တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
834

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ

လောက်ကိုင်သို့ ဦးတည်လာတဲ့ ရှမ်းမြောက်စစ်ဆင်ရေး

လောက်ကိုင်ဒေသကို ပြန်လည်သိမ်းယူဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဦးတည်ကြိုးပမ်းလာပါတယ်။

လောက်ကိုင်ဒေသ ပြန်လည်ရရှိရေးအတွက် စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေတယ်လို့ နိုဝင်ဘာလ ၇ရက်နေ့က မြောက်မိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က ပူးတွဲ ကြေညာထားပါတယ်။

အဲဒီနောက် နှစ်ရက်အကြာ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ လောက်ကိုင်မြို့သိမ်းတိုက်ပွဲ၊ ကွမ်းလုံမြို့သိမ်းတိုက်ပွဲ အတွက် မဟာဗျူဟာမြောက် ဟန်ချက်ညီ ပူးတွဲစစ်ဆင်ရေး ဖော်ဆောင်နေတယ်လို့ ထုတ်ပြန်လာပါတယ်။

၂၀၀၉ ခုနှစ်မှာ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA ကိုးကန့်ဒေသကနေ ဖယ်ရှားခံခဲ့ရပြီးနောက် ပြန်ထိန်းချုပ်ဖို့ တတိယအကြိမ်မြောက် ကြိုးပမ်းလာတာပါ။

လောက်ကိုင်ကို စစ်ကူလာနိုင်တဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ မြို့တွေ၊ စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်း မဟာမိတ်တွေက တောက်လျှာက်သိမ်းယူနေသလို တံတားတွေကိုလည်း ဖျက်ဆီးပြီး လမ်းဖြတ်တောက်ထားပါတယ်။

လာရှိုးကနေ တရုတ်နယ်စပ်သို့ လာရာလမ်းမှာ အဓိက အချက်အချာကြတဲ့ သိန္နီမြို့ကို မြောက်ပိုင်းမဟာမိတ်တွေက သိမ်းယူထိန်းချုပ်ထားပြီး သိန္နီကနေ တရုတ်နယ်စပ် မူဆယ်၊ သိန္နီကနေ တရုတ်နယ်စပ် ချင်းရွှေဟော်အထိ တိုက်ခိုက် သိမ်းယူနေတာပါ။

တရုတ်နယ်စပ်မှာရှိတဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တွေကို မြောက်ပိုင်းမဟာမိတ်တွေက အပြည့်အဝ ထိန်းချုပ်ထားပါတယ်။ သိန္နီ၊ နမ့်ခမ်း၊ ကြူကုတ် (ပန်ဆိုင်း) ၊ ကွမ်းလုံမှာတော့ မြို့ပေါ်ကို ထိန်းချုပ်ထားနိုင်ပေမယ့် အနီးဝန်းကျင်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေက ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ရက်နေ့က စတင်ခဲ့ပြီး နိုဝင်ဘာလ ၁ဝရက်အထိ ဗျူဟာကျတဲ့နေရာတွေအပါအဝင် စစ်ကောင်စီတပ်စခန်း အကြီး၊ အငယ် ၁၅၀ ခန့်နဲ့ သံချပ်ကာကား ၇စီး၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူတွေကို အဓိကထားအသုံးပြုနေပါတယ်။

……………………………………

စစ်ကိုင်းတိုင်းထဲမှာ မြို့နှစ်မြို့ အသိမ်းခံရ

အာဏာသိမ်းပြီးနောက်မှာ စစ်ရေးအပြင်းထန်ဆုံးဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲမှာ မြို့နှစ်မြို့ကို တော်လှန်ရေးအဖွဲ့တွေ စတင်သိမ်းယူလိုက်ပါတယ်။

ခရိုင်အဆင့်မြို့ဖြစ်တဲ့ ကောလင်းမြို့ကို တိုက်ခိုက်ပြီး လေးရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၆ရက်နေ့မှာ သိမ်းယူနိုင် ခဲ့တာပါ။ ကချင်တပ် KIA၊ ရခိုင်တပ် AA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်တွေမီးလောင်ပျက်စီးခဲ့သလို ဒေသခံသောင်းနဲ့ချီ ထွက်ပြေးခဲ့ရပါတယ်။ 

အိန္ဒိယနယ်စပ်မှာတည်ရှိတဲ့ တမူးခရိုင် ခမ်းပါတ်မြို့ကိုလည်း စတင်တိုက်ခိုက်ပြီး ငါးရက်အကြာ နိုဝင်ဘာလ ၇ရက်နေ့မှာ KIA နှင့် တော်လှန်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။

အလားတူ ကလေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေ အသိမ်းခံနေရပါသေးတယ်။

ထီးချိုင့်မြို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်တာကြောင့် သိမ်းယူလို့ မရသေးပါဘူး။ နိုဝင်ဘာလ ၈ရက်နေ့ကနေ ၁ဝရက်နေ့အထိ လေယာဉ်နဲ့ မြို့ကို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့သလို နေအိမ် အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။

……………………………………

မြို့တွေဆက်တိုက်အသိမ်းခံရပြီးနောက် ကာလုံခေါ်

ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းထဲမှာ မြို့တွေဆက်တိုက်အသိမ်းခံလိုက်ရပြီးနောက်မှာ စစ်ကောင်စီက ကာလုံအစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ရှမ်းမြောက်မှာ မြောက်ပိုင်းအဖွဲ့တွေ လုပ်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်လို့ ကာလုံအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာပါ။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့်တပ် MNDAA ဟာ လောက်ကိုင်ဒေသမှာ အာဏာ ပြန်တည်ဆောက်နိုင်ပြီး ကိုးကန့်ပြည်နယ်ရဖို့၊ တအာင်းအဖွဲ့ TNLA က ပလောင်ပြည်နယ်ရဖို့ လုပ်နေတာလို့ ပြောပါတယ်။ 

ရှမ်းမြောက်မှာ တိုက်ခိုက်ခံနေရတာကို အခွင့်ကောင်းယူပြီး စစ်ကိုင်းမှာလည်း မြို့သိမ်းတာတွေ လုပ်လာတယ် လို့သူက ဆိုပါတယ်။ အခုလို တိုက်ခိုက်မှုတွေကို လိုအပ်တဲ့တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတင်မြှောက်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေကတော့ ၁၀၂၇ စစ်ဆင်ရေးကို စစ်ကောင်စီတပ်အနေနဲ့ စွမ်းစွမ်းတမံ မဆောင်ရွက်နိုင်ရင် တိုင်းပြည်အစိတ်စိတ်အမွှာအမွှာပြိုကွဲနိုင်တယ်လို့ ပြောဆိုပါတယ်။

……………………………………

ဒုက္ခသည် နှစ်သန်းကျော်သွားပြီ၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းမှာ ကိုးသောင်းခန့် တိုးလာ

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်နှစ်သန်းကျော်ရှိလာပြီဖြစ်ပြီး လတ်တလော တိုက်ပွဲပြင်းထန် နေတဲ့ ရှမ်းမြောက်နဲ့ စစ်ကိုင်းမှာ စစ်ဘေးရှောင် ကိုးသောင်းလောက် တိုးလာတယ်လို့ ကုလက ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူ ငါးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရပြီး စစ်ကိုင်းတိုင်းမှာလည်း လေးသောင်းခန့် တိုးလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က နိုဝင်ဘာလ ၁ဝရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက် တိုက်ပွဲကြောင့် မြို့နယ် ၆ခုမှာ အရပ်သား ၁၉ ဦးသေဆုံးပြီး ၃၉ ဦးဒဏ်ရာတဲ့အပြင် နေအိမ် နှစ်ရာလောက် ပျက်စီးတယ်လို့လည်းဆိုပါတယ်။

ရှမ်းမြောက်မှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် လောက်ကိုင်အပါဝင် မြို့တချို့မှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်တာတွေ ကြုံနေရပါတယ်။

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းကျော်သွားပြီဖြစ်ပါတယ်။ အဲဒီထဲက ၁ဒသမ ၇သန်းဟာ အာဏာသိမ်းပြီးနောက် တိုးလာသူတွေဖြစ်ပြီး နောက်သုံးသိန်းကျော်ကတော့ အာဏာမသိမ်းခင်ကပင် ရှိနေတာလို့ ကုလက ဆိုပါတယ်။

……………………………………

ရုရှားနဲ့ မြန်မာရေတပ် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်

ရုရှားနဲ့ မြန်မာရေတပ် ပထမဆုံးအကြိမ်း ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ မြိတ်မြို့ အနောက်ဘက်က ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း မြန်မာရေပိုင်နက်မှာ စစ်ရေးလေ့ကျင့်ခဲ့တာပါ။

ရုရှား ဖျက်သင်္ဘောနှစ်စင်းနဲ့ အရာရှိစစ်သည် ရာချီပါဝင်ပြီး မြန်မာစစ်ကောင်စီဘက်က စစ်သင်္ဘောတွေနဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ရေပြင်၊ ဝေဟင်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းတွေနဲ့ လက်တွေ့ပစ်ခတ်မှုတွေ ပါဝင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

ဒီလေ့ကျင့်မှုဟာ စစ်ကောင်စီကို ရုရှားထောက်ခံကြောင်း ပြသလိုတဲ့ လုပ်ရပ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

……………………………………

သမ္မတဦးဝင်းမြင့်ကို ထောင်ဝင်စာတွေ့ခွင့်ရ

တောင်ငူထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို မိသားစုက ထောင်ဝင်စာတွေ့ခွင့်ရတယ်လို့ ပြည်တွင်းသတင်းဌာနတချို့မှာ ဖော်ပြပါတယ်။

အသက် ၇၀ကျော်အရွယ် သမ္မတဦးဝင်းမြင့်ကို အောက်တိုဘာလ နောက်ဆုံးပတ်မှာ ဇနီးဖြစ်သူ ဒေါ်ချိုချိုက လူချင်း တွေ့ခွင့်ရရှိခဲ့တာပါ။ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရချိန်ကနေ မိသားစုက ပထမဆုံးအကြိမ် တွေ့ခွင့်ရရှိတာ ဖြစ်ပါတယ်။

တွေ့ခွင့်ရဖို့အတွက် အကျဉ်းဦးစီးဌာနမှာ အချက်အလက် ပြည့်ပြည့်စုံစုံပေးရသလို လွတ်လွတ်လပ်လပ်တွေ့ခွင့်လည်း မရဘူးလို့ ဆိုပါတယ်။ သမ္မတ ဦးဝင်းမြင့်ကတော့ ကျန်းမာရေးကောင်းမွန်းတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူရဲ့ ရှေ့နေအဖွဲ့က ထောင်ဝင်စာ တွေ့ခွင့် တောင်းဆိုထားပေမယ့် တစ်စုံတစ်ရာ အကြောင်းမပြန်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူကလည်း တွေ့ဆုံခွင့် တောင်းထားပါသေးတယ်။

ကိုဗစ်ကာလနေ ပိတ်ထားတဲ့ ထောင်ဝင်စာတွေ့ခွင့်ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ စတင်ခွင့်ပြုခဲ့တာပါ။ သေဒဏ်နဲ့ ထောင်တစ်သက် ကျခံနေရသူတွေကိုလည်း နိုဝင်ဘာလ ၅ရက်နေ့က စလို့ ထောင်ဝင်စာတွေ့ခွင့် ပြုခဲ့ပါတယ်။

……………………………………