မဲဆောက်ရန်ပွဲတွင် မြန်မာလူငယ်တစ်ဦး ပစ်သတ်ခံရ

0
803

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် ဆယ်ကျော်သက်အချင်းချင်းဖြစ်သော ရန်ပွဲအတွင်း မြန်မာဆယ်ကျော်သက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

 ရန်ပွဲသည် မဲဆောက်မြို့ မယ်ပရွာသို့ သွားသော လမ်းရှိ ဘုန်းကြီးကျောင်းရှေ့တွင် မနေ့ ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 သေဆုံးခဲ့သူသည် အသက် ၁၇ နှစ်အရွယ် ဟိန်းသူအောင် အမည်ရှိသော မြန်မာတစ်ဦးဖြစ်ပြီး ဦးခေါင်း သေနတ်ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။

သေနတ်ဒဏ်ရာဖြင့် လမ်းဘေးတွင် လဲနေသော ဟိန်းသူအောင်ကို မဲဆောက်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ထမ်းများက ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုနှင့် သွေးထွက်လွန်မှုကြောင့် သေဆုံးသွားခဲ့ဟုဆိုသည်။

 မဲဆောက်ရဲတပ်ဖွဲ့များက အခင်းဖြစ်ပွားရာနေရာတွင် ရှာဖွေရာ ကျည်ဆန်အခွံကို မတွေ့ရသော်လည်း အသက် ၁၆ နှစ်အရွယ် မျက်မြင်သက်သေဖြစ်သော မြန်မာဆယ်ကျော်သက်အမျိုးသမီး ၃ ဦးကို ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

 ၎င်းတို့၏ ထွက်ဆိုချက်နှင့်အတူ ရဲတပ်ဖွဲ့များက သေနတ်ပစ်ခတ်သူဟု ယူဆရသော အသက် ၁၆ နှစ်အရွယ် မြန်မာဆယ်ကျော်သက်တစ်ဦးကို နှစ်နာရီအတွင်း ရှာဖွေဖမ်းဆီးနိုင်ခဲ့ဟုဆိုသည်။

သေနတ်သမားကို မဲဆောက်မြို့အတွင်းရှိ အခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ မှတ်ပုံမတင်ထားသော 9mm(နိုင်းမမ) ပစ်စတိုသေနတ်ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ပစ်ခတ်မှုတွင် ကြံရာပါဟု ယူဆရသော နောက်ထပ် အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် နှစ်ဦးကိုပါ ထပ်မံဖမ်းဆီးခဲ့ပြီး ၎င်းတို့ သုံးဦးကို ဆက်လက်စစ်ဆေးမေးမြန်းရန်အတွက် မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကနဦးမေးမြန်းချက်အရ မြန်မာဆယ်ကျော်သက် နှစ်အုပ်စုသည် ရန်ကြွေးများရှိခဲ့ပြီး ထိုရန်ငြိုးနှင့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဖြေရှင်းရန်အတွက် တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း ထွက်ဆိုချက်များအရသိရသည်။

 ၎င်းတို့သည် ဘုန်းကြီးကျောင်းဝင်ပေါက်၏ တစ်ဖက်ခြမ်းရှိ လမ်းဘေးတွင် တွေ့ဆုံခဲ့ကြပြီး တစ်ဖက်စီတွင် မိန်းကလေး၊ ယောက်ျားလေး ၅ ဦးခန့်စီ ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

တွေ့ဆုံပွဲတွင် အငြင်းပွားစရာများရှိခဲ့ကြပြီး ဟိန်းသူအောင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

 ယင်းပစ်ခတ်မှုကို ပြည်သူများ အာရုံစိုက်မှုများပြားလာခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် နှစ်နာရီအတွင်း သေနတ်ပစ်ခတ်သူဟု ယူဆရသောသူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: The Thaiger, Khoasod Online