ထိုင်းရောက် မြန်မာလုပ်သားများထံမှ စစ်ကောင်စီ ဝင်ငွေခွန် စကောက်

0
648
ပုံစာ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုတွင် တွေ့ရှိရသည့် မြန်မာအလုပ်သမားအချို့။

ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အခြေခံအလုပ်သမား (Blue collar) များဖြစ်ကြသော စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းတို့တွင် လုပ်ကိုင်နေသူများသည် လစဉ်ဝင်ငွေကို ဘတ် ၇၅၀၀ သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဘတ် ၁၅၀ ပေးသွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဘတ် ၁၅၀ ဝင်ငွေခွန်ဆောင်ထားသူများသည် လစဉ်ငွေ ဘတ် ၇၅၀၀ နှင့် ညီမျှသော မြန်မာငွေကို ငွေဖြူအဖြစ် သတ်မှတ် ပေးမည်ဖြစ်ပြီး မြန်မာပြည်တွင် အိမ်၊ ခြံ၊ မြေ၊ ကားများ ဝယ်ယူရာတွင် ဝင်ငွေခွန်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ဆိုသည်။

ထိုင်းရှိ ကုမ္ပဏီ၊ ဆေးရုံ၊ တက္ကသိုလ်တွင် လုပ်ကိုင်နေသူများ၊ ဆောက်လုပ်ရေး၊ စက်ရုံအလုပ်ရုံ အင်ဂျင်နီယာများ စသော (White collar) မြန်မာအလုပ်သမားများအပေါ် အခွန်ကောက်ခံရာတွင် လစာငွေ၏ ၂ ရာခိုင်နှုန်းကို သတ်မှတ်ထား သော်လည်း ထိုင်းအစိုးရအပေါ် သွင်းနေရပါက ၎င်းမှ နုတ်ပြီး ကျန်ငွေကိုသာ ပေးချေရမည်ဟု ဖော်ပြသည်။

ထိုင်းရောက်အလုပ်သမားများသည် အခြေခံလုပ်အားခကိုပင် ပြည့်ပြည့်ဝဝ မရ၊ အခန်းခ၊ ရေဖိုးမီးဖိုးများနှင့် ရုန်းကန် နေရချိန်တွင် စစ်ကောင်စီက ယခုကဲ့သို့ ဝင်ငွေခွန် ပေးဆောင်ခိုင်းခြင်းသည် ပိုမိုအခက်အခဲဖြစ်စေရန် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း မဟာချိုင်မြို့ရှိ စက်ရုံအလုပ်သမား မြန်မာတစ်ဦးက ဆိုသည်။

“အခန်းခ ရေဖိုး မီးဖိုး တွက်လိုက်ပြီးရင် ဘာမှမကျန်ဘူး။ စက်ရုံတွေက ထမင်းမကျွေးဘူး။ ကိုယ်တိုင်ဝယ်စားတော့ ပိုကုန်ကျ တယ်။ အလုပ်သမားတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ မကြိုးစားဘဲ အခွန်လာဆောင်ခိုင်းနေတော့ ဘာနဲ့ လာဆောင်ပေးရ မလဲလို့ မေးချင်တယ်” ဟု ၎င်းက ပြောသည်။

ဘန်ကောက်သံရုံးက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းဆောင်ရန် ဒီဇင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပြီးနောက် ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ သံရုံးတွင် နိုင်ငံကူးလက်မှတ်စာအုပ် လာလဲသူများကို မဖြစ်မနေ အခွန်ဆောင်ခိုင်းနေကြောင်း သံရုံးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“ဒီနေ့ စာအုပ်လာလဲတဲ့သူတိုင်း ဆောင်နေရပြီ။ မဖြစ်မနေပေါ့။ ပတ်စ်ပိုစ့်၊ မှတ်ပုံတင်၊ အိမ်ထောင်စုလိုတယ်” ဟု ၎င်းက ပြောဆိုသည်။

အခွန်ပေးထားသူများကို အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ် ပေးအပ်ပြီး ယင်းစာရွက်ဖြင့် သံရုံးထဲ နိုင်ငံကူး လက်မှတ်စာအုပ် လဲလှယ်ရကြောင်း ၎င်းက ဆိုသည်။

အခွန်မဆောင်ပါက စာအုပ်လဲနိုင်မည် မဟုတ်ဘဲ ပြည်တွင်းသို့ ပြန်ပါကလည်း အခွန်ဆောင်ထားသော အထောက်အထား ပြသရနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါကိစ္စများနှင့် ပက်သက်၍ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးသို့ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ဖုန်းဆက်မေးမြန်းသော်လည်း လက်ခံဖြေကြားပေးခြင်း မရှိပေ။

အလားတူ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးကလည်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှစ၍ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းပေးဆောင်ရန် ထုတ်ပြန်ထားခဲ့သည်။

ထိုင်းနိုင်ငံတွင် လက်ရှိ မြန်မာအလုပ်သမား ၅ သန်းခန့်ရှိမည်ဟု အလုပ်သမားကူညီရေးအဖွဲ့များက ခန့်မှန်းထားသဖြင့် ဝင်ငွေခွန်ပေါင်း လစဉ် ဘတ် ၇၅၀ သန်းထက်မနည်း စစ်ကောင်စီသံရုံးက ရရှိနေမည်ဖြစ်ကြောင်း ခန့်မှန်းကြသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ လစာဝင်ငွေအပေါ်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ သုံးလတစ်ကြိမ် ဝင်ငွေခွန် ထမ်းဆောင်ရမည်ဟု စစ်ကောင်စီက ဥပဒေပြဋ္ဌာန်းထုတ်ပြန်ထားသည်။