နမ့်ဆန်ရှိ စစ်ကောင်စီတပ်ပိုင် ရွှေဖီဦးစက်ရုံကို သိမ်းယူလိုက်ကြောင်း TNLA ထုတ်ပြန်

0
570
ပုံစာ - TNLA သိမ်းယူထားသည့် လက်ဖက်ခြောက်စက်ရုံ။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ ရွှေဖီဦးလက်ဖက်ရည်ထုတ်လုပ်သည့် စစ်ကောင်စီတပ်ပိုင် လက်ဖက်ခြောက်စက်ရုံကို သိမ်းယူလိုက်ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၃ရက် ညနေပိုင်းတွင် သိမ်းယူလိုက်ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်ဘက်က Y12 လေယာဉ်ဖြင့် ၁၁ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ် ရိက္ခာအတွက် ထောက်ပံ့ပေးနေသည့် စက်ရုံကို သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း TNLA ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောဆိုကြောင်း RFA မြန်မာပိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။

TNLA က နမ့်ခမ်းမြို့ ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းတို့ကို ဒီဇင်ဘာလ ၁၀ရက်မှစတင်ကာ တိုက်ခိုက်သိမ်းယူနေသဖြင့် တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လက်နက်ကြီးဖြစ်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် နမ့်ခမ်းမြို့ပေါ်ရပ်ကွက်နှစ်ခု၊ ကျေးရွာသုံးရွာတို့တွင် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ နေအိမ် ၁၆ လုံး ထိခိုက်ပျက်စီးပြီး ဒေသခံတစ်ဦးသေဆုံးကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်တွင်လည်း ပေါက်တိုင်မရပ်ကွက်ရှိ စစ်ဘေးရှောင် ၂၆၀ ကျော် ခိုလုံနေသည့် ဇေယျသုခဘုန်ကြီးကျောင်းဝင်းသို့ စစ်ကောင်စီတပ် လေကြောင်းဖြင့် ပစ်ခတ်သည့် ဗုံး ကျရောက်ပေါက်ကွဲပြီး ကိုရင်တစ်ပါး ဒဏ်ရာရကာ ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးကြောင်း ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၃ ရက်က နမ့်ခမ်းမြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်ကောင်စီတပ်အင်အား တစ်ရာနီးပါးကို သုံးကြိမ်ပို့ဆောင်ခဲ့ပြီး ယင်းစစ်ကူများကို လိုက်လံပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများပြီး လက်နက် ၁၉လက်အပါအဝင် လက်နက်ခဲယမ်းအချို့ ဖမ်းမိကြောင်းလည်း TNLA က ထုတ်ပြန်ထားသည်။