မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် မိုးသက်လေပြင်းကျနိုင် ဟုဆို

0
1509

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ပြောဆိုသည်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် အခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။

ထိုင်းပင်လယ်ကွေ့ဘက်မှဝင်လာသည့် လေပွေလှိုင်းသည် ကပ္ပလီပင်လယ်တောင်ပိုင်းမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်ကို ရောက်လာပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် အားကောင်းသည့် လေဖိအားနည်းရပ်ဝန်း ဖြစ်လာသည်ဟု မိုးလေဝသပညာရှင်များက ပြောသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်ကိုရောက်နေပြီး လာမည့် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်သည်ဟု မိုးလေဝသအခြေအနေများကို ဖော်ပြနေသည့် Joint Typhoon Warning Center-JTWC က ကြေညာထားသည်။

အထက်ပါမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ ရက် နေ့အထိ နေရာအနှံ့မိုးရွာနိုင်ကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်ရေး သုတေသီ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ထို့အပြင် ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ရှမ်း၊ နေပြည်တော်ဒေသများတွင် မိုးကြီးနိုင်သည်ဟု ဆိုသည်။

မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသနှင့် ကမ်းနီးပင်လယ်ပြင်တွင် တစ်နာရီကို မိုင် ၃၀ အထိ လေပြင်းတိုက်ခတ် နိုင်ပြီး လှိုင်းအမြင့် ၆ ပေမှ ၇ ပေခန့်အထိ ရှိနိုင်သည်ဟု မိုးလေဝသ စောင့်ကြည့်လေ့လာသူများက ဆိုသည်။

ထို့အပြင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ ရုတ်တရက်ရေကြီး ရေလျှံခြင်းများ ဖြစ်နိုင်သည်ဟု သတိပေးထားသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်း မြို့၏ အနောက်ဘက် ရေမိုင် (၄၇၀)မိုင်ခန့်၊ ပုသိမ်မြို့ ၏ အနောက်ဘက် ရေမိုင် (၄၉၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း စစ်ကောင်စီ၏ မိုးလေဝသဌာနက ယနေ့နံနက်က ထုတ်ပြန်ထားသည်။