပြည်ပရောက် အလုပ်သမားအချို့ကို မေးမြန်းကာ တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“တစ်ခုခုဖြစ်လို့ ‘တိုင်တော့မယ်ဟေ့ အကူအညီတောင်းတော့မယ်ဟေ့’ ဆိုရင် ဒီသံရုံးက ခေါင်းတောင် ထွက်မလာတော့ဘူး။ ခေါင်းပြတ်နေသလိုပဲ။ ဟော ပိုက်ဆံကိစ္စဆိုရင် အသံကျယ်လာတာမှ ရပ်ကွက်ထဲက လော်ကြီးလိုပဲ”

မဟာချိုင်ရှိ မြန်မာအလုပ်သမားတစ်ဦး

DW ။ စစ်ကောင်စီက မြန်မာအလုပ်သမားတွေအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအဖြစ် တစ်လကို ဘတ် ၁၅၀ ကောက်ခံမယ်လို့ ထုတ်ပြန်ထားတာပေါ့နော်။ဒီလိုအခွန်ဆောင်ထားကြောင်းလက်မှတ်ပြေစာမရှိရင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာတွေ၊ CI သက်တမ်းတိုးတာတွေ မလုပ်ပေးဘူးဆိုပြီး ထုတ်ပြန်တာပေါ့နော်။ ဆိုတော့ ဒီလိုမျိုးကောက်ခံလာတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တယ်ဆိုတာ လုပ်ခလစာ လက်ဝယ်များများ ကိုင်ဆောင်ရတယ်ကို မရှိဘူး။ သက်တမ်းတိုး၊ (ဗီဇာ) Visa၊ Work Permitဖိုးနဲ့ သူ့အရိုးနဲ့ သူထိုးပြီး စုမိဆောင်းမိတယ်ကို မရှိဘူး။ ကြားထဲ စစ်ကောင်စီက ၂ရာခိုင်နှုန်း အခွန်ဆောင်ခိုင်းနေတာကိုလည်း လက်မခံနိုင်ဘူး။ ကိုယ့်လူမျိုး သက်သာပြေလည်ရဲ့လား။ ဘယ်လိုရပ်တည်နေရတာလဲ။ တစ်ချက်မေးမြန်းမှု မရှိဘူး။ သူတို့အိတ်ထဲ ထည့်မယ်ဆိုတာချည်းပဲ။ ဘယ်လိုမှလက်သင့်ခံနိုင်စရာမရှိဘူး။ ရတဲ့လစာကလည်း ဟိုဖြတ်ဒီဖြတ်နဲ့ လုပ်ရတာ မတန်တော့သလိုခံစားရတယ်။ ကျွန်လိုရုန်းလည်း နင်းပြားဘဝကနင်းပြားပဲ။ လူမွေးတောင် ပြောင်မလာဘူး။ ကိုယ့်လူမျိုးကိုချစ်တယ် စာနာတယ်ဆိုရင် သူတို့ခံစားချက်ကိုနားထောင်ပါ။ စာနာသနားပါ။

DW ။ လက်ရှိအချိန်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ခလစာက နည်းတဲ့အပြင် ပန်းရောင်ကတ်၊ work permit ၊ CI အတွက် ကုန်ကျငွေတွေနဲ့ အကုန်အကျများနေချိန်မှာ စစ်ကောင်စီက အခွန်ပါကောက်တော့မယ်ဆိုတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ ဒါကတော့ စစ်ကောင်စီက မြန်မာလူမျိုး အလုပ်သမားတွေအပေါ်ကို နည်းနည်းတောင် ငဲ့ညှာသနားတယ်လို့ မခံစားရဘူး။ ဒီလောက် အလုပ်သမားတွေ ကုန်ကျစရိတ်တွေများနေတာ တစ်နှစ်နဲ့ တစ်နှစ် အသုံးစရိတ်တောင် လည်ပတ်အောင် ပြေလည်အောင် မနည်းဖြေရှင်နေရတဲ့အပေါ်မှာ ဒီလိုမျိုးလုပ်တာက ဘယ်လိုမှ လက်သင့်ခံနိုင်စရာ မရှိဘူးပေါ့နော်။

DW ။ တစ်ဖက်မှာလည်း လုပ်ခလစာကနည်းတယ်ဆိုတော့ ဒီလိုမျိုးအခွန်ကောက်တာက မြန်မာအလုပ်သမားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲ။

ဖြေ ။ ဒီလိုမျိုး အခွန်ကောက်တာက အလုပ်သမားတွေအပေါ် အများကြီး သက်ရောက်မှုရှိလာနိုင်တယ်။ ရှိလာနိုင်တယ်မဟုတ်ဘူး။ ရှိကိုရှိနေတာ။ သူတို့ရဲ့ တစ်ကိုယ်ရေတစ်ကာယ အသုံးစရိတ်။ ဒီနိုင်ငံမှာ နေမှုထိုင်မှု စားမှုသောက်မှုကိုတောင် ပြေလည်အောင် မနည်းရုန်းကန်နေရတဲ့အချိန်မှာ ဒီလိုမျိုးအခွန်ကောက်လာမယ်ဆိုရင်တော့ အရင်တုန်းကထက်စာရင် ပိုပြီး ရုန်းကန်လာရမယ်။ ခြိုးခြံချွေတာပြီးတော့ နေရမယ်။ လူမှုရေး ကျန်းမာရေး အသွားအလာ ပိုပြီး နှောင့်နှေးလာမယ်။ ဒီလိုပြဿနာမျိုးတော့ ရှိလာနိုင်တယ်။ တစ်နေ့ ထမင်းစားတာ ရေသောက်တာမျိုးတွေတောင် အလုပ်သမားတွေ ချွေတာပြီး မိသားစုထောက်ပံ့နိုင်ဖို့ ရုန်းကန်လှုပ်ရှားနေရတာကိုး ။ အအေးလေးတစ်ဘူးသောက်ဖို့တောင်တွေဝေစဉ်းစားနေရသေးတယ်။ ဒီထက်ပိုပင်ပန်းလာဖို့ပဲ ရှိတော့မှာပေါ့။

DW ။ မြန်မာသံရုံးအပါအဝင် စစ်ကောင်စီအဖွဲ့တွေက မြန်မာလုပ်သားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးတာမျိုး မရှိဘူးလို့ ပြောဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်ပေါ့နော်။ ဆိုတော့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေကို အကူအညီပေးတာမျိုးမရှိဘဲ အခုလိုအခွန်ကောက်လာတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ တာဝန်ယူမှု တာဝန်ခံမှုတော့ ဘာမှမရှိဘဲနဲ့ အသင့်စား လစာတွေတော့ ယူချင်ကြတယ်။ တကယ်ဆိုရင် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက် တကယ်ကို တရားဝင် တကယ်ကို အကျိုးရှိတဲ့နေရာတွေမှာ ကူညီဖြေရှင်းပေးတယ်ဆိုရင် ဒီလောက်အခွန်လေးဆောင်ရတာ မပြောပလောက်ဘူးပေါ့နော်။ ဒါပေမယ့် အခုက ကိုယ့်အတွက် ဘာအကျိုးကျေးဇူးမှမရှိဘဲနဲ့ အခွန်ဆောင်ရမယ့်အပေါ်မှာတော့ နည်းနည်းလေးတော့ စိတ်ထဲ ကသိကအောက်ဖြစ်တယ်ပေါ့နော်။ လက်ရှိ တစ်ခုခုဖြစ်လို့ ‘တိုင်တော့မယ်ဟေ့ အကူအညီတောင်းတော့မယ်ဟေ့’ ဆိုရင် ဒီသံရုံးက ခေါင်းတောင် ထွက်မလာတော့ဘူး။ ခေါင်းပြတ်နေသလိုပဲ။ ဟော ပိုက်ဆံကိစ္စဆိုရင် အသံကျယ်လာတာမှ ရပ်ကွက်ထဲက လော်ကြီးလိုပဲ။

DW ။ တခြားဖြည့်စွက်ပြောချင်တာမျိုးရှိလား။

ဖြေ ။ ဘာမှတော့ ထွေထွေထူးထူး မပြောချင်တော့ပါဘူးရှင်။

“သက်သက်မဲ့ သူများလုပ်အားခ ခေါင်းပုံဖြတ်နေတာပဲ ကျွန်မက မြင်တယ်ရှင့်”

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာအလုပ်သမားတစ်ဦး

DW ။ စစ်ကောင်စီက မြန်မာအလုပ်သမားတွေအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအဖြစ် တစ်လကို ဘတ် ၁၅၀ ကောက်ခံမယ်လို့ ထုတ်ပြန်ထားတာပေါ့နော်။ ဆိုတော့ ဒီလိုမျိုးကောက်ခံလာတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ စစ်ကောင်စီက အခု အလုပ်သမားတွေအပေါ် ဝင်ငွေခွန်ဘတ် ၁၅၀ ဖြတ်မလို့ပေါ့။ ကျွန်မဆို အိမ်မှာ အခုဆို မှီခိုအလုပ်သမားဖြစ်နေတာပဲ။ တစ်လလုံးနေမှ လစာဆိုလို့ တစ်ပြားမှ မဝင်ဘူး။ ထိုင်းနိုင်ငံမှာ နေတဲ့အတွက် CI တို့ ပတ်စ်ပို့တို့ ဘတ်တို့ (ပန်းရောင်ကတ်) အကုန်လုပ်ရတယ်လေ။ အခွန်တွေပါ ဆောင်လာရမယ်ဆို ကျွန်မအတွက်တော့ အတော်လေး ပင်ပန်းလာမယ်ရှင်။ အခွန်သာမဆောင်ဘူးဆိုရင် CI တို့ နိုင်ငံကူးလက်မှတ်တို့ လုပ်လို့မရတော့ဘူးဆို တော်တော်လေး ပင်ပန်းနေပြီ။ ဒီနိုင်ငံမှာ နေနေတဲ့အတွက်က ဒီစာအုပ်တွေမရှိရင်လည်း နေလို့မရဘူးလေ။ ဒီနိုင်ငံမှာနေရင် ဒီရန် (ထိုင်းရဲ) ကိုကာကွယ်ဖို့ ကိုယ့်ဘက်က အရင်လုပ်ထားရတယ်။ ဆောင်ထားရတယ်။ ဒါတွေမရှိရင် သွားမရ လာမရ ဘယ်လောက် ဒုက္ခရောက်ရသလဲရှင်။ ဒါကို အခွန်ဆောင်မှ လုပ်ပေးမယ်ဆိုတော့ ဘယ်လိုမြင်လဲဆို သက်သက်မဲ့ သူများလုပ်အားခ ခေါင်းပုံဖြတ်နေတာပဲ ကျွန်မက မြင်တယ်ရှင်။ သူတို့မှာ မရှိတော့လို့ထင်တယ်။ သူများလုပ်အားခ ချွေးနဲစာတွေကို လိုက်ကောက်နေတာ။

DW ။ လက်ရှိအချိန်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ခလစာက နည်းတဲ့အပြင် ပန်းရောင်ကတ်၊ work permit ၊ CI အတွက် ကုန်ကျငွေတွေနဲ့ အကုန်အကျများနေချိန်မှာ စစ်ကောင်စီက အခွန်ပါကောက်တော့မယ်ဆိုတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ လက်ရှိလုပ်ထားတဲ့ Work Permit တွေ CI တွေရဲ့ ကုန်ကျစရိတ် များတာကတော့ မပြောနေနဲ့တော့။ အခု ရှမ်းပြည် (ထိုင်း) လာတာ ၂ နှစ်ပြည့်တော့မယ်။ တစ်နှစ်လုံးလုံးက ဘတ်ဖိုးနဲ့ CI ဖိုးနဲ့ပဲ နပန်းလုံးရင်း ပြီးသွားတာ။ အကြွေးတွေဆပ်ရင်း သံသရာလည်နေတာပဲ။ အတူတူလုပ်တဲ့အစ်မမှာဆိုရင် ပွဲစားရဲ့ ညံ့ဖျင်းမှုကြောင့် Work Permit သက်တမ်းတိုးတာမှာ မမီလိုက်လို့ ဘတ်အသစ်တွေပြန်တင်လိုက်ရတယ်။ ဒါလေးလုပ်တာကိုတောင် အကုန်လုံး ဘယ်လောက်ကုန်လဲဆိုရင် ဘတ် ၁၉၀၀၀ ကုန်တယ်လေ။ လူအစားထိုးနဲ့ လုပ်ထားရလို့ ပိုကုန်တာ။ ဒါပြီးသေးလားဆို မပြီးသေးဘူး။ အခုသက်တမ်းပါထပ်တိုးရမှာရှင်။ ဒါကို ဖြေလျှော့ပေးအောင် ကြံပေးဖန်ပေးမယ်မရှိဘူး။ စကစက အခွန်ပါထပ်ကောက်မှာဆိုတော့ အလုပ်သမားတွေအနေနဲ့က ပိုပြီးတော့ ပင်ပန်းစေတာပဲ။

DW ။ တစ်ဖက်မှာလည်း လုပ်ခလစာကလည်းနည်းတယ်ဆိုတော့ ဒီလိုမျိုးအခွန်ကောက်တာက မြန်မာအလုပ်သမားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲ။

ဖြေ ။ လုပ်ခလစာကနည်းတယ်ဆိုတာက အလုပ်သမားတွေလည်း များလာနေတာလေ။ ပြည်တွင်းအခြေအနေအရ အကုန်ပြောင်းလာရတဲ့သူ များလာတာဆိုတော့ ပိုများလာတာပေါ့။ ပြည်တွင်းမှာ ဘယ်သူတွေပဲနေလို့ရလဲဆိုတော့ သက်ကြီးရွယ်အိုတွေနဲ့ နေမကောင်းတဲ့သူပဲကျန်တာ။အရွယ်ရောက်နေတဲ့လူတိုင်းက ဒီဘက်လာပြီး ထွက်လာရှာစား (အလုပ်လုပ်)ရတယ်။ ဒီဘက်ရောက်တော့ အလုပ်ကမရှိပြန်ဘူး။ အလုပ်ကလည်း မကျွမ်းကျင်နေသေးတော့ ရတဲ့အလုပ်က လုပ်အားခနည်းတာပေါ့။ ဥပမာ စူရတ်မှာဆိုရင် လုပ်အားခ ဘယ်လောက်ဆိုတာမျိုး သတ်မှတ်ထားတယ်လေ။ ဒီလုပ်အားခအတိုင်း မရတာမျိုးက အများကြီးပဲ။ တချို့လုပ်ငန်းခွင်တွေမှာပြောတာ။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရရင် အလုပ်သမားအဖွဲ့တွေကို ပြောလို့ရတယ်ဆိုပေမယ့် လက်တွေ့မှာ အချို့အလုပ်သမားတွေက တကယ်ပြောလို့မရဘူး။တကယ်လို့ ၃၅၀ ပေးရမယ့်နေရာမှာ ၃၀၀ ပဲပေးတယ်။ မကြိုက်ရင်ထွက်လို့ ပြောလိုက်ရင် ဘာမှလုပ်လို့မရဘူး။ ထုတ်လိုက်ပြီးရင် ၃၀၀ နဲ့လုပ်မယ့် လူသစ်ကို ခေါ်ထည့်တယ်။ ခိုင်းစားတယ်။ ပိုတောင် လုပ်ငန်းတွေ လုပ်နေသေးတယ်။ လူသစ်တွေက ပိုခိုင်းလို့ရလို့။ ဒါကို အလုပ်သမားတွေကို အခွန်လာကောက်တာက အလွန်ကို ပင်ပန်းစေတာပဲ။ အလုပ်လက်မဲ့သမားတွေအတွက်ဆို ပြောမနေနဲ့တော့။ အချို့ကလည်း နေ့စားပဲ အလုပ်ရှိမှ လုပ်ခရတာမျိုး။ အချို့ကလည်း လခစား အမျိုးမျိုးရှိနေကြတာ။ တကယ်လို့ လှေသမားတွေ မိုးတွင်း လှေမလုပ်နိုင်လို့ ကမ်းမှာပဲ ကပ်နေတဲ့သူတွေဆို ဘယ်လိုလုပ်မလဲ။ ဒီထက်မက အခက်အခဲတွေ ဖြစ်စေတာပဲ။

DW ။ မြန်မာသံရုံးအပါအဝင် စစ်ကောင်စီအဖွဲ့တွေက မြန်မာလုပ်သားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးတာမျိုး မရှိဘူးလို့ ပြောဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်ပေါ့နော်။ ဆိုတော့ ရွေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေကို အကူအညီပေးတာမျိုးမရှိဘဲ အခုလိုအခွန်ကောက်လာတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ ဒါကတော့မှန်တာပေါ့။ ခုနကပြောသလို ဒီခရိုင်မှာ ဒီလုပ်အားခမရဘူးဆိုတာ လူတိုင်းလည်း ကျယ်ကျယ်ပြန့်ပြန့်သိနေတာပဲ။ ဒါပေမယ့်ဘယ်သူမှ လာမကြည့်ပေးဘူး။ ဒါကိုမဖြေရှင်းပေးဘဲ ဒီအပေါ် အခွန်လာကောက်ရင် ဘယ်အလုပ်သမားက ကျေနပ်မှာတုန်း။ ဘယ်သူမှ မကျေနပ်ကြဘူး။ မကျေနပ်လို့ ဒီအတိုင်းငြိမ်နေကြမလဲ။ မဆောင်ဘဲ တောင့်ခံနိုင်မလားဆိုတာတော့ စိတ်ဝင်စားစရာတစ်ခုဖြစ်နေပြီ။ တကယ်ဆိုရင် ငြိမ်မနေဘဲ တစ်ခုခုတော့ လုပ်ကြသင့်တယ်။ အလုပ်သမားတွေကို ဖြေရှင်းမပေးဘဲ လုပ်အားခတွေ ခေါင်းပုံဖြတ်နေတာပဲ။ ဒါကို အလုပ်သမားတွေက စည်းစည်းလုံးလုံးနဲ့ အခွန်ဆောင်ရမှာကို မကျေနပ်ကြောင်း ပြသင့်တယ်။ ကျေနပ်တာက ဘယ်သူမှတော့ ကျေနပ်မှာမဟုတ်ဘူး။ ဒါကို အခွန်မပေးရအောင် ဘယ်လိုလုပ်မလဲဆိုတာမျိုး အဖြေရှာသင့်တယ်။ အကြံဉာဏ်တွေ တောင်းသင့်တယ်လို့ မြင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း အလုပ်သမားဖြစ်နေတဲ့အတွက် အကုန်လုံးနဲ့ အတူတူပဲလို့ မြင်တယ်။ အခွန်မဆောင်ရင် စာအုပ်တွေ မလဲပေးဘူး မလုပ်ပေးဘူးဆိုတော့ အကုန်ဒုက္ခရောက်ကိုး။ အကုန်ညီညွတ်ဖို့လိုတာပေါ့။ တကယ်လို့ အဲလိုစည်းလုံးရင် အခွန်ကောက်တာ ထိရောက်လာလိမ့်မယ်လို့တော့ မထင်မိဘူး။

DW ။ တခြားဖြည့်စွက်ပြောချင်တာမျိုးရှိလား။

ဖြေ ။ အကုန်လုံး ညီညီညွတ်ညွတ်နဲ့ စစ်ကောင်စီကို မြန်မြန်တော်လှန်နိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်ရှင်။

“တဖြည့်ဖြည်းနဲ့ အလုပ်သမားတွေအပေါ်မှာ ဂုတ်သွေးစုပ်သလို ဖြစ်လာတယ်”

စင်ကာပူနိုင်ငံရောက် ထားဝယ်ဒေသခံ အမျိုးသမီးတစ်ဦး

(စင်ကာပူနိုင်ငံတွင် အိမ်အကူလုပ်ကိုင်နေသူဖြစ်ပြီး တစ်လလျှင် စင်ကာပူဒေါ်လာ ၅၃၀ သာရရှိသူဖြစ်သည်)

DW ။ စစ်ကောင်စီက မြန်မာအလုပ်သမားတွေအပေါ် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအဖြစ် ကောက်ခံမယ်လို့ ထုတ်ပြန်ထားတာ ပေါ့နော်။ ဆိုတော့ ဒီလိုမျိုးကောက်ခံလာတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ မဖြစ်သင့်ဘူးလို့ထင်တယ်။ ဘာကြောင့်လဲဆိုရင် စင်ကာပူအစိုးရကိုလည်း အခွန်ပေးရသေးတယ်လေ။ တစ်နှစ်စာချုပ်နဲ့ဆို ဟိုဘက်အစိုးရကိုလည်းပေး၊ ဒီဘက်အစိုးရကိုလည်းပေးနေရတော့။

DW ။ လက်ရှိအချိန်မှာ ပြည်တွင်းမှာကလည်း အဆင်မပြေကြဘူး။ ပြည်ပမှာလည်း လုပ်နေကြရတာက လုပ်ခလစာက နည်းတဲ့အပြင် အသည်းအသန် အလုပ်လုပ်နေရတာဆိုတော့ ဒီလိုအခွန်ကောက်တဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ ငြီးငြူနေကြတာပေါ့။မပေးဘဲလည်း မရဘူးဆိုတော့ ကိုယ်က (အခွန်နှင့်ပတ်သက်သည့်အထောက်အထား) လိုအပ်နေတဲ့သူဆိုတော့ ပေးရမှာပေါ့။ ဒါပေမယ့် တဖြည့်ဖြည်းနဲ့ အလုပ်သမားတွေအပေါ်မှာ ဂုတ်သွေးစုပ် သလိုဖြစ်လာတယ်။ ဒီမှာလည်း ကုန်ဈေးနှုန်းတက်နေတာပဲ။ကုန်ဈေးနှုန်းကတက်လာပေမယ့် လစာက မတိုးလာဘူး။ ပုံသေလစာပဲ။

DW ။ တစ်ဖက်မှာလည်း လုပ်ခလစာကလည်းနည်းတယ်ဆိုတော့ ဒီလိုမျိုးအခွန်ကောက်တာက မြန်မာအလုပ်သမားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်လဲ။

ဖြေ ။ အလုပ်လုပ်ရတာ စိတ်ပျက်လာတာပေါ့။ အလုပ်လုပ်နေလည်း အခွန်ပေးစားရင်းနဲ့ ပြီးသွားမယ့်သဘောပေါ့။

DW ။ မြန်မာသံရုံးအပါအဝင် စစ်ကောင်စီအဖွဲ့တွေက မြန်မာလုပ်သားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးတာမျိုး မရှိဘူးလို့ ပြောဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်ပေါ့နော်။ ဆိုတော့ အလုပ်သမားတွေရဲ့ အခက်အခဲတွေကို အကူအညီပေးတာမျိုးမရှိဘဲ အခုလိုအခွန်ကောက်လာတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ ။ သူတို့လည်း အထက်အမိန့်အတိုင်းပဲ လုပ်နေရတော့ မပြောတတ်ဘူး။ အခုက သူတို့လည်း ကောက်ခံနေတာပဲ။ သွင်းတဲ့သူကလည်း သွင်းနေတာပဲ။ (ငွေ) သွင်းမှပဲ ကိုယ့်ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ လုပ်ရမှာကိုး။ အခွန်ပေး ရမယ်ဆိုရင် ကိုယ့်အိမ်ကိုပို့မယ့် ပိုက်ဆံတွေထဲက သူတို့(စစ်ကောင်စီ)ကိုပါ ခွဲပေးရတဲ့သဘော ဖြစ်သွားတာပေါ့။

DW ။ အခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ ။ ကျွန်မသူငယ်ချင်းတစ်ယောက် နေမကောင်းလို့ စာချုပ်မပြည့်ခင် အိမ်ပြန်တာတောင် မြန်မာလေဆိပ်မှာ နိုင်ငံခြားကပြန်လာလို့ (စင်ကာပူ)ဒေါ်လာ ၂၀ ပေးရမယ်လို့ လဝက ကတောင်းတယ်။ဒေါ်လာမပါရင် မြန်မာငွေ ငါးသောင်းပေးလို့ တောင်းတယ်။နိုင်ငံကူးလက်မှတ်ပါ သိမ်းထားလိုက်တာ။ အခြား စိတ်ကောင်းရှိတဲ့ လဝက တစ်ယောက်က ပြန်ပေးလိုက်လို့ တော်သေးတယ်။ပြောချင်တာက နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပြန်လာရင်လည်း ပိုက်ဆံရှိမှန်းသိ မရှိမှန်းမသိ တောင်းတာပေါ့။