တနင်္သာရီ ထုံခါအကျဥ်းစခန်းကို တောင်ပိုင်းညီနောင်စစ်ကြောင်းမီးရှို့

0
903

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထုံခါရွာရှိ စစ်ကောင်စီအကျဥ်းစခန်းကို တောင်ပိုင်းညီနောင် စစ်ကြောင်းက မီးရှို့လိုက်ကြောင်း ကော်သူးလေတပ်မတော် KTLA (tcjf) ထံမှသိရသည်။

ထုံခါရွာရှိ ဆင်ဖြူရှင် (၄) အကျဥ်းစခန်းကို ဒီဇင်ဘာ ၃ ရက်တွင် တောင်ပိုင်းညီနောင်စစ်ကြောင်းက သွားရောက်မီးရှို့ခြင်းဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၄ရက်တွင် ထုတ်ပြန်ထားသည်။

ပူးပေါင်းတပ်က ဝင်ရောက်မီးရှို့ရာ မီးလောင်ရန် မလွယ်သည့် အဆောက်အအုံ (အုတ်၊ တိုက်) နှစ်ခုသုံးခုမှ လွဲ၍ ကျန်အဆောက်အအုံ အားလုံးပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အကျဥ်းစခန်းမှာက ရဲရော အကျဥ်းသားတွေရော မရှိတော့ဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက စွန့်ခွာသွားကြပြီ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဝန်ထမ်းများ စခန်းကိုစွန့်ခွာသွားကြပြီးနောက် စစ်ကောင်စီတပ်များ မကြာခဏ ကင်းပုန်းဝပ်လေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သွားရောက်မီးရှို့ရာတွင် နှစ်ဖက်ပစ်ခတ်မှုမရှိခဲ့ကြောင်းလည်း ဆိုသည်။

Southern Brother Army (SBA) ခေါ် တောင်ပိုင်းညီနောင်သုံးဖွဲ့ကို ကော်သူးလေတပ်မတော် KTLA ၊ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ People Liberation Army တို့ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် စစ်ကြောင်းဖြစ်သည်။