ထိုင်းတောင်ပိုင်းတွင် ဆိုင်ကယ်ခိုးသည်ဟုဆိုကာ မြန်မာလူငယ်လေးဦးဖမ်းဆီးခံရ

0
657

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ နေအိမ်များသို့ ဝင်ရောက်ပြီး ဆိုင်ကယ်များကို ခိုးယူခဲ့သည်ဟုဆိုကာ မြန်မာလူငယ်လေးဦးကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာလူငယ်များသည် ခိုးယူခဲ့သော ဆိုင်ကယ်များကို စူရတ်ဌာနီခရိုင်မှတစ်ဆင့် ချွန်ဖော်မြို့သို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ရောင်းချနေခြင်းဖြစ်ကြောင်း ဆိုသည်။ 

ဖမ်းဆီးခံရသူများသည် အသက် ၁၇ နှစ်မှ ၂၀ နှစ်အရွယ်များ ရှိကြပြီး ချွန်ဖော်မြို့တွင် နေထိုင်ကြသူများဖြစ်ကြောင်း သတင်းများတွင် ရေးသားထားသည်။  

စူရတ်မြို့အတွင်း Honda wave ဆိုင်ကယ်များ ပျောက်နေကြောင်း အောက်တိုဘာလကတည်းက ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားမှုရရှိခဲ့သဖြင့် CCTV များကို ခြေရာခံကာ မြန်မာလူငယ်များကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြသည်။

လူငယ်တစ်ဦးသည် အိမ်ရှေ့တွင် ရပ်ထားသော ဆိုင်ကယ်တစ်စီးကို ခြေထောက်ဖြင့် လက်ကိုင်ဇက်သော့ကို ချိုးကာ ခိုးယူခဲ့သည်ကို CCTV မှတ်တမ်းတွင် တွေ့ရှိရာမှ ခြေရာခံဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာလူငယ်များသည် အခြားလူတစ်ဦး၏ စေခိုင်းခဲ့မှုကြောင့် ဆိုင်ကယ်များကို ခိုးယူခဲ့ရခြင်းဖြစ်ပြီး တစ်ဦးလျှင် လစာငွေ ဘတ် ၅၀၀၀ ရရှိကြောင်း ရဲထံ ထွက်ဆိုခဲ့သည်ဟု ဖော်ပြထားသည်။

အခြားလူတစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို သတင်းများတွင် ရေးသားထားခြင်း မရှိပေ။

တစ်ကြိမ်လျှင် ဆိုင်ကယ်လေးစီးဖြင့် နှစ်ကြိမ်တွင် ဆိုင်ကယ်ရှစ်စီး ခိုးယူခဲ့သည်ဟုလည်း ဝန်ခံထွက်ဆိုသည်ဟု ဖော်ပြသည်။  

ဖမ်းဆီးရမိသော မြန်မာလူငယ်များကို ရဲတပ်ဖွဲ့က ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Thairath, CH 8, Banmuang