မြိတ်မြို့ရေပေးဝေရေးစီမံကိန်း ထိုင်းကုမ္ပဏီနှင့် မြိတ်အများပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်မည်

0
1409
ဓာတ်ပုံ - တိုင်းပြန်ဆက်ဦးစီးဌာန

မြိတ်မြို့ရေပေးဝေရေးစီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Bright Blue Water International Corporationနှင့် မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမီတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမီတက်မှာ မြိတ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးလှသန်းပိုင်ကုမ္ပဏီဖြစ်သည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းနှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းကာ BBWI & MCPC အမည်ရှိသည့် အထူးကုမ္ပဏီကို ဖွဲ့စည်းပြီး ရေပေးဝေရေးစီမံကိန်းကိုဆောင်ရွက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထား သည်။

အဆိုပါစီမံကိန်း တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးခြင်းနှင့် မြေငှားရမ်းခြင်း သဘောတူလက်မှတ်ရေးထိုးခြင်းတို့ကို ဒီဇင်ဘာလ ၂၀ ရက်က ထားဝယ်မြို့တွင်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‌

လက်မှတ်ထိုးပွဲသို့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ခဲ့ပြီး ကုမ္ပဏီဘက်ကမူ မြိတ်အများပိုင် ကော်ပိုရေးရှင်းကုမ္ပဏီလီမီတက်၏ ဒါရိုက်တာ ဦးလှသန်း၊ ထိုင်းကုမ္ပဏီဘက်က မန်နေဂျင်းဒါရိုက်တာ Mr.Kanapord တို့ တက်ရောက်ခဲ့ကြောင်းလည်း ဖော်ပြသည်။

အဆိုပါရေပေး‌ဝေရေးစီမံကိန်းမှာ NLD အစိုးရ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင် လက်ထက်ကတည်းက အကောင်ထည်ဖော်ရန် လုပ်ဆောင်ထားသည့် စီမံကိန်းတစ်ခုဖြစ်သည်။

ထိုအချိန်ကလည်း မြိတ်အများပိုင်ကော်ပိုရေးရှင်းကုမ္ပဏီနှင့် Bright Blue Water International Corporation တို့ကပင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိမရှိ အကြိုစူးစမ်းလေ့လာမှုများပြုလုပ်ခဲ့သည်။

Bright Blue Water International Corporation မှာ ထိုင်းနိုင်ငံရှိ ခရိုင် ၈ ခရိုင်တွင် ရေပေးဝေရေး စီးမံကိန်းကို လုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း တိုင်းစစ်ကောင်စီက ထုတ်ပြန်ထားသည်။

စီမံကိန်းလုပ်ငန်းတည်ဆောက်ရေးကာလမှာ ၃ နှစ်ဖြစ်ကြောင်းထုတ်ပြန်ထားသော်လည်း မည်သည့်နေရာတွင် ရေထုတ်ယူမည်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများ မည်သို့ စီမံထားသည် စသည့် အသေးစိတ်အခြေအနေကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

NLD အစိုးရလက်ထက်ကမူ အဆိုပါစီမံကိန်းအတွက် ရေချိုထုတ်ယူနိုင်မည့် တည်နေရာကို တနင်္သာရီမြစ်ကြောင်း တစ်လျှောက်ရှိ တနင်္သာရီမြို့နယ် မော်တုံးရွာနှင့် မြိတ်မြို့နယ် တုံးဗျောရွာတို့ ပဏာမရွေးချယ်ထားခဲ့သည်။

ထိုနေရာတို့မှ မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာတွင် ရေသန့်စင်စက်တည်ဆောက်ပြီး မြိတ်မြို့သို့ ရေပေးဝေရန်လျာထားခဲ့သည်။

NLD အစိုးရလက်ထက်ကမူ ရေပေးဝေရေး စီမံကိန်းကြောင့် သဘာဝပတ်ကျင်းဆိုင်ရာ ထိခိုက်မှုများရှိလာနိုင်ပါက အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ရဲရဲတင်းတင်း ထောက်ပြပြောဆိုနိုင်သော်လည်း လက်ရှိတွင်မူ စီမံကိန်း ဖြစ်မြောက်ရေးအတွက်သာ လုပ်ဆောင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို ဂရုစိုက်မည်မဟုတ်ကြောင်း ဒေသတွင်း သဘာဝပတ်ဝန်းကျင်းအရေး တက်ကြွလှုပ်ရှားသူတို့က ဆိုသည်။

“ရေကာတာတွေဆောက်ပြီး လုပ်မယ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်ပြီး ပြောစရာတွေရှိလာမှာပေါ့” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစိတ်ပါဝင်စားသူ ဒေသခံတစ်ဦးက ပြောသည်။

ရေချိုအရင်းအမြစ်ရယူရန် လျာထားသည့် မော်တုံးနှင့် တုံးဗျောရွာတို့မှာ မကြာခဏတိုက်ပွဲဖြစ်ပွားနေသဖြင့် စစစ်ကောင်စီအနေဖြင့် စီမံကိန်းစတင်ရန် မဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“စကစဘက်က လမ်းမကြီးတွေလောက်ပဲ စိုးမိုးထားနိုင်တာ။ ကျန်တဲ့လမ်းဘေးဝဲယာကိုကျတော့ သူတို့မစိုးမိုးနိုင်တဲ့ အနေအထားရှိတယ်။ အဲဒီတော့ စီမံကိန်းလုပ်မယ်ဆိုရင် လုံခြုံရေးကိုသူတို့ (စစ်ကောင်စီက) ဘယ်လိုလုပ်မလဲပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီဘက်ကမူ စီမံကိန်းအကောင်အထည်ဖော်ပြီးပါက မြိတ်မြို့ပေါ်ကို ရေပေးဝေနိုင်မည့်အပြင် ဦးလှသန်း ဒါရိုက်တာအဖြစ်တာဝန်ယူထားသည့် မြိတ်အများပိုင်‌ကော်ပိုရေးရှင်း ကုမ္ပဏီလီမီတက်က ဆောင်ရွက်မည့် ငါးလေလံဈေးကိုလည်း ရေအလုံအလောက်ပေးနိုင်မည်ဟု ပြောဆိုထားသည်။