ရေဖြူ ပရဒပ်ရွာတွင် မီးရှို့ခံရသည့် နေအိမ်ပြာပုံထဲတွင် အလောင်းသုံးလောင်းတွေ့

0
886
ပုံစာ - ပရဒပ်ရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး(ပုံဟောင်း)

စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်နေသည့် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲရှိသည့် ပရဒပ်ရွာ၌ မီးရှို့ခံရသည့် နေအိမ်ပြာပုံထဲတွင် ရုပ်အလောင်းသုံးလောင်း တွေ့ရကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် နေအိမ်သုံးလုံး မီးရှို့ခံရပြီး ရုပ်အလောင်းတို့ကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ရုပ်အလောင်းတို့အနက် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများတွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။

ထိုရုပ်အလောင်း သုံးလောင်းမှာ ပျောက်ဆုံးနေသည့် ပရဒပ်ရွာသားများအနက်က မည်သူမည်ဝါတို့ဖြစ်သည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။

အမျိုးသားဟု အတည်ပြုနိုင်သည့် အလောင်းနှစ်လောင်းမှာ ဦးအောင်ဝင်းနိုင်နှင့် ဦးအောင်နွယ်တို့ ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းကြောင်း ဒေသခံတွေက ဆိုသည်။

“အလောင်းတွေကို ခန့်မှန်း မရတော့ဘူး။ (နှစ်ဦးက) အမျိုးသား အလောင်းဆိုတာပဲ သိရတယ်။ နောက်တစ်ဦးက အမျိုးသား၊ အမျိုးသမီး ခွဲခြားမရတော့ဘူး” ဟု ပရဒပ်ရွာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လည်ပိုင်းကစပြီး ရေဖြူမြို့နယ် နဘုလယ်ဒေသထဲက ပရဒပ်ရွာကို နယ်မြေရှင်းလင်းရန် ရောက်ရှိနေခြင်းဖြစ်သည်။

ဦးအောင်ဝင်းနိုင်နှင့် ဦးအောင်နွယ်တို့အပါအဝင် ဒေသခံ ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ပရဒပ်ရွာက နေအိမ် သုံးလုံးထက်မနည်းကို မီးရှို့ကာ နဘုလယ်ထိန်ကြီးရွာဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖမ်းဆီးခံရသူများအနက် ရိုက်နှက်စစ်ဆေးခံရသည့် ဦးစောထွေးဆိုသူ၏ ရုပ်အလောင်းကို ထိန်ကြီးရွာ ဘောလုံးကွင်း အနီး အောက်တိုဘာလ ၂၅ရက်ညပိုင်းက ပြန်တွေ့ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“သူအလောင်းကို ညနေ ၆ နာရီလောက်မှာ သွားယူတယ်။ သူအိမ်မှာပဲ ထားပြီး ဒီမနက် သင်္ဂြိုဟ်လိုက်ကြပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့တွင် နောက်ထပ် ဒေသခံသုံးဦး၏ ရုပ်အလောင်းကို မီးရှို့ခံရသည့် နေအိမ်ပြာပုံထဲတွင် ထပ်တွေ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

စစ်ကောင်စီတပ် ဖမ်းသွားသည့် ကျန်ဒေသခံများမှာ အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြပြီး ကျေးရွာအတွင်း ပျောက်ဆုံးနေသူများလည်းရှိသဖြင့် ပြာပုံထဲတွေ့သည့် ရုပ်အလောင်းတို့မှာ မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြုနိုင်သေးခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ပရဒပ်ရွာသည် နေအိမ် ခြောက်ရာကျော်ရှိပြီး စစ်ကြောင်းဝင်ရောက်နေသဖြင့် ထောင်ချီရှိသည့် ဒေသခံများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။