လက်နက်ကိုင်တစ်စု ဖမ်းသွားသည့် အမျိုးသား ၆ ရက်ကြာအထိပြန်မလွတ်သေး

0
686

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်၊ ပြင်ကြီးရွာသားတစ်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့က လက်နက်ကိုင် လူတစ်စုက ဖမ်းသွားရာ ၆ ရက်ကြာသည်အထိ ပြန်လွတ်လာခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းခံရသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးမြင့်ဦး ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ညက နေအိမ်တွင် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဖမ်းသွားတယ် ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး လွတ်မလာသေးဘူး” ဟု ၎င်းကပြောသည်။

အဖမ်းခံရသူမိသားစုမှာ ကား၊သုံးဘီး၊ထော်လာဂျီများ အငှားလိုက်နေသူများဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသား အဖမ်းခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး Dawei Defense Team-DDT (တပ်ခွဲ-၃) ထားဝယ် -ပကဖ ကမူ ၎င်းတို့နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဦးမြင့်ဦးကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ဖမ်းသွားသည်ဆိုသည်ကို မသိရသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာတွင် ကိုမင်းပိုင် ဆိုသူကိုလည်း လက်နက်ကိုင် အဖွဲ့တစ်ခုက နေအိမ်အတွင်း ဝင်ရောက်ပြီး မူးယစ်ဆေးဝါး လက်ဝယ် ရှိမရှိ ရိုက်နှက်စစ်ဆေး မေးမြန်းခဲ့သည့် သတင်းကို ဒဏ်ရာများရထားသော ကိုမင်းပိုင်၏ ဓာတ်ပုံနှင့်တကွ ပြည်တွင်းသတင်းဌာနအချို့တွင် ဖော်ပြခဲ့ကြသည် ။