ထားဝယ်ဇာတ်သဘင်လုပ်ငန်းများ ပြန်မလည်ပတ်နိုင်သေး

0
769
ပုံစာ - ယမန်နှစ်က ထိုင်းနိုင်ငံတွင်ဖျော်ဖြေနေသည့် ထားဝယ်ဇာတ်သဘင်တစ်ခု။

ကိုဗစ်ကပ်ဘေးကာလတွင် စတင်ရပ်နားလိုက်ရသည့် ထားဝယ်ဒေသအခြေစိုက် ဇာတ်သဘင်လုပ်ငန်းများသည် အာဏာသိမ်းမှုအကျိုးဆက် မတည်မှုများကြောင့် ယခု ၂၀၂၃ ခုနှစ်အထိ ပြန်လည် မလည်ပတ်နိုင်သေးကြောင်း ဇာတ်သဘင်အသိုင်းအဝိုင်းထံမှ သိရသည်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟိုက ဇာတ်သဘင်တည်ထောင်ခွင့်လုပ်ငန်းလိုင်စင်ကို လျှောက်ထားခွင့် ပြုထားသည်။

သို့သော် နယ်မြေတည်ငြိမ်မှု မရှိမှုနှင့် ကပြဖျော်ဖြေခွင့်ပွဲပါမစ် အခက်အခဲတို့ကြောင့် ထားဝယ်ဒေသရှိ ဇာတ်သဘင် လုပ်ငန်းရှင်များက ဇာတ်တည်ထောင်ခွင့်လုပ်ငန်းလိုင်စင်များ ဆက်လက်မလျှောက်ထားတော့ကြောင်း ထားဝယ်ခရိုင် သဘင်အစည်းအရုံး ဥက္ကဋ္ဌက ပြောသည်။

“အလှူပွဲ၊ နတ်ပွဲလောက်ကလို့ရတဲ့ ဆိုင်းပွဲအငယ်လေးတော့ ၂ ဖွဲ့ရှိတယ်။ ကျန်တဲ့ ဇာတ်အကြီးတွေတော့ ပြန်မစုစည်း နိုင်တော့ဘူး။ ကိုဗစ်မတိုင်ခင်က ထားဝယ်မှာ ဇာတ်ဖွဲ့အကြီး တစ်ဆယ်ကျော်ရှိတယ်။ အခုက တစ်ဖွဲ့မှ မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။

တနင်္သာရီတိုင်းနှင့် ထိစပ်နေသည့် မွန်ပြည်နယ်တွင်မူ မြို့နယ်အားလုံးတွင် ပွဲကပြခွင့်ပါမစ်များပြန်လည်ခွင့်ပြုထားပြီး ပြန်လည်တည်ထောင်ထားသည့် ဇာတ်အဖွဲ့ပေါင်း ၄၀ ကျော်ရှိကြောင်း မွန်ပြည်နယ်သဘင်အစည်းအရုံးထံက သိရသည်။

ကိုဗစ်ကာလကတည်းက လေးနှစ်နီးပါး ရပ်နားထားရသည့် ထားဝယ်ဇာတ်သဘင်က သဘင်လုပ်သားအများစုမှာ မြိတ်မြို့ရှိ ဇာတ်သဘင်များသို့ သွားရောက်ရွှေ့ပြောင်းလုပ်ကိုင်နေကြပြီး အချို့မှာလည်း ပြည်ပနိုင်ငံများသို့ ရောက်ရှိ ကာ နီးစပ်ရာစုစည်း၍ ဇာတ်သဘင်များတည်ထောင်ထားကြကြောင်း ဇာတ်သဘင်အသိုင်းအဝိုင်းထံမှ သိရသည်။

“ကျွန်တော်တို့ဆီက သဘင်သည်တွေက မြိတ်ဘက်ကိုရောက်သွားတယ်။ မြိတ်မှာ အခုနှစ်သဘင်ရာသီအတွက် ဇာတ်ကြီး ၂ဖွဲ့ရှိတယ်။ ပွဲပါမစ်တွေကတော့ နားလည်မှုနဲ့ပေါ့လေ” ဟု ထားဝယ်ခရိုင် သဘင်အစည်းအရုံး ဥက္ကဋ္ဌက ဆိုသည်။

ထားဝယ်မြို့ခံ လူရွှင်တော်တစ်ဦးကလည်း ထားဝယ်တွင် ဇာတ်သဘင် မရှိသဖြင့် ဇာတ်သဘင်ရှိရာသို့ သွားရောက်ကြသလို ကြုံရာကျပန်း လုပ်ကိုင်နေသူများလည်းရှိကြောင်း ပြောဆိုသည်။

“မြိတ်ဘက်ဆင်းပြီး သဘင်အလုပ်ဆက်လုပ်တဲ့သူလုပ်၊ ထားဝယ်မှာ ရရာလုပ်တဲ့သူက လုပ်ပဲ ။ ကျွန်တော်တို့တောင် အလှူရှင်တွေနဲ့ သိပြီးခေါ်လို့ ကရမယ့်ပွဲ တစ်ပွဲ နှစ်ပွဲလောက်ပဲရှိတယ်။ အခုကာလမှာက စိတ်အေးအေးနဲ့ အလုပ် လုပ်လို့ မရဘူးလေ” ဟု ၎င်းက ပြောသည်။

ထားဝယ်ခရိုင်ရှိ မြို့နယ်လေးခုတွင် စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ထားသဖြင့် ဇာတ်ပွဲများ မကျင်းပနိုင်ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲများ၊ စစ်ကြောင်းထိုးမှုများနှင့် ဝင်ရောက်စီးနင်ဖမ်းဆီးခြင်း ပဋိပက္ခဖြစ်စဉ်များအပြင် ပျော်ပွဲရွှင်ပွဲများ မလုပ် ကြရန် တော်လှန်ရေးအင်အားစုများ၏ တားမြစ်မှုများကြောင့် ဒေသအလိုက် ဘုရားပွဲတော်များကို ကျင်းပနိုင်ခြင်း မရှိသလို ပုံစံပြောင်းကျင်းပသည့် ပွဲတော်များတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များမပါဘဲ ကျင်းပနေကြကြောင်း ဒေသခံများက ပြောဆိုသည်။