ပေါ်တာ၊ လူသားဒိုင်းနဲ့ အကာအကွယ်မဲ့နေတဲ့ ပြည်သူတွေ

0
1253
Crd - democracy for burma ( ၂၀၁၃ ခုနှစ်က ပုံ​ဟောင်းဖြစ်သည်)

လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုကျော်လောက်က တနင်္သာရီတိုင်းသားတွေ ခါးစည်းခံခဲ့ရတဲ့ ပေါ်တာကို စိုးရိမ်တကြီးနဲ့ပြောဆိုလာကြပြန်ပါပြီ။

အချို့ဆို ပေါ်တာဆွဲမှာ ကြောက်လို့ နေအိမ်မှာတောင် မအိပ်ရဲဘဲ လုံခြုံမယ်ထင်တဲ့ နေရာတွေကို သွားရောက်အိပ်စက်ကြပြီး မိုးလင်းမှသာ နေရပ်ပြန်တာတွေရှိနေပါတယ်။

ကြောက်မယ်ဆိုလည်း ကြောက်စရာပါပဲ။ ပေါ်တာကြောင့် စီးပွားပျက်သွားသူတွေ၊ သေကွဲကွဲခဲ့ကြရတဲ့မိသားစုတွေ၊ ခြေပြတ်၊ လက်ပြတ် ဒုက္ခိတဖြစ်သွားသူတွေမှ အများကြီးရှိပါတယ်။

တနင်္သာရီတိုင်းသားတွေကို ပေါ်တာဆိုတဲ့အိမ်မက်ဆိုးက အခုချိန်အထိ ခြောက်လှန့်နေဆဲ၊ ပေါ်တာအသံကြားရင် ကြောက်ရွံ့နေကြဆဲ။

စစ်တပ်ကြီးစိုးခဲ့တဲ့ အရပ်သားအစိုးရ မတိုင်ခင်နှစ်တွေက အရပ်သားတွေကို အဓမ္မစေခိုင်းပြီး စစ်ဆင်ရေးတွေမှာ အသုံးပြုလေ့ရှိတာပါ။

အခုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှာ အရပ်သားတွေကိုဖမ်းဆီးပြီး လမ်းပြခိုင်းတာ၊ လူသားဒိုင်းလုပ်တာ ပစ္စည်းတွေကိုသယ်ခိုင်းတာတွေ နေရာအနှံ့မှာ လုပ်ဆောင်နေပါတယ်။

တနင်္သာရီတိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပဋိပက္ခတွေနဲ့ စီးပွားရေး၊လူမှုရေး အခြေနေတွေကို စစ်တမ်းပြုစုပြီး လစဉ်ထုတ်ပြန်နေတဲ့ Fe5 တနင်္သာရီရဲ့ နိုဝင်ဘာလ ရီပို့မှာ ပြီးခဲ့တဲ့လက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့တဲ့ ထားဝယ်ခရိုင်က ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနဲ့ ရေဖြူမြို့နယ်တွေမှာ အရပ်သားပြည်သူ ၁၆၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၁၃၇ ဦးကတော့ ပြန်လွတ်လာတယ်လို့ ဖော်ပြထားပါတယ်။

Fe5 ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စဉ် ဖမ်းဆီးခံရတဲ့ အရေအတွက်က လစဉ် ၁၀၀ ကျော်လောက် အနည်းဆုံးရှိနေတယ်ဆိုတာ တွေ့ရပါတယ်။

“သတင်းတွေထဲမှာဖတ်နေရသလို လူသားဒိုင်းလုပ်တဲ့ပုံစံမျိုးပေါ့။ တံတားတွေကိုဆို သူတို့( စစ်ကောင်စီတပ်က) အရင်မဖြတ်ဘူး။ ကျွန်တော်တို့ကိုဖြတ်ခိုင်းပြီး ဘာမှမဖြစ်ဘူးဆိုမှ သူတို့ဖြတ်တာ” လို့ လူသာဒိုင်းအဖြစ်အဖမ်းခံရဖူးတဲ့ လောင်းလုံးမြို့နယ် သကျက်တောရွာသားတစ်ဦးက ဆိုပါတယ်။

အဲဒီအမျိုးသားဟာ ဇူလိုင်လတုန်းက စစ်ကောင်စီတပ်တွေ သကျက်တောကျေးရွာကို စစ်ကြောင်းထိုးတဲ့အချိန် အဖမ်းခံရပြီး လူသားဒိုင်းအနေနဲ့ ဖမ်းခေါ်ခံရခဲ့ရသူပါ။

စစ်ကောင်စီတပ် သွားချင်တဲ့နေရာအထိ စစ်ကြောင်းအရှေ့ဆုံးကနေ လမ်းပြပေးခဲ့ရတယ်လို့ဆိုပါတယ်။ သူတို့ပြန်သွားတဲ့အချိန်မှာတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။

စစ်အုပ်ချုပ်‌ရေး‌ကြေညာထားတဲ့ မြိတ်ခရိုင် ပုလောမြို့နယ်မှာလည်း အလားတူသားဒိုင်းအနေနဲ့ မကြာခဏဖမ်းခေါ်ခံရလေ့ရှိတယ်လို့ ‌ဒေသခံတွေကဆိုပါတယ်။

“ဖမ်းခေါ်သွားပြီး သုံးလေးရက်ကြာမှ ပြန်လွှတ်ပေးလိုက်တာရှိတယ်။ ပေါ်တာဆွဲပြီး စစ်ကြောင်းထဲ ခေါ်သွားတဲ့သဘောပဲ” လို့ အသက် ၅၀ ကျော်အရွယ် ပုလောမြို့ခံတစ်ဦးကဆိုပါတယ်။

ပေါ်တာဆွဲတဲ့ သတင်းတွေ

အခုတလောမှာတော့ စစ်ကြောင်းထိုးလို့ အဖမ်းခံရတာမျိူးမဟုတ်ဘဲ မြို့တွေ၊ ရွာတွေထဲ ရည်ရွယ်ချက်ရှိရှိ အတင်းအဓမ္မပေါ်တာဝင်ဆွဲ ဖမ်းဆီးတဲ့ပုံစံမျိုး ပြောဆိုလာကြပါတယ်။

ရန်ကုန်၊ မန္တလေးတို့လိုမြို့ကြီးတွေအပါအဝင် တနင်္သာရီတိုင်းက ဒေသအချို့မှာ ပေါ်တာဆွဲတာတွေရှိနေတယ်လို့ လူမူကွန်ရက်မှာ ရေးသားမျှဝေလာကြပါတယ်။

မြိတ်မြို့နယ် လွတ်လွတ်ကျေးရွာအုပ်စုက ဒေသခံတွေ၊ ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုက ဒေသခံတွေလည်း ပေါ်တာဆွဲခံရမှာကိုစိုးရိမ်ပြီး ညဘက်နေအိမ်မှာမအိပ်ရဲကြဘဲ ရှောင်တိမ်းနေကြတာတွေရှိလာပါတယ်။

ရွာခံပျူစောထီးတွေက တစ်ရွာမှာလူဆယ်ဦး စစ်တပ်ထဲဝင်ဖို့ခေါ်မယ်ဆိုပြီး ပြောတာကိုကြားပြီးကတည်းက နေအိမ်မှာညဘက် မအိပ်ရဲတော့တာလို့ ဇာဒီရွာသားတစ်ဦးကဆိုပါတယ်။

ဒါပေမဲ့ ဒီဆောင်းပါး ရေးသားတဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိတော့ သူတို့စိုးရိမ်သလို ရွာထဲဝင်ပြီး ပေါ်တာဆွဲတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ရွာသားတွေကတော့ စစ်ကောင်စီကို မယုံကြည်တဲ့အတွက် စိုးရိမ်နေကြတုန်းပါ။

“ကျွန်တော်တို့စိုးရိမ်နေတာ တစ်ခုတော့ရှိတယ်။ အဲဒါက ရွာသားတွေပေါ်တာမဆွဲတော့ဘူး‌၊ အေးဆေးဖြစ်သွားပြီထင်ပြီး ရွာပြန်လာကြတဲ့အချိန်မှ‌ဆွဲမှာလားဆိုပြီး တွေးနေကြတယ်” လို့သူကရှင်းပြပါတယ်။

ထားဝယ်မြို့ ဘုရားလှည့်ပွဲနေ့ နိုဝင်ဘာလ ၂၆ ရက်ကလည်း ထားဝယ်မြို့ပေါ်မှာ ပေါ်တာဆွဲနေတယ်ဆိုပြီး Facebook လူမူကွန်ရက်မှာရေးသားတာတွေရှိပါတယ်။

‌Dawei Watch အနေနဲ့ ပေါ်တာဆွဲနေတယ်လို့ သတင်းထွက်တဲ့ နေရာအချို့ကို ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ပေမယ့် တိကျတဲ့အထောက်အထားတွေမရရှိခဲ့ပါဘူး။

အခုပြောတဲ့ ပေါ်တာဆွဲတယ်ဆိုတာက စစ်ကြောင်းထိုးလို့ အဖမ်းခံရပြီး အဓမ္မစေခိုင်းခံရတာမျိူးကို ဆိုလိုတာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ပေါ်တာဆွဲဖမ်းဆီးတာမျိူးကို ဆိုလိုပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့က ထားဝယ်မြို့ပေါ်မှာ ပေါ်တာဆွဲနေတယ်ဆိုပြီး လူမူကွန်ရက်မှာရေးသားမျှဝေခဲ့တဲ့သူကို Dawei Watch ကမေးမြန်းခဲ့ပါတယ်။

ပုံကျွန်းလမ်းထဲက‌ေန လူအပြည့်တင်ထားတဲ့ မြေသယ်ကားတစ်စီး ဆန်းချီလမ်းဖက်ကို မောင်းသွားတဲ့အကြောင်း အဲဒီကနေ ရွေတောင်စားဘုရားဘက် ကွေ့သွားတာကို ကိုယ်တိုင်တွေ့ရတာလို့ အဲဒီမြို့ခံအမျိုးသမီးကပြောဆိုပါတယ်။

အဲဒီလူတွေဟာ ပေါ်တာဆွဲခံရတဲ့လူတွေဆိုတာ ဘာ‌ကြောင့်ပြောနိုင်ရလဲလို့ ဆက်မေးတဲ့အခါမှာတော့ သတင်းအတည်ပြုပေးမယ်လို့ပြောပြီး နောက်ထပ်မေးလို့ မဖြေတော့ပါဘူး။

နောက်ပိုင်းသူတင်ထားတဲ့ပိုစ့်ကိုလည်းဖျက်လိုက်ပါတယ်။

နောက်ထပ်မြို့ခံတစ်ဦးကတော့ ထားဝယ်မြို့ အမှတ် ၂ ကျောင်းက ကျောင်းသားတွေကို ပေါ်တာဆွဲသွားတာ ကြားရတယ်လို့ ဆိုပြန်ပါတယ်။

အမှတ် ၂ ကျောင်းကကျောင်းသားတွေ ပေါ်တာဆွဲခံရတာလားဆိုတာကို Dawei Watch က စုံစမ်းကြည့်ရာမှာတော့ ပေါ်တာဆွဲခံရတာမဟုတ်ဘဲ နားလည်မှုလွဲပြီး အဖမ်းခံရတာ ဖြစ်နေတာကို တွေ့ရပါတယ်။

အမှတ် ၁ ကျောင်း ကျောင်းသားတွေအဖမ်းခံရတာရတဲ့ ဖြစ်စဉ်ကဒီလိုပါ။

နိုဝင်ဘာလ တတိယအပတ်က ဘု‌မ္မော်ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ် ၈ ယောက်ကိုခေါ်ပြီး အမှတ် ၂ ကျောင်းနားမှာ မျက်ရှင်းခိုင်းခဲ့ပါတယ်လို့ဆိုပါတယ်။

မျက်ရှင်းအပြီးမှာ အုပ်ချုပ်ရေးမှူးတိုက်တဲ့ ထန်းရည်ကို လမ်းဘေးမှာထိုင်သောက်နေတဲ့အချိန် ရဲကားရောက်လာပြီး အားလုံးကိုဖမ်းသွားခဲ့ပါတယ်။

၅ ဦးထက်ပိုမစုရဆိုတဲ့ အမိန့်နဲ့ညိလို့ ဖမ်းတာလို့အကြောင်းပြချက်ပေးခဲ့တယ်လို့ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးက သူမြက်ရှင်းခိုင်းထားတဲ့လူတွေဖြစ်တယ်လို့ အာမခံပေးခဲ့တာကြောင့် ၇ ဦးကိုပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

လက်ကိုင်ဖုန်းထဲ တော်လှန်ရေးနဲ့ဆိုင်တဲ့ပိုစ့်တွေ တွေ့တဲ့လူငယ်တစ်ယောက်ကိုတော့ ပြန်မလွှတ်ပေးခဲ့ဘူးလို့သိရပါတယ်။

နောက်မြို့ခံတစ်ဦးကတော့ ထားဝယ်မှာပေါ်တာဆွဲတာမရှိပေမယ့် ထားဝယ်မြို့နဲကပ်လျက် သောကြာပြင်ရွာဖက်မှာတော့ရှိတယ်လို့ကြားရတဲ့အကြောင်း ပြောပြန်ပါတယ်။

သောကြာပြင်ရွာကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အဲဒီလိုမျိုး သူတို့ရွာမှာ မကြားဖူးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရေဖြူမြို့နယ် ဇာဒီရွာမှာလည်း အလားတူပါပဲ။ ရွာထဲမှာ ပေါ်တာဆွဲမယ်လို့ ဆက်တိုက်သတင်းထွက်ခဲ့ပေမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ ပေါ်တာဆွဲခံရတဲ့သူ မရှိသေးဘူးလို့ဆိုပါတယ်။

ခြောက်လှန့်နေတဲ့ အတိတ်

ပေါ်တာဆွဲခံရမှာကို တနင်္သာရီတိုင်းသားတွေ အရမ်းကြောက်ကြတာက အတိတ်က အရိပ်မဲတွေကြောင့်ပါ။

လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုစာလောက်က တနင်္သာရီတိုင်းဖက်မှာ ပေါ်တာကြောင့် မိသားစုဘဝပျက်သွားတဲ့သူတွေ၊ ပေါ်တာကြောင့် ခြေကျိုး၊ လက်ကျိူး ဒုက္ခိတဖြစ်သွားတဲ့သူတွေ၊ သေကွဲခဲ့ရတဲ့သူတွေအများအပြားရှိပါတယ်။

၁၉၉၇ ခုနှစ်ဝန်းကျင် ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ အခြေစိုက်တဲ့ ABSDF ကျောင်းသားတပ်မတော်ရဲ့ မင်းသမီးစခန်းကို တိုက်ခိုက်ရာမှာ မြန်မာစစ်တပ်က ‌အရပ်သားတွေကို စစ်ဆင်ရေးတွေထဲ အသုံးပြုခဲ့ဖူးပါတယ်။

စစ်တပ်က ရွာတစ်ရွာကို လူဆယ်ယောက်၊ ငါးယောက် စသဖြင့်ပေးဖို့ စစ်တပ်ကအတင်းအဓမ္မ အမိန့်နဲ့ဆင့်ခေါ်ပါတယ်။

တစ်လကို ရွာတစ်ရွာကနေ အနည်းဆုံးတစ်ကြိမ် ဆင့်ခေါ်ခံရလေ့ရှိပါတယ်။

အဲဒီလိုဆင့်ခေါ်ခံရရင် ပေါ်တာလိုက်မယ့်သူကို ရွာသားတွေစုပြီး ‌အခကြေးငွေနဲ့ ငှားကြရပါတယ်။

အဲဒီနည်းက ကြေးစား ပေါ်တာလိုက်မယ့်သူရှိရင် အဆင်ပြေပေမယ့် လိုက်မယ့်သူမရှိရင် ရွာသားတွေအချင်းချင်း မဲနှိုက်ကြရပြီး မဲကျတဲ့သူက ပေါ်တာလိုက်ရပါတယ်။

သူတို့ဆင့်ခေါ်သူမရရင်ဖြစ်ဖြစ်၊ လူဦးရေမပြည့်ရင်ဖြစ်ဖြစ် စစ်တပ်က ရွာထဲကားနဲ့ဝင်လာပြီး အတင်းအဓမ္မဖမ်းဆီး ပေါ်တာဆွဲလေ့ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရဖူးသူ အသက်ကြီးပိုင်းတွေက ဆိုပါတယ်။

“အဲဒီခေတ်က ဗီဒီယိုရုံခေတ်ကို။ ရုံထဲ ဗီဒီရိုကြည့်ကောင်းနေတဲ့အချိန် ကားနဲ့ဝင်ချလာပြီး ဆွဲတာမျိူးတွေရှိတယ်” လို့ ‌ထားဝယ်ဒသခံတစ်ဦးကဆိုပါတယ်။

ပေါ်တာပါသွားတဲ့သူတွေဟာ မြန်မာစစ်တပ်အတွက် လက်နက်၊ ရိက္ခာတွေကို ထမ်းပိုးပေးရတာ၊ ရှေ့တန်းစစ်မျက်နှာမှာ လူသားဒိုင်းလုပ်ခံရတာတွေကြောင့် ရှင်လျက်နဲ့ ငရဲကျသလို ဆိုးဆိုးရွားရွားခံခဲ့ရတယ်လို့ ဆိုကြပါတယ်။

အဲဒီအတိပ်က အရိပ်မဲတွေကြောင့် တနင်္သာရီတိုင်းသားတွေဟာ ပေါ်တာဆို အသံတောင် မကြားချင်လောက်အောင် ကြောက်ရွံမုန်းတီးကြပါတယ်။

ပေါ်တာဆွဲတာ တရားမဝင်

ပေါ်တာဆွဲတာနဲ့ပတ်သက်ပြီး ၂၀၀၀ ပြည့်နှစ်မှာတော့ အတင်းအဓမ္မဆင့်ဆို လုပ်အားပေးတာကို အမိန့်ကြေညာစာထုတ်ပြီး တားမြစ်ခဲ့ပါတယ်။

“ဒေသဆိုင်ရာအာဏာပိုင်များ၊ တပ်မတော်သားများ( အမိန့်ကြေညာစာပါ မူရင်းအသုံးအနူန်း)နှင့် အခြားဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများသည် ၁၉၀၇ ခုနှစ် မြို့များအက်ဥပဒေပုဒ်မ ၇(၁)၊ ပုဒ်မ ၉(ခ) တို့တွင်လည်ကောင်း၊ ၁၉၀၇ ခုနှစ် ကျေးရွာအက်ဥပဒေပုဒ်မ ၈(၁)နှင့် ပုဒ်မ ၁၀(ဃ) တို့တွင်လည်ကောင်း မည်သို့ပင်ပါရှိစေကာမူ လုပ်အားပေးရန် သို့မဟုတ် ဝန်ဆောင်မှုပေးရန် ဆင့်ဆိုခြင်းမပြုရ” ဟု အမိန့်ကြေညာစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံတစ်ဝန်းဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေ ပဋိပက္ခတွေနဲ့အတူ ဒေသခံတွေကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်တာ၊ ပေါ်တာ(အထမ်းသမား)လုပ်ခိုင်းတာ၊ လမ်းပြလုပ်ခိုင်းတာတွေရှိလာပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူတွေကိုဖမ်းဆီးပြီး စစ်ဆင်ရေးတွေမှာ အသုံးပြုလာတာပါ။

ဒါကြောင့်လည်း ‌ပြည်သူတွေက စစ်ကောက်စီစစ်ကြောင်း ရွာထဲဝင်လာပြီဆိုတဲ့ အသံကြားရင် ထွက်ပြေးတိမ်းရှောင် ကြရပြီး စစ်ကြောင်းပြန်သွားမှ နေရပ်ကို ပြန်လေ့ရှိပါတယ်။

ဒါပေမဲ့ အခုကတော့ စစ်ကြောင်းဝင်လို့ အဖမ်းခံရမှာကို ပူပန်နေရသလို ရပ်ထဲရွာထဲ ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေကြာင့် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ပေါ်တာဆွဲလာမှာကိုပါ စိုးရိမ်လာနေကြရပါတယ်။

“စစ်ကြောင်းဝင်ရင်လည်း ရှောင်ချိန်မရမှာကိုကြောက်တယ်။ အခုပေါ်တာဆိုလည်း အဲ့အတိုင်းပဲ ကြိုပြီးသတင်းကြားလို့ ရှောင်လို့ရရင် အကြောင်းမဟုတ်ဘူး။ ရှောင်ချိန်မရဘဲ အဖမ်းခံရမှာကိုပဲကြောက်တာ” လို့ ဇာဒီဒေသခံ လူငယ်ကပြောဆိုလိုက်ပါတယ်။