မလေးရှားပို့မည့် ကျပ်ဘီလီယံတစ်ရာကျော်တန်ဖိုးရှိမူးယစ်ဆေး ကော့သောင်းတွင် ဖမ်းမိ

0
1458
ဓာတ်ပုံ-MRTV

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတို့အား အောက်တိုဘာလ ၃၀ ရက်နေ့က ကော့သောင်းမြို့တွင် ဖမ်းမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာတွင် စစ်ကောင်စီ ရေတပ်က ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ အာဘော် MRTV သတင်းဌာနက ထုတ်ပြန်သည်။

သတင်းအရ ပင်လယ်ပြင်အတွင်း ပိတ်ဆို့ရှာဖွေရာမှ မလေးရှားနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းသည့် စက်လှေ တစ်စီးပေါ်က လှေသား ၇ ဦးတို့နဲ့အတူ GUANYINWANG စာတမ်းပါ အထုပ်များအတွင်းမှ ICE ၂၆၀၀ ကီလိုဂရမ် ကာလတန်းဖိုးအားဖြင့် ငွေကျပ် ၁၀၄ ဘီလီယံခန့်အား ဖမ်းမိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖမ်းမိသူတို့၏ ထွက်ဆိုချက်အရ ညီညီဆိုသူမှ မလေးရှားရှိ မူးယစ်ဂိုဏ်းတို့နှင့် ချိတ်ဆက်ပြီး ရေကြာင်းလမ်းဖြင့် မူးယစ်ဆေးဝါးတို့အား ပို့ဆောင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ပင်လယ်ထွက်ပေါက်တာ ကျယ်တာဆိုတော့၊ မူးယစ်ဆေးဝါးတွေကို ရေလမ်းကိုပဲသုံးပြီး ပို့လာနေကြတာပါ” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းမိသူတို့အား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့်အရေးယူထားပြီး ညီညီဆိုသူအား ဖမ်းမိရေးအတွက် ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်းတို့သည် ပင်လယ်ရေကြောင်းတို့အား အသုံးပြုပြီး မူးယစ်ဆေးဝါးတို့အား ကုန်သွယ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။