မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း KNLA နှင့် ပူးပေါင်းတပ်များကြေညာ

0
653
ဓာတ်ပုံ - အထူးကွန်မန်ဒိုတပ်ရင်း -တောင်ပိုင်းတိုင်း

နေပြည်တော်နှင့် မိုင်တစ်ရာကျော်သာဝေးသည့် မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဒီဇင်ဘာလ ၄ရက် ညနေပိုင်းတွင် တိုက်ခိုက်သိမ်းယူနိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့ရှိ စစ်ကောင်စီတပ် ခမရ ၅၉၉၊ ခမရ ၅၉၀၊ မုန်းမြို့မရဲစခန်းနှင့် တံတားထိပ် ဂိတ်စခန်းတို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က အင်အား ၁၅၀၀ ကျော်ဖြင့် ဒီဇင်ဘာလ ၂ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့သည်။

သုံးရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာလ ၄ရက် ညနေ ၅နာရီခွဲတွင် အထက်ပါစခန်းအားလုံးကို သိမ်းယူနိုင်ခဲ့ပြီးနောက် ပူးပေါင်းတပ်တို့က ဆက်လက်နယ်မြေရှင်းလင်းနေကြောင်း KNU က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းယူ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး စစ်ကောင်စီတပ်က တပ်ရင်းမှူး အဆင့်အပါအဝင် အများအပြား လက်နက်ချခဲ့ကြောင်းလည်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် အကြိမ် ၅၀ကျော် လာရောက်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီ တပ်စခန်းများကို သိမ်းယူနိုင်ပြီဖြစ်ကြောင်း ပူးပေါင်းတိုက်ခိုက်ရာတွင် ပါဝင်သည့် တောင်ပိုင်းတိုင်း-ကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်သည်။

အဆိုပါတပ်ရင်းက ရိုးမ (၂) စစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ကြောင်းက အထူးကွန်မန်ဒို သုံးဦးကျဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုန်းမြို့က စစ်ကောင်စီတပ် စခန်းများသည် စစ်ရေးအရ မဟာဗျူဟာကျကြောင်း ပူးပေါင်းတပ်တို့က ဆိုသည်။

မုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ လက်နက်ချသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။ ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးပါရှိသည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ မုန်းရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရခြင်းမှာ မဟုတ်ဟု ငြင်းဆိုထားသည်။

တပ်ရင်းတစ်ရင်းတွင်သာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး တံထားထိပ်ဂိတ်စခန်းနှင့် နောက်တစ်ရင်းတစ်ခုကိုမူ အဝေးမှ ပစ်ခတ်ခြင်းသာရှိနေသည်ဟု ပြောဆိုထားသည်။