စစ်ကောင်စီတပ် ဖမ်းသွားသည့် ရငဲရွာသား၏ အလောင်းကို မြေမြှုပ်လျက်ပြန်တွေ့

0
851
ပုံစာ - ကျောက်ခမောက်ရွာက မီးရှို့ခံရသည့်နေအိမ်တစ်ဆောင်ကို ယနေ့ နံနက်အောက်တိုဘာ ၂၆ ရက်တွင်တွေ့ရစဉ်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရငဲရွာသားတစ်ဦး၏ ရုပ်အလောင်းကို ကျွဲမင်းကုန်းကျေးရွာ ပင်လယ်ကမ်း ခြေတွင် မြေမြှုပ်ဖျောက်ဖျက်ထားသည်ကို ပြန်လည်တူးဖော်တွေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။

အသတ်ခံရသူမှာ ကိုညီညီကို ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်က ကျောက်ခမောက်ရွာတွင် ဖမ်းဆီးခံရကာ ယနေ့ အောက်တိုဘာလ ၂၆ရက် နံနက်တွင် မြေမြှုပ်ထားသည့် ရုပ်အလောင်းကို ရွာသားများက တွေ့ရှိခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒဏ်ရာကတော့ ပစ်သတ်တဲ့ပုံစံမဟုတ်ဘဲ ရိုက်သတ်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ ခေါင်းတစ်လုံးလုံး ကြေနေတယ်။ ကျောက်ခမောက်ကနေ ဖမ်းသွားတာ။ ကျွဲမင်းကုန်း ပင်လယ်ကမ်းစပ်မှာ အလောင်းဖျောက်ထားရစ်တာကို ရွာသားတွေ ပြန်တွေ့တယ်” ဟု ၎င်းက ပြောဆိုသည်။

အလောင်းတွင် လက်နောက်ပြန်ကြိုးတုပ်ထားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။

ကိုညီညီကိုနှင့်အတူ ဖမ်းဆီးခံရသည့် အမျိုးသားနှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာသည်ဟု ဒေသခံအချို့၏ ပြောဆိုချက်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

၎င်းတို့သုံးဦး ဖမ်းဆီးခံရသည့်နေ့တွင် ကျောက်ခမောက်ရွာက နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့ပြီး အောက်တိုဘာလ ၂၅ရက်တွင်လည်း ကျွဲမင်းကုန်းရွာက နေအိမ်နှစ်လုံးကိုလည်း ရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း ကျွဲမင်းကုန်းရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်းက ကျေးရွာများကို စစ်ကြောင်းထိုး နယ်မြေ ရှင်းလင်းနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

အထက်ပါဖြစ်စဉ်များမတိုင်မီ အောက်တိုဘာလ ၂၁ ရက် နံနက် ၇ နာရီခန့်တွင် ကမြိုင်နှင့် ရငဲရွာကြားမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က ရှစ်ဦး ထိခိုက်သေဆုံးကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ခုထံမှ သိရသည်။

ယင်းနေ့ ညနေ ၃ နာရီခန့်တွင် ရငဲရွာထဲဝင်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကောင်စီတပ်က အလစ်တိုက်ခိုက်ခဲ့ရာ ရဲဘော်နှစ်ဦးကျဆုံးပြီး ရငဲရွာက အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

အသတ်ခံရသည့် အရပ်သားနှစ်ဦးမှာ အသက် ၃၁ နှစ်ခန့်ရှိ ကိုဇော်မင်းထွေးနှင့် အသက် ၃၄ နှစ်ခန့်အရွယ် ကိုပိုချိုင်ချိုင်ဖြစ်ပြီး ရငဲရွာ တောင်ကျာင်းတွင် ဝေယျာဝစ္စလုပ်ပေးနသူများဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။