နယ်စည်းမခြားအဖွဲ့ HIV လူနာ ကုသခြင်းလုပ်ငန်းများ ရပ်နား

0
904
ပုံစာ - ၂၀၂၁ ခုနှစ်ကတွေ့ရသည့် ထားဝယ်မြို့က MSF အဖွဲ့ကဆေးကုသပေးနေသည့် မေတ္တာရိပ်ဆေးခန်း။ ဓာတ်ပုံ - MSF Myanmar Facebook

နယ်စည်းမခြားအဖွဲ့က မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသည့် HIV လူနာကုသခြင်းလုပ်ငန်းများကို ယခုလမှစပြီးရပ်နားလိုက်ပြီဖြစ်သည်။

MSF မှ ကုသပေးနေသည့် HIV လူနာများကို သက်ဆိုင်ရာမြို့နယ်‌ဆေးရုံများထံသို့ လွှဲပြောင်းပေးပြီးဖြစ်သဖြင့် လုပ်ငန်းရပ်နားလိုက်ခြင်းဖြစ်သည်။

“HIV ကုသမှုကိုနားလိုက်တာပဲရှိတာ။ ကျန်တဲ့ဝန်ဆောင်မှုတွေကိုတော့ ဆက်ပြီးကုသပေးသွားမှာပါ” ဟု MSFနှင့်လက်တွဲပြီး HIV ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်နေသည့်အဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပုံမှန်ဝန်ဆောင်မှုပေးနေသည့် ဆီးချို၊ သွေးတိုး စသည့် နာတာရှည်ရောဂါများ၊ မိခင်နှင့်ကလေးကျန်းမာရေး စသည့်ဝန်ဆောင်မှုများကိုမူ ဆက်လက်ကုသပေးနေမည်ဖြစ်သည်။

MSF နှင့်ချိတ်ဆက်ပြီး ART ဆေးသောက်သုံးနေသူများအနေဖြင့် သက်ဆိုင်ရာဆေးရုံများနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဆက်လက်ကုသမှုခံယူရမည်ဖြစ်သည်။

လုံခြုံရေးအခြေအနေကြောင့် ဆေးရုံရှိရာဆီမလာနိုင်သူများကိုမူ ဒေသတွင်းကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် အရပ်ဖက်အဖွဲ့အကူအညီဖြင့်အိမ်တိုင်ရာရောက် ART ဆေး ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်မြို့ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက HIV လူနာအသစ်များကို လက်မခံတော့ဘဲရပ်နားထားသည်။

သက်ဆိုင်ရာဆေးရုံများထံ လူနာများလွှဲပြောင်းပေးရမည်ဖြစ်သောကြောင့် ယင်းကဲ့သို့ လူနာအသစ်လက်မခံတော့ခြင်းဖြစ်ပြီး ယခုအခါ လူနာများလွှဲပြောင်းမှု ပြီးသဖြင့် လုပ်ငန်းရပ်နားလိုက်ခြင်းဖြစ်သည်။