ပြန်မရတော့တဲ့ ထားဝယ်တန်ဆောင်တိုင်

0
2882

မိုးရာသီကုန်ဆုံးလို့ ‌ဆောင်းဦးရောက်လာပြီဆိုတာနဲ့အတူ ထားဝယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပတဲ့အချိန် ရောက်လာပြန်ပါပြီ။

ဒီအချိန်ဆို ရပ်ကွက်တွေရဲ့ ဘုရားမဏ္ဍပ်တွေဆီက တန်ဆောင်တိုင်ကို ဖော်ကျူးတဲ့သီချင်းတွေ၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ သီချင်းသံတွေဟာ မြိုင်လို့ဆိုင်လို့နေပါတယ်။

ရွှေတောင်စားစေတီရှိရာ ဘုရားကြီးဝင်းထဲကနေ ပင့်ဆောင်ထားတဲ့ ဘုရားရုပ်ပွားတော်တွေလည်း ဟိုအိမ်က ယာယီစံကျောင်းတော်မှာ စံမြန်းလိုက်၊ ဒီအိမ်က ယာယီစံကျောင်းတော်မှာ သီတင်းသုံးလိုက်ပေါ့။

ရန်ကုန်မြို့ကိုရောက်နေတဲ့ ကိုထိုက်တစ်ယောက် တန်ဆောင်တိုင်အချိန် ထားဝယ်မပြန်ဖြစ်တာ  ၂ နှစ် ဆက်တိုက်ရှိနေပါပြီ။

ဒီအချိန်ဆို ကိုထိုက်တို့လို အဝေးသင်ကျောင်းသားတစ်စု  ရပ်ကွက်ထဲက အကျွေး‌အမွေးဒကာ ဘုရားပင့်တဲ့အိမ်တွေဆီ လှည့်လည်ပြီးလွေး(အားပါးတရ စားသောက်)ကြတဲ့အချိန် ဖြစ်ပါတယ်။

အခုတော့ ထားဝယ်တန်ဆောင်တိုင်ကိုရော ကျောင်းနေဖက်သူငယ်ချင်းတွေကိုပါ သူလွမ်းနေရပါပြီ။

“သူငယ်ချင်းတွေနဲ့ အဲလိုမျိုး အုပ်စုလိုက် ဘုရားလှည့်လို့ရှိရင် လိုက်သွားရင်တော့ ပျော်စရာကောင်းပါတယ်။ အုပ်စုလိုက် ကိုယ်သွားချင်တဲ့နေရာတွေသွားတယ်။ လက်ဘက်ရည်ဆိုင်ဖြစ်ဖြစ် တစ်ခြားသွားချင်တဲ့နေရာသွားတယ်။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်သွားရတာ ပျော်စရာကောင်းတဲ့ အမှတ်တရတွေပါပဲ။ အခုတော့မသွားရတာကြာလို့ လွမ်းနေတယ်။ သူငယ်ချင်းတွေအကြောင်း စိတ်ထဲအမြဲရှိနေတယ်” လို့ ကိုထိုက်ကဆိုပါတယ်။

ကိုထိုက်တို့ ကျောင်းနေဖက် သူငယ်‌ချင်းတွေက နယ်စုံသလို လူလည်းစုံတယ်လို့ ပြောရမှာပါ။

ထွေအုပ်ဝန်ထမ်း၊ ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့ဝင်၊ စစ်သား၊ တရားရေးဌာနစာရေး၊ ကုမ္ပဏီဝန်ထမ်း၊ စက်ချုပ်သမ၊ ရွှေ့ပြောင်းလုပ်သား စသဖြင့် လူစုံတက်စုံ။

ဒါပေမဲ့ ကျောင်းတက်တဲ့အချိန်မှာတော့ အဲဒီဖြစ်တည်မှု အရေခွံတွေအားလုံး ခဏတာ ခွာချထားခဲ့ကြပါတယ်။

ဒေသပေါင်းစုံကနေလာပြီး အဆောင်တစ်ခုမှာနေကြတဲ့ ကိုထိုက်တို့သူငယ်ချင်းတွေ အပျော်ဆုံးအချိန်က တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကာလလို့ဆိုရမှာပါ။

အဝေးသင်ဆိုတာက တစ်နှစ်မှတစ်ကြိမ် တစ်ကြိမ်မှာ တစ်လလောက်ပဲ ကျောင်းတက်ကြရတာပါ။

ကိုထိုက်ကတော့ ကျူရှင်ကြိုတက်မှာမို့လို့သာ ထားဝယ်ကိုကြိုရောက်နေကြတာ။ တချို့သူငယ်ချင်းတွေက အနီးကပ် ၁၀ ရက်တက်ရမယ့်အချိန်မှ ရောက်လာကြလေ့ ရှိပါတယ်။

တန်ဆောင်တိုင်ကာလဆိုရင်တော့ အဝေးသင်နောက်ဆုံးအသုတ် ကျောင်းသားတွေ အနီးကပ် ၁၀ ရက်တက်ရမယ့် အချိန်ဆိုတော့ သူငယ်ချင်းတွေအားလုံး ဆုံနေကြပါပြီ။

ဒီအချိန် ကိုထိုက်တို့ မနက်ခင်းလမ်းလျှောက်လေ့ရှိတဲ့ ကျန်းမာရေးလမ်းနဲ့ လေယာဉ်ကွင်းလမ်းတွေပေါ်မှာ ဆောင်းရာသီရဲ့ ဖွားဖက်တော်နှင်းမြူ‌တွေ တဖွေးဖွေးကျနေတော့မှာပေါ့။

မနက်ဖက်ဆို ထန်းရည်ချိုနဲ့ ကောက်ညှင်းပေါင်း ရောင်းတဲ့ဆိုင်လေးရယ်၊ ညနေဆို ပင်ကျထန်းရည်နဲ့ အ‌မြည်းဖြစ်တဲ့ ရေကြည်ငါးသုပ်လေးလည်း စားချင်နေပါပြီ။

မိုးမလင်းဆိုင်လို့ ခေါ်တဲ့ လမ်းဘေးဆိုင်လေးမှာ အရိုးလွတ်ခေါက်ဆွဲဖြစ်ဖြစ်၊ လက်ဖက်ရည်တစ်ခွက်ဖြစ်ဖြစ် စားပွဲပေါ်ချပြီး သူငယ်ချင်းတွေနဲ့အတူ PUBG ဂိမ်း တစ်ပွဲလောက် နွှဲချင်နေပါပြီ။

ဒါပေမဲ့ သူ့သူငယ်ချင်းတချို့ကတော့ သေနတ်အစစ်ကိုင်ပြီး တိုက်ပွဲဝင်နေကြသလို တချို့ကျတော့ သံတိုင်တွေရဲ့ အနောက်မှာ။

တချို့ကျတော့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်နေကြ‌လို့ ပြန်ဆုံဖို့အခွင့်အရေးမရှိသေး။

“အခုကျတော့ သူငယ်ချင်းတွေလွမ်းနေတယ်။ သူငယ်ချင်းတွေ‌အကြောင်း စိတ်ထဲအမြဲရှိနေတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံချင်သေးတယ်” လို့ သူကဆိုပါတယ်။

တန်ဆောင်တိုင်ကာလ သူငယ်ချင်းတွေနဲ့အတူ ညနေဘက်ဆိုရင် ဆိုင်ကယ်တစ်ဝီဝီနဲ့ မြို့ထဲက ဘုရားမဏ္ဍပ်တွေဆီ လျှောက်သွားပြီး ကိုယ်နဲ့သိသူရော မသိတဲ့သူတွေကပါ ကျွေးသမျှ စားသောက်ခဲ့ရတဲ့ လွမ်းမောဖွယ်ရာ အတိတ်ပုံရိပ်တွေပဲ ကိုထိုက်အတွေးထဲ ထင်ဟပ်နေပါတယ်။

ဘုရားပွဲအချိန်ဆို နယ်ကနေ ထားဝယ်တက်လာပြီး ဘုရားဖူးတဲ့သူတွေနဲ့ မြို့ထဲ‌ တော်တော်လေးကို စည်ကားနေပါပြီ။

ရွှေတောင်စားဘုရားဝင်းရှေ့မှာဆိုဈေးဆိုင်တန်းတွေနဲ့ လူများလွန်းလို့ လမ်းတွေပါ ပိတ်တဲ့အထိဖြစ်တာလေ့ရှိတာပါ။

‌ဒါကြောင့်မို့ ဘုရားကြီးဝင်းတစ်ဝိုက် ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားရတာတွေကိုလည်း  မြင်ယောင်မိပါတယ်။

လျှပ်စစ်မီးကလည်း တစ်မြို့လုံးထိန်ထိန်လင်းလို့။ တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီတာခ ဈေးအကြီးဆုံးမြို့‌လို့တောင် ထင်ရက်စရာမရှိပါဘူး။

ကိုထိုက်တို့အုပ်စု မြို့အနှံပတ်သွားနေချိန် အဝေးသင်ကျောင်းသူ မသင်းသင်းတို့ ပျိုမေတစ်သိုက်ကတော့ အလှဆုံး ဖြစ်အောင် ဖြီးလိမ်းပြင်ဆင်ပြီး ပွဲဈေးတန်းလမ်းလျှောက် ဟန်ရေးပြဖို့ပြင်ဆင်နေကြတာပေါ့။

ပြီးရင်တော့ ဘုရားကြီးထဲလာပြီး အလှဓာတ်ပုံတွေရိုက်။  ပြီးရင် မနီးမဝေးမှာရှိတဲ့ ဖိုးသီးချိုကလေးကစားကွင်း ဘက်သွားပြီး ထားဝယ်မုန့်လက်သုပ်စားကြမယ်။ လှတဲ့နေရာတွေ့ရင် ဓာတ်ပုံဝင်ရိုက်မယ်။

တစ်ခါတလေ ယောကျ်ားလေး သူငယ်ချင်းတွေ နောက်လိုက်ပြီး ဘုရားမဏ္ဍပ်က ကျွေးတာတွေ စားကြ သောက်ကြ ပျော်ကြ၊ ဟားကြရင်း ဘုရားလှည့်ပွဲအကြိုညတွေကို ဖြတ်သန်းကြပါတယ်။ စာကြမ်းပိုးတချို့တောင် အနည်းဆုံးတော့ ပွဲဈေးတန်းထွက် မုန့်ဝယ်စားပြီး အိမ်ပြန်စာကျက်ကြတာပါ။

အခုတော့  ပုလောမြို့သူ မသင်းသင်းလည်း တန်ဆောင်တိုင်ကို လွမ်းဆွတ်သူတစ်ယောက် ဖြစ်နေရပါပြီ။

“အရင်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေပြန်ကြည့်ပြီး အရင်တုန်းက ဒီလိုသွားခဲ့ဖူးတယ်ပေါ့။ အခုတော့ သူငယ်ချင်းတွေ မဆုံကြတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့လည်း မလွယ်တော့ဘူး။ သူငယ်ချင်းတွေ စုံစုံညီညီနဲ့ ဘုရားပွဲကို လည်ပတ်ပြီး ဘယ်အချိန်မှ သွားရမလဲဆိုပြီး တွေးနေရတာပေါ့” လို့ မသင်းသင်းက တမ်းတမ်းတတ ပြောပါတယ်။

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအချိန်က နေ့သင်တန်းကျောင်းသားတွေ ကျောင်းပိတ်ထားချိန်မို့ အဝေးသင်ကျောင်းသားတွေ မင်းမူတဲ့အချိန် အခိုက်အတန့်တစ်ခုပါ။

ဘုရားပွဲကလည်း အဝေးသင် နောက်ဆုံးအသုတ်ကျောင်းသားတွေ စာမေးပွဲနီးတဲ့အချိန် ဒါမှမဟုတ် စာမေးပွဲဖြေနေတဲ့အချိန်နဲ့ နှစ်တိုင်း တိုက်ဆိုင်လေ့ရှိပါတယ်။

ကိုထိုက်အတွက်တော့ ကျောင်းစာတစ်ဖက် ပွဲတော်တစ်ဖက်နဲ့ ဗျာများရတဲ့ အခိုက်အတန့်တစ်ခုလို့ ဆိုရမှာပါ။

ရပ်ကွက်တွေက ပင့်ထားတဲ့ဘုရားတွေဟာ ဘုရားမလှည့်ခင် အနည်းဆုံး သုံးရက်လောက်အလိုမှာ စုရပ်ဖြစ်တဲ့ ဘုရားကြီးဝင်းထဲကို ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ပြန်ပို့ကြပါတယ်။

ရပ်ကွက်အတော်များများက ဘုရားတစ်ဆူ ဖျော်ဖြေရေးပွဲစံ(ကားပေါ်တွင် တီးဝိုင်းနှင့် မင်းသမီးများ တင်ပြီး လှည့်လည်ဖျော်ဖြေသည့်ကား ဒေသအခေါ် အကဖောင်) တစ်ခု ပါလေ့ရှိတာပါ။

ဒါကြောင့် ကိုထိုက်တို့သူငယ်ချင်းတစ်စုလည်း ဆိုင်ကယ်စီးရင်း ဘုရားအစုံ၊ ဖျော်ဖြေရေးအဖွဲ့အစုံကို မြို့ပတ်ပြီးလိုက်ကြည့်လေ့ရှိပါတယ်။

သူတို့အုပ်စုထဲ အနုပညာရွပိုးထိုးသူလည်းပါတာ‌ကြောင့် ဖျော်ဖြေရေးအကဖောင်ပေါ်က မင်းသမီးနဲ့အပြိုင် ကတ္တရာလမ်းမပေါ် စည်းချက်ညီညီ ကွေးအောင်ကတဲ့သူလည်း ရှိပါတယ်။

‘က’ လို့ မောလာရင် ဆိုင်ကယ်ပေါ်တက်ပြီး ဗိုက်ဆာရင် ‌စတုဒီသာကျွေးတဲ့နေရာ ဝင်စားလိုက်ပေါ့။

ဒီလိုနဲ့ သူတို့တတွေဟာ မိုးလင်းပေါက်အားပေးတဲ့အဖွဲ့သားတွေပါ။

ကနေတဲ့သူအချင်းချင်း အခန့်မသင့်လို့ ရန်ပွဲတွေရှိတတ်တာကြောင့် တစ်ယောက်တည်းမသွားကြဘဲ သူငယ်ချင်းတွေနဲ့ သွားကြတာက များပါတယ်။

ဘုရားလှည့်တဲ့ ညရောက်ပါပြီ။

ရွှေတောင်စားစေတီရှိရာ ဘုရားဝင်းနဲ့ အနီးဝန်းကျင်မှာဆိုရင် မြေကြီးပေါ် ခြေကျ/ မကျ မသိရလောက်အောင်အထိ စည်ကားနေတတ်တာပေါ့။ ကိုးရီးယားနိုင်ငံက ဟော်လိုးဝင်း ပွဲတော်လိုမျိုးကို တိုးကြိတ်နေကြရတာပါ။

တန်ဆောင်မုန်းလဆန်း ၁၄ ရက် ည ၇ နာရီလောက်မှာတော့ နှစ်ကျိပ်ရှစ်ဆူ ဘုရားတန်းကြီးဟာ မြို့ထဲလှည့်ဖို့ ရွှေတောင်စားဘုရားဝင်းထဲကနေ ထွက်လာတော့ မျက်စိတစ်ဆုံးပေါ့။

ဘုရားလှည့်မယ့် လမ်းကြောင်းဖြစ်တဲ့ မြို့ထဲအဓိကလမ်းမကြီး တစ်ဖက်တစ်ချက်မှာတော့ ဘုရားဖူးမယ့်သူတွေ အသင့် စောင့်ကြိုနေရာ ယူထားကြပါပြီ။

အဲဒီအချိန်ဆိုရင် မြို့ထဲလမ်းတွေမှာ လူတွေပိတ်နေတာကြောင့် တစ်နေရာက‌နေ တစ်နေရာကို ခြေလျင်ပဲသွားလို့ရပါတော့တယ်။ ဆိုင်ကယ်၊ ကားတွေ သွားလာလို့မရ‌တော့ပါဘူး။

မသင်းသင်းတို့ မိန်းကလေးတွေကတော့ ပြည့်ပြည့်မောက်မောက် လင်းထိန်နေတဲ့ လရောင်အောက်မှာ အနွေးထည်ခပ်ပါးပါးလေးဝတ်ပြီး  ဘုရားလာမယ့်အချိန်ကို အိမ်ရှေ့ထွက်စောင့်နေကြပါတယ်။

သူတို့အရှေ့မှာတော့ အသင့်စား မုန့်ထုပ်တွေ အစီအရီချထားပါတယ်။ ဘုရားလှည့်လိုက်တဲ့ ဥပါသကာတွေကို ကျွေးဖို့အတွက်ပါ။

တစ်မြို့လုံးကလည်း အသင့်စားမုန့်၊ အအေးဘူး၊ ရေသန့်ဘူးကစပြီး ထားဝယ်မုန့်လက်သုပ်၊ ခေါက်ဆွဲကြော်၊ ကြာဇံချက်၊ ဝက်ခေါက်ထမင်း၊ ဆီထမင်းနဲ့ လက်ဘက်ရည် စတဲ့ အစားအသောက်တွေကို သူ့အဖွဲ့နဲ့သူ ပြင်ဆင်ထားပြီး ဘုရားလှည့်လိုက်တဲ့ ဥပါသကာတွေကို ကျွေးမွေးကြပါတယ်။

ကိုထိုက်တို့အုပ်စုကတော့ အရင်နေ့တွေတုန်းလို အပျော်သက်သက်မဟုတ်တော့ဘဲ ဥပါသကာတွေ ဖြစ်သွားကြပါပြီ။

မြို့ခံသူငယ်ချင်းက ပိတ်ဖြူလုံချည်နဲ့ အင်္ကျီအဖြုလက်ရှည်ဝတ်ထားပြီး သူတို့ရပ်ကွက်ရဲ့ ဘုရားလှည်းဘေးမှာ မိန့်မိန့်ကြီးနေရာယူထားတဲ့အချိန် ကိုထိုက်တို့ကတော့ ပလပ်စတစ်လက်အိတ်စွပ်ပြီး ဂုံနီအိတ်ကိုင်ကာ နောက်ဆုံးက အမှိုက်ကောက်အဖွဲ့မှာ ဝင်ပါနေကြပါတယ်။

ထောင်သောင်းချီတဲ့ ပွဲတော်လာပရိသတ်တွေ လွှင့်ပစ်ခဲ့တဲ့ အမှိုက်တွေ ရေသန့်ဘူးခွံတွေကောက်ပြီး နောက်မှာ အသင့်ပါနေတဲ့ သုံးဘီး သို့မဟုတ် ကားတစ်စီးပေါ်ပစ်တင်ရင်း လိုက်ပါလေ့ရှိပါတယ်။

အမှိုက်ကောက်အဖွဲ့မှာပါတယ်ဆိုပြီး သိမ်ငယ်တာတွေမရှိတဲ့အပြင် အမှိုက်ကောက်အဖွဲ့မှာ ပါဝင်ချင်တယ်ဆိုတဲ့ လူငယ်အမြောက်အများက လိုလိုလားလားပါဝင် လုပ်အားပေးကြတာပါ။

၂၀၁၈ ခုနှစ်ကကျင်းပတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတုန်းက အမှိုက်ကောက်တဲ့အဖွဲ့မှာ လူဦးရေ ငါးရာနီးပါး အထိ ပါဝင်ခဲ့ကြပါတယ်။

အရှေ့ကဘုရားလှည်းတွေကြွသွားပြီး လမ်းမကြီးဟာ ပြောင်သလင်းခါပြီး အမှိုက်ကင်းစင်အောင်အထိ လှည်းကျင်းပြီး လိုက်ပါလေ့ရှိတာပါ။

ဒါကလည်း အမှိုက်နဲ့ပတ်သက်ပြီး ထားဝယ်သားတွေရဲ့ ချီးကျူးဂုဏ်ယူစရာ လုပ်ဆောင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒီလိုစိတ်ထားတွေရှိကြလို့ပဲ ထားဝယ်မြို့ဟာ ၂၀၂၀ ပြည့်နှစ်တုန်းက အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ) ကပေးတဲ့ အသန့်ရှင်းဆုံးမြို့ဆိုတဲ့ ဆုကို ရခဲ့ဖူးပါတယ်။

ဒါတွေက ကိုဗစ်ကပ်ဆိုးမဆိုက်ခင်၊  အာဏာမသိမ်းခင်အချိန်က ထားဝယ်တန်ဆောင်တိုင်ပွဲကျင်းပတဲ့ လွမ်းမောတမ်းတဖွယ် ပုံရိပ်တချို့ဖြစ်ပါတယ်။

အခုတော့ ကပ်ဘေးနှစ်ခုက အရာအားလုံး ရိုက်ချိုးဖျက်ဆီးလိုက်ပါပြီ။

၂၀၂၀ ပြည့်နှစ်ကနေ ၂ နှစ်ဆက်တိုက် ရပ်နားထားတဲ့ ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ဒီနှစ်မှာ အကျဉ်းရုံးပြီး ကျင်းပဖို့ရှိနေပါတယ်။

ဒါပေမဲ့ တချို့တွေကတော့ ပွဲတော်ကို မဆင်နွှဲနိုင်ကြတော့ပါဘူး။ အရင်က အဖြူရောင် ပိတ်ဖြူဝတ် ဥပါသကာလူငယ်အချို့ဟာ အပြာရောင်ထောင်ဝတ်စုံကို ဝတ်ဆင်နေရသလို တချို့ကျတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ဝတ်စုံနဲ့ ပေါ့။

တစ်ချိန်က တက္ကသိုလ်ကျောင်းတော်မှာ ပုခုံးဖက်ပေါင်းလာတဲ့ သူငယ်ချင်းတွေဟာလည်း ရှေ့တန်းစစ်မျက်နှာမှာ ရန်သူတွေဖြစ်နေကြပါပြီ။

ဆဲမနာ ဆိုမနာ ပေါင်းဖော်တွေလည်း နိုင်ငံရေးခံယူချက်ကြောင့် အမုန်းပွားနေကြပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း တန်ဆောင်တိုင်ပွဲတော်အပါအဝင် စစ်ကောင်စီက ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲတွေကို ပြည်သူတွေမပါဝင်ကြဖို့ တိုက်တွန်းနေကြပါတယ်။

အရင်အချိန်က တန်ဆောင်တိုင်ပွဲကို လွမ်းပေမယ့် အာဏာသိမ်းထားတဲ့အချိန် တန်ဆောင်တိုင်ပွဲတော်ကျင်းပတာကို လက်မခံနိုင်ဘူးလို့ ကိုထိုက်က အခုလိုပြောဆို လိုက်ပါတယ်။

“ပွဲတော်လုပ်မယ့်အစား အခက်အခဲရှိတဲ့နေရာတွေအများကြီးရှိနေတယ်လေ။ ဥပမာ စစ်ဘေးရှောင်တွေကိုပဲ ကူစေချင်တယ်။ ပွဲတော်ကျင်းပတယ်ဆိုတာကို စိတ်ထဲတော့ ဘဝင်မကျဘူးပေါ့။ လုပ်လဲမလုပ်စေချင်ဘူး။ လုပ်ရင်လည်းပျော်ချင်တဲ့စိတ် ရှိမှာမဟုတ်ဘူး”