ဥတ္တူကျေးရွာတွင် နေအိမ်နှစ်ဆောင် မီးရှို့ခံရ

0
756

သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာမှ နေအိမ်နှစ်ဆောင်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၁၃ ရက် မနက် ၇ နာရီခန့်က ဥတ္တူရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း၊  နေ့လယ် ၁၁ နာရီခန့်တွင် ဥတ္တူရွာထဲကို အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီး နေအိမ်တစ်ဆောင်နှင့် မကြာသေးမီက ဖွင့်လှစ်ထားသည့် ယာယီစာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဥတ္တူရွာထဲကို ဘာကြောင့် ဝင်လာတယ်ဆိုတာတော့ မသိဘူး၊ ဖမ်းဆီးခံရသူရှိမရှိ အသေးစိတ်အခြေအနေတွေကိုတော့ ကျွန်တော်တို့စုံစမ်းနေဆဲဖြစ်တယ်” ဟု တာဝန်ရှိသူက ဆိုသည်။

ရွာထဲမှ နေအိမ်များကိုလည်း မွှေနှောက်ရှာဖွေခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားသည်ဟု ၎င်းက ပြောသည်။

ဥတ္တူရွာထဲ ရောက်ရှိနေချိန်တွင်လည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

သရက်နှစ်ခွရွာတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကလည်း ဥတ္တူရွာဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများရှိသည်ဟု သရက်နှစ်ခွရာ ဒေသခံအချို့က ပြောသည်။

“မနေ့က ရုတ်ရုတ်အခြေအနေတွေကြောင့် ရွာထဲကနေ ထွက်ပြေးပြောင်းရွေ့နေကြတာရှိတယ်။ ဒီနေ့တော့ ဘာသံမှမကြားရသေးဘူး။ တချို့ ပြန်ဝင်နေတဲ့လူတွေလည်း ပြန်ဝင်နေကြတယ်” ဟု သရက်နှစ်ခွရွာက ဒေသခံတစ်ဦးက ပြောသည်။

ဥတ္တူရွာနှင့် သရက်နှစ်ခွရွာမှာ ရွာချင်းဆက်နေပြီး သရက်နှစ်ခွရွာလမ်းကဝင်ပါက ၂ မိုင်သာဝေးသည်။

ဥတ္တူရွာဘက်ကို စစ်ကောင်စီတပ်က မည်သည့်အတွက်ကြောင့် အခုလိုလုပ်ဆောင်ခဲ့သည်ကိုမူ မသိရပေ။