စောင်းတန်းလှေကားထစ်လေးများ

0
933

ဆောင်းရက်များသို့ နီးလာသောအခါ ကျွန်တော်၌ စွဲကပ်လျက်ရှိသော အလွမ်းဝေဒနာတခုမှာ တဖြည်းဖြည်း သည်းလာ၏။ ထိုအလွမ်းတွင် လွန်ခဲ့လေပြီးသော နှစ်ကာလများက ကျွန်တော်နင်းလျှောက်ခဲ့ဖူးသော လှေကားထစ်လေးများပါဝင်နေသည်။ ထိုကာလ ထိုရပ်ဝန်း ထိုခရီး ထိုလူများနှင့် ထိုခေတ်ကာလ ကို လွမ်းနေမိ၏။

တပို့တွဲလ၏ မြူနှင်းအေးများကို အန်တု၍ နေပင်မထွက်သေးမီကျွန်တော်တို့ ခရီးထွက်လာခဲ့ကြသည်။ လမ်းဘေးဝဲယာ တလျှောက်ရှိ ရွာငယ်အချို့ ကို ဖြတ်သန်းသွားချိန် အိမ်ဝင်းတချို့ထဲတွင် ကလေး လူကြီး ဝိုင်း၍ မီးလှုံနေကြသည်ကို တွေ့မိ၏။ ရွာအပြင်၌ မူကား မြူထုသည် ပိုထူလာ၏။ သာ၍ အေးစက်စက်နိုင်လှ၏။ ကြမ်းတမ်းလှသော ကားလမ်းကျဉ်းကလေးသည် ထူထပ်လှသောသစ်ပင်ဝါးပင်များ၏ကြား လျောင်းစက်လျက်။ ကား၏ မီးအရောင်သည် မြူပုဝါကြား တာသိပ်မသွားနိုင်။ သို့သော် စစ်လက်ကျန်ဒေါ့ဂျစ်ကားကို ခရီးသည်များစွာ စီးနိုင်အောင် ကိုယ်ထည်ပြုပြင်ထားသော ကားအိုကလေးကား တရွေ့ရွေ့နှင့် လမ်းကြမ်းကျဉ်းကလေးအတိုင်း ခရီးနှင်နေသည်။ ကားအရှေ့ခန်းအတွင်း အသက်ကြီးသူ အဖွား နှင့် အဒေါ်၊ ကားနောက်ခန်းတွင်ကား ဆွေမျိုးညာတကာ နှင့် အိမ်နီးနားချင်း အမျိုးသမီးများနှင့် ကလေးများ၊ ကားခေါင်မိုးတွင်ကား ကျွန်တော်တို့ ယောက်ျားများ ပြွတ်သိပ်လျက်။ ကျွန်တော်တို့၏ ဘုရားဖူးခရီး။ တိတိကျကျဆိုရလျှင် ကျွန်တော်တို့နေထိုင်ရာ ထားဝယ်မြို့မှသည် ၄၅ မိုင်ခန့် ဝေးသည့် ကလိန်အောင်ရွာကလေး၏ တဖက်ကမ်း တောင်ပေါ်တွင် တည်ရှိသည့် ဆံတော်ရှင် စေတီသို့ ဘုရားဖူးခရီးဖြစ်ပါသည်။

“ဖောင်း..” ဟူသော ကျယ်လောင်သည့်အသံ။ ကားသည် အနည်းငယ်ယိမ်းထိုး နိမ့်စောင်းသွားပြီး ဘရိတ်အုပ်သံ ထွက်လာ၏။ ကားရပ်သွားပြီ။ ခေါင်မိုးပေါ်တွင် ငိုက်လျက်လိုက်လိုက်သော ကျွန်တော်သည် ထိတ်လန့်တကြား နိုးလာ၏။ ကားနောက်ခန်းမှ ကလေးငိုသံ အချို့နှင့် အာမေဋိတ်အသံအချို့။ “ဓားပြလား”ဟု ကျွန်တော်က ကြားဖူးနားဝနှင့် အနီးကလူကိုမေးတော့ “နိမိတ်မရှိလိုက်တာကွာ၊ ဘီးပေါက်တာပါ”ဟု မကျေမနပ်နှင့်ဖြေကာ ကားခေါင်မိုးမှ ဆင်းသွား၏။ ထိုကာလများက ရေး-ထားဝယ် လမ်းတလျှောက်မှာ ဓားပြတိုက်မှုများ မကြာခဏဖြစ်သည်ဟု ကျွန်တော်ကြားဖူးထား၍ဖြစ်သည်။ ကျွန်တော်တို့ ဘုရားဖူးခရီးမှာ ကံကောင်း၍ ဓားပြများနှင့် မကြုံသော်လည်း လမ်းတွင် ဘီး ၂ ခါပေါက်ရာ ခရီးအတော်ဖင့်ပါသည်။ လမ်းကလည်းကြမ်း၍ မိုးကုန်ပြီမို့ နေမြင့်လာလျှင် ပူ၍ ဖုန်မှုန့်ထူထူကြားဖြတ်ရမည်ကိုစိုးသောကြောင့် မနက်စောစောထွက်လာခဲ့ခြင်းပင်။

“ကလိန်အောင်ရောက်တော့မယ်”ဟု တယောက်က သတိပေးသဖြင့် ကျွန်တော်သည် ငိုက်နေရာမှ အနီးဝန်းကျင်သို့ မျက်စိကစားဖြစ်သည်။ ကားသည်တောင်ကုန်းကလေးကို တဖြည်းဖြည်းတက်နေ၏။ တောင်ထိပ်တွင် အဆောက်အဦတခု ဘွားခနဲတွေ့ရသည်။ မနက်ခင်းနေရောင်အောက်ဝယ် ကလိန်အောင်ဆေးရုံသည် တောင်ထိပ်တွင် အထီးကျန်လျက်။ သူ့အနီးတွင် တောများသာရှိသည်။ လူနေအိမ်များမရှိ။ ကားသည်တောင်ဆင်းခရီးကို ထိန်း၍ ဆင်းနေသည်။ “အရှေ့မှာ ရွာအဝင်သင်္ချိုင်း”ရှိတယ်ဟု တယောက်ယောက်ကပြောသံကိုကြားရ၏။ ရွာထိပ် ညောင်ပင်ကြီးကား အုံ့အုံ့မှိုင်းမှိုင်းနှင့် သင်္ချိုင်း၏ သင်္ကေတအလား။ ထို့နောက် ထန်းပင်တန်းကလေး။ ရွာဦး ဝတ်ကြီးကျောင်း။ ကွမ်းသီးလှန်းစင်အချို့။ ခပ်ကျဲကျဲ လူနေအိမ်အချို့။ ရွာထဲတွင် ကုက္ကိုပင်ကြီးများ၊ ထန်းပင်များ တွေ့ရ၏။

ကားသည်တောင်ကုန်းကလေးတခုအပေါ် ရုန်းတက်လိုက်ပြီးနောက် လမ်းနံဘေးရှိ ကြီးမားလှသော ကုက္ကိုပင်ကြီး၏ အရိပ်အောက်ဝယ် ရပ်လိုက်၏။ ထိုနေရာမှ ကားလမ်း၏ တူရှုတွင် သံတံတားကြီးကို လှမ်းမြင်နေရ၏။ ဒုတိယ ကမ္ဘာစစ်ကာလဝန်းကျင် ဗြိတိသျှတို့ ဆောက်ခဲ့သော တလမ်းသွား တံတားကြီးသည် ခန့်ငြားလှ၏။ ကားရပ်ရာ အနီးတဝိုက်တွင်ကား လူနေအိမ်အချို့၊ ရဲစခန်း၊ ရဲစခန်းရှေ့ရှိ ဆိုင်ကလေးအချို့၊ သစ်တောရုံး၊ ဈေးကလေးရှိနေ၏။ ကျွန်တော်တို့၏ ကားကလေးသည်ကား အနားယူနေပြီ။ ခရီးသည်များလည်း ကားပေါ်မှ ဆင်းကြပြီ။ မနက် ၉ နာရီ မတ်တင်းရှိနေပေပြီ။ ဘုရားတောင်ပေါ်သို့ ခြေလျင်သွားရမည်ဖြစ်သည်။ တောင်ပေါ်သို့ ကားလမ်းပေါက်နေပြီ ဖြစ်သော်လည်း ကျွန်တော်တို့၏ ကားအိုကလေးကား ဤ လူအုပ်ကြီးကို တောင်ထိပ်ပေါ်သို့ ဆောင်ကြဉ်းသွားနိုင်လောက်အောင် ကျန်းမာရေး မကောင်းရှာပေ။ ခရီးသည် တချို့မှာ ဘုရားပေါ် မတက်မီ အနီးအနားရှိ ဈေးဆိုင် တချို့ထံသွား၍ ဝယ်ခြမ်းနေ၏။ တချို့မှာ ကားအနီး အရိပ်ထဲ ထိုင်လျက်။ လမ်းပေါ်၌ကား ယာဉ်အသွားအလာ မရှိသလောက်ဖြစ်သည်။ နွားလှည်းတချို့ ဖြတ်သွား၏။ စက်ဘီး စီးသူတချို့ လမ်းလျှောက်သူတချို့သာ ရှိ၏။ ရွာကလေးကား တိတ်တဆိတ် ရှိလှသည်။

တောင်တက်ခရီး

ရဲစခန်းနှင့် သစ်တောရုံးအကြားလမ်းကလေးအတိုင်း ခေတ္တမျှလျှောက်လိုက်သည်နှင့် ကွင်းပြင်ကျယ်ကြီး။ ပြီးတော့ တောင်ထိပ်ရှိ ဆံတော်ရှင် စေတီကို ရွှေရောင်ဝင်းလျက် မြူလွလွအကြားလှမ်းဖူးလိုက်ရသည်။ ထိုကွင်းကား ဘောလုံးကွင်း တဖြစ်လည်း ပွဲကွင်း (ဆံတော်ရှင်ဘုရား၏ တပေါင်းပွဲ၊ ရွာ၏ တန်ဆောင်တိုင် ဘုရားပွဲ တို့ကို ကျင်းပရာ) ဖြစ်သည်။ ကွင်းအနီးတွင် စာသင်ကျောင်းကလေး နှင့် လူနေအိမ် နည်းနည်းသာ တွေ့ရသည်။ ကွင်းနံဘေးမှ လမ်းကလေးသည် ကျွန်တော်တို့ကို ချောင်းတခုဆီသို့ ခေါ်သွား၏။ ချောင်းကို မြင်နေရသော်လည်း ဖြူမွမွ သဲသောင်ကို ဖြတ်ရသေး၏။ ထို့နောက် ရွာခံတို့ ထိုးထားသော ချစ်စဖွယ် ဝါးတံတားကလေး။ သစ်တိုင်များနှင့် ဝါးခင်း၊ ဝါးလက်ရန်း နှင့်။ ချောင်းရေသည် စိမ်းလဲ့ ကြည်လင်လျက် တသွင်သွင်စီးနေသည်။ ရေထဲ၌ လူးလာကူးခတ်နေသော ငါးတချို့ကိုတွေ့ရသည်။ စိတ်ကြည်နူးဖွယ် အတိ။ သစ်သားလှေတချို့ သောင်နဖူးတွင် ဆိုက်ကပ်ထား၏။ တဖက်ကမ်းတွင် အမျိုးသမီးတစ်ဦး အဝတ်ထိုင်လျှော်နေသည်။ ဝါးတံတားကလေးပေါ်မှ ရေဆန်ဖက်သို့ ကြည့်လိုက်လျှင် သံတံတားကြီးကို အောက်ခြေမှ မြင်ရသည်။ ရေအစုန်ဖက်သို့ ကြည့်လိုက်လျှင်မူကား စိမ်းလဲ့ ကြည်လင်သော ချောင်းကလေးသည် တောအုပ်များအကြား ကွေ့ကောက်စွာ စီးဆင်းသွားသည်ကို စိတ်ချမ်းသာစွာမြင်ရ၏။ ချောင်းတဖက်ကမ်းသို့ ရောက်ပေပြီ။ တိတိကျကျပြောရလျှင် အင်းပြားရွာသို့ ရောက်ပြီ။ ဆံတော်ရှင် တောင်ခြေရင်းသို့ ချဉ်းကပ်မိပေပြီ။

အင်းပြားကား လူနေခပ်ကျဲကျဲ ရွာငယ်တခုမျှသာ။ တောင်ခြေရောက်တော့ စောင်းတန်း မုခ်ဦးတွင် ကျွန်တော်တို့ ခဏနားကြ၏။ ဆံတော်ရှင်စေတီကို လှမ်းမြင်နေရပေပြီ။ စိတ်အားတက်ကြွလာ၏။ ကျွန်တော်တို့လို ဆယ်ကျော်သက် လူငယ်များကား ရှေ့က တက်တက်ကြွကြွ ပြေး၍ပင်တက်လိုက်သေး။ အသက်ကြီးသူများ၊ ကလေးပါလာသူ မိခင်များကား တရွေ့ရွေ့။ မောလျှင် လှေကားထစ်များတွင်ထိုင်နားလိုက်၊ ငှက်သံကလေးများ နားထောင်လိုက်၊ အဝေးရှိမြင်ကွင်းများကို ငေးလိုက်နှင့် အမောဖြေရသည်။ စောင်းတန်းလှေကားများမှာ တချို့နေရာတွင် မတ်၏။ တချို့နေရာတွင် ပြေ၏။ သက်လုံကွာသဖြင့် ကျွန်တော်တို့ လူစုလည်း ကွဲသွားကြသည်။ လူပျိုပေါက်များဖြစ်သော ကျွန်တော်တို့လို့ လူငယ်များက တစု၊ သက်လတ်ပိုင်းအမျိုးသားများကားတစု၊ အမျိုးသမီး နှင့် သက်ကြီးပိုင်းများကားတစု အစရှိသဖြင့်။ သို့သော် ကိစ္စမရှိ။ ဆုံရပ်ကား စေတီတော် ရင်ပြင်။ ထောင်သောင်းချီသော လှေကားထစ်များကို တက်ကျင့် မရှိသော ကျွန်တော်တို့ တသိုက်မှာ လူငယ်ပင်ဖြစ်သော်ငြား စောင်းတန်းပင် တဝက်မကျိုးသေးမီ ချွေးပြိုက်ပြိုက်ကျသည်။ ခြေထောက်များက နှေးလာသည်။ ဒူးက နာလာသည်။ စောင်းတန်း အချို့နေရာများရှိ အုတ်ထိုင်ခုံ အရှည်များပေါ်တွင် ကျွန်တော်တို့ ပက်လက် လှဲကာ နားရသည်။ ကျွန်တော်တို့ နောက်မှ လိုက်လာသူတချို့ ကျွန်တော်တို့ကို မီလာသည်။ သူတို့သည်လည်း ဟောဟဲဆိုက်နေ၏။ “ရောက်တော့မယ်ကွ” ဟု အချင်းချင်း နားကြရင်း အားပေးကြသည်။ ဆက်တက်ကြသည်။

တောင်ပေါ်ရင်ပြင်သို့ ခြေချမိသည်နှင့် လေပြည်ကလေးက ကျွန်တော်တို့ကို အပြေးကြိုသည်။ ချွေးစို့နေသော ကျွန်တော်တို့မှာ ချက်ချင်းပင် အမောပြေသွား၏။ တောင်ပေါ်တွင် ဘုရားဖူး အချို့သာရှိ၍ ဆိတ်ငြိမ်လှသည်။ လေပြည်အေးအေးတို့ကား တောင်ပေါ်တွင် မြူးလှ၏။ ငှက်ကျေးသံများ အဆက်မပြတ်ကြားရသည်။ လှေအဝှေ့တွင် ဆည်းလည်းသံ သဲ့သဲ့ကို အထပ်ထပ် ကြားရသည်မှာ စိတ်ချမ်းမြေ့စရာ။ ဘုရားဖူး တစ်ဦးဦးက ခေါင်းလောင်းထိုးလိုက်သံကိုလည်း ကြားရ၏။ ကြည်နူးရသော အခိုက်အတန့်ပင်။ ကျွန်တော်တို့ စောင်းတန်းကလေးတွင် နားရင်း ကျန် ခရီးသွားဖော်များကို စောင့်နေသည်။ ‘အဋ္ဌမတန်း ကျောင်းသူ/သားများ ကောင်းမှု၊ အ-ထ-က …. ထားဝယ်မြို့’၊ ‘ …. ပညာသင်နှစ်၊ ကျောင်းအုပ်ဆရာကြီးနှင့် အ-မ-က ကလိန်အောင် ကျောင်းသူ/သားများ ကောင်းမှု’ …။ ကျောင်းသူ/သားများ၏ မုန့်ဖိုး သဒ္ဓါတရားနှင့် လှူတန်းထားသော စောင်းတန်း တိုင်များ၊ အုတ်ထိုင်ခုံရှည်များ ကို တွေ့ရသည်။ အများသူငှာများတို့၏ လုပ်အား၊ ငွေအား အလှူဒါနများဖြင့် တည်ဆောက်ထားသော သာသနိက အဆောက်အအုံများ။ အလှူရှင်များကို ကျွန်တော် ကျေးဇူးတင်နေမိသည်။

လူစုံသောအခါ စေတီကြီးရှိရာ ရင်ပြင်တော်သို့ တက်ကြသည်။ မြင်ကွင်းကားလှပါဘိ။ ကလိန်အောင်ရွာကလေးမှာ တောအုပ်အကြား မထင်ရှား။ တနင်္သာရီရိုးမမှ မြစ်ဖျားခံလာသော ထားဝယ်မြစ်၏ မြစ်ဖျား၊ ကလိန်အောင်ချောင်း နှင့် သံတံတားကြီးကို မြင်ရသည်။ တောတောင်များကား စိမ်းလန်းလှပလွန်းလှပါ၏။ စေတီတော်ကြီးကား သပ္ပါယ်စွာ စံနေတော်မူသည်။ ကျွန်တော်တို့ ကိုယ်စီ တိတ်ဆိတ်စွာ ဝတ်ဖြည့်ကြ၏။ ပန်း၊ ဆီမီး၊ နံ့သာ ပူဇော်ကြ၏။ အလှူငွေထည့်ကြ၏။ ကျောင်းဆောင်တော်အတွင်းရှိ ထိုင်တော်မူ ရုပ်ပွားတော်သည်လည်း သပ္ပါယ်လှပါသည်။ ကုသိုလ်ပြုပြီးသူတချို့က ခေါင်းလောင်းထိုးကြသည်။ ထို့နောက် ကျွန်တော်တို့သည် တနေရာတွင် စုလျက် နေ့လယ်စာ စားကြသည်။ အစားအစာများကား ကျွန်တော်၏ အိမ်သားများ၊ အိမ်နီးချင်းများ နှင့် အမျိုးများက ချိုင့်များ၊ ဘူးများဖြင့် ထည့်လာကြသော အိမ်ချက် ဒေသ အစားအစာများသာ ဖြစ်သည်။ လေတဖြူးဖြူး၊ ဆည်းလည်းသံ သာသာ၊ ငှက်သံချိုချို နှင့် ခြေကျင်ခရီးနှင်ထား၍ ဆာလောင်နေသော ဝမ်းဗိုက်ကို ဖြည့်ရသည်မှာ မြိန်လိုက်ပါဘိ။ ပါသမျှ အစားအသောက် အကုန်ပြောင်သည်သာ။ ထို့နောက် ကျွန်တော်တို့ အရိပ်ကောင်းသည့် နေရာအချို့ရှာ၍ ခဏမျှ နားပါသည်။ ကြာကြာတော့ မနားရ။ အပြန်ခရီးကား ရှိသေးသည်လေ။

တောင်အဆင်းခရီးကား မြန်သည်ဟုဆိုနိုင်၏။ ထုံးစံအတိုင်းလူငယ်များဖြစ်သော ကျွန်တော်တို့က အရင်တောင်ခြေ ရောက်သည်။ တောင်ခြေကို ရောက်သည်နှင့် အတက်ခရီးတွင်သတိ မထားခဲ့မိသော အရာကို တွေ့လို တွေ့ငြား ရှာကြည့်သည်။ စေတီတော်ရှိရာတောင်တကြော ဖြူလက်တောက်ပသည့် အလင်း ဟု တွေ့ကြုံဖူးသူများ ပြောသည့် ရောင်ခြည်တော်ကို ရှာမိသည်။ မတွေ့ခဲ့၊ မဖူးခဲ့ရ။ တပေါင်းလပြည့်နေ့နီးလျှင် ပို၍ တွေ့ရနိုင်သည်ဟုဆို၏။ ကျွန်တော်တို့သွားစဉ်က တပို့တွဲနှောင်းမို့ထင်သည်။ ဝါးတံတားကလေးကို ပြန်ဖြတ်တော့ စိတ်ကြည်နူးရပြန်သည်။ ချောင်းဝှမ်းထဲက သဲသောင်ကတော့ ပူစပြုနေပြီ။ ကလေးတချို့ တံတားပေါ်မှ ဂျွမ်းပစ်ကာတမျိုး၊ ဒိုင်ဗင်ထိုးကာတဖုံ ရေဆော့ ရေကူးနေကြသည်။ အော်သံ ရယ်သံ ခေါ်သံ ထူးသံ ထားဝယ်စကားတွေနှင့် ကြည့်ရ မြင်ရတာ ပျော်စရာ။ ကျွန်တော်ပင်လျှင်ရေကူးချင်ချင်။ ခက်သည်ကား သည်ချောင်းက လူစားသည်၊ သူစိမ်းတွေကို စားလေ့ရှိသည်ဟု ကြားဖူးထား၍ကြောက်သည်ကတမျိုး၊ အချိန်မရတာကလည်း တကြောင်းကြောင့် ရေမကူးဖြစ်ခဲ့။

နေပူကြဲကြဲနှင့်ပင် ကားခေါင်မိုးပြန်တက်ကြ၍ အိမ်ပြန်ခရီးနှင်ရသည်။ ကားသွားလျှင် လေတိုက်သည်မို့ မပူသော်လည်း နေရောင်က စူးသည်။ ဦးထုပ်ပါ၍တော်သည်။ သို့သော် လမ်းကကြမ်း၍ တချို့နေရာတွင် ဖုန်လမ်းဖြစ်နေသည်မို့ တစ်ခါတရံ ဖုန်မှုန့်မြူများအကြား အသက်ရှုခက်လှသည်။ အပြန်ခရီးတွင် ကား ဘီးပေါက်ခြင်း၊ ကားပျက်ခြင်း မကြုံ၍သာ တော်တော့သည်။ ခေတ်ကာလ မကောင်းသည့်မို့ အခြားအန္တရာယ်များလည်း ကြုံနိုင်ပေသည်။ ကံကောင်း၍ ဘာမှ မဖြစ်။ အိမ်ပြန်ရောက်တော့ မှောင်စပြုပြီ။ နွမ်းလျ လှသော်လည်း ခရီးအတွေ့အကြုံကို သဘောကျလှသည်။ ပြန်တွေး၍ ပျော်နေမိသည်။ မှတ်မှတ်ရရပါပဲ။ အထူးသဖြင့် လှေကားထစ်များစွာကို အတက်အဆင်းလုပ်ရသည့် ခြေလျင် ခရီးကို မမေ့နိုင်တော့။

အခုတော့ ကာလရွေ့လျောသဖြင့် အရာအားလုံး ပြောင်းလဲကုန်လေပြီ။ စောင်းတန်းများမှ အမေ့ခံ ဖြစ်နေပြီ။ လှေကားထစ်များကို ရေတွက်ရင်း ဘုရားဖူးတက်မည့်သူ မရှိတော့လေသည့်နှယ် အထီးကျန်လှ၏။ စောင်းတန်းများကို ပြုပြင်ထိန်းသိမ်းဖို့၊ မွမ်းမံဖို့ အလှူရှင်တို့သည်လည်း အာရုံရတော့မည် မထင်။ လူအများစုမှာ ကားများ၊ ဆိုင်ကယ်များဖြင့် တောင်ပေါ်သို့ အလွယ်ရောက်နိုင်ကြလေပြီ။ ဘုရားရင်ပြင်ရှိ စောင်းတန်း မူလ အလှူရှင်များ၏ နာမည်များသည်ပင် မရှိတော့ သလောက်ပင်။ ထိုနေရာများတွင် အရာရှိ အရာခံ များ၏ နာမည်များ၊ အလှူရှင်အသစ်များက လွှမ်းသွားပြီ။ စေတီတဝိုက်ရှိ မူလ သာသနိကအဆောက်အဦးများ၏ ပုံစံများ ပြောင်းသွားသလို အဆောက်အဦ သစ်များကလည်း နေရာယူလာကြ၍ ဟင်းလင်းပြင် ရင်ပြင် ပင်မရှိတော့။ ဈေးဆိုင်ခန်းများနှင့် စီးပွားရေးအတွက် ဈေးကွက်တခု ဖြစ်၍နေပြီ။

ထို့အပြင် နှစ်လမ်းသွားတံတားသစ်ကြီးဆောက်အပြီးတွင် ဒေသခံတို့၏ ရိုးရာ ဝါးတံတားလေးလည်း မဆောက်ဖြစ်ကြတော့ဟုကြားရသည်။ ကလိန်အောင်ချောင်းရေသည်လည်း နောက်ကျိ ညစ်ညမ်းသွားခဲ့ပါပြီ။ ကလိန်အောင်သည်ပင် ရွာမှ မြို့၊ အင်းပြားသည်ပင် ရွာမှ ရပ်ကွက် ဖြစ်သွားပေပြီ။ အရာအားလုံးသည် ပြောင်းလဲခဲ့ပြီ။ ကျွန်တော်သည်ကား အတိတ်ကို ပစ္စုပ္ပန်နှင့် ခဏမျှ ယှဉ်နှိုင်း၍ မြင်ကြည့်လိုက်မိခြင်းမျှသာ။ သို့သော်ဝန်ခံရလျှင် အတိတ်ကို မေ့မရယုံမျှမက အမြဲလိုလို လွမ်းမိပါသည်။ အထူးသဖြင့် စောင်းတန်း လှေကားထစ်ကလေးများကို လွမ်းနေမိပါသည်။

နောန်မှတ်