ထိုင်းရဲများက မြန်မာလုပ်သားသုံးဦးကို ရိုက်နှက်ပြီး ဘတ်တစ်သိန်း ခြိမ်းခြောက်ငွေညှစ်

0
854

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ရဲတပ်ဖွဲ့ဝင်များက မြန်မာလုပ်သား သုံးဦးကို ဖမ်းဆီးရိုက်နှက်ပြီး ဘတ် တစ်သိန်း ခြိမ်းခြောက် ငွေညှစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားတို့သည် ရိုက်နှက်ငွေညှစ်ခံရသဖြင့် ဘန်ကောက်အခြေစိုက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် “Saimai Survive” အဖွဲ့ထံသို့ လာရောက်တိုင်ကြားခဲ့ကြောင်း အဆိုပါအဖွဲ့၏ Facebook စာမျက်နှာတွင် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ကျောကုန်းတွင် ရိုက်နှက်ခံထားသည့် ဒဏ်ရာ သက်သေများနှင့်တကွ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အောက်တိုဘာ ၂၂ ရက်နေ့တွင် ချွန်ဘူရီခရိုင် ဘော်ဝင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မြန်မာအလုပ်သမား သုံးဦးကို ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်နေသည်ဟု စွပ်စွဲပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် ဘန်ကောက်မြို့ ဘန်နားဒေသတွင် နေထိုင်သူများဖြစ်ကာ ချွန်ဘူရီခရိုင် ဘော်ဝင်းဒေသသို့ လာလည်စဉ် ဖမ်းဆီးခံရကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများက ၎င်းတို့သည် ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်နေကြောင်း ပြောဆိုခဲ့ပြီး အထောက် အထားများဖြင့် သက်သေပြခဲ့သော်လည်း ရဲတပ်ဖွဲ့ဘက်က ငြင်းဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထို့နောက် မြန်မာနိုင်ငံသားများကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက မြန်မာအလုပ်သမားသုံးဦးကို တစ်ခန်းစီ သီးခြားထား စစ်ဆေး၍ သံချောင်းဖြင့် ရိုက်နှက်ကာ အတင်းအဓမ္မဝန်ခံခိုင်းခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားတစ်ဦး၏ ဖုန်းကို စစ်ဆေးသောအခါ ဘဏ်အကောင့်ထဲတွင် ဘတ် ၅၀၀၀၀ နှင့်အထက်ရှိနေသည်ကို တွေ့ရှိခဲ့ရပြီး ကျန်နှစ်ဦး၏ ဘဏ်အကောင့်များကိုလည်း စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

ရဲတပ်ဖွဲ့များက မြန်မာနိုင်ငံသားများကို အမှုကို ပိတ်သိမ်းပေးမည်ဟု ကတိပေးကာ ဘတ် ၁ သိန်းပေးရန် တောင်းခံခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများက ၎င်းတို့၏ လုံခြုံရေးအတွက် ဘတ် ၁ သိန်းကို ပေးချေခဲ့ရပြီးနောက် ရဲတပ်ဖွဲ့များက ATM မှတစ်ဆင့် ထုတ်ယူခဲ့ကြကြောင်း ဖော်ပြထားသည်။

အမှုနှင့် ပက်သက်၍ ဖြစ်စဉ်ဖြစ်သည့်နေ့တွင် တာဝန်ကျသော ရဲတပ်ဖွဲ့ဝင် အားလုံးကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်ဟု ဘော်ဝင်ရဲစခန်းက ရဲအရာရှိတစ်ဦး၏ ပြောဆိုချက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ဒဏ်ရာရရှိခဲ့သော မြန်မာနိုင်ငံသားများကိုလည်း ကျန်းမာရေးစစ်ဆေးမှုခံယူကြရန် ၎င်းက တိုက်တွန်းထားကြောင်း ဖော်ပြသည်။

အမှုတွင် ပါဝင်ပက်သက်နေသော ရဲတပ်ဖွဲ့ဝင်အားလုံးကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း အဆိုပါအရာရှိ၏ ပြောဆိုချက်ကို သတင်းများတွင် ဆက်လက်ဖော်ပြသည်။

Ref: The Thaiger, PPTV HD 36