သထုံတွင် ဘုရားဖူးကား မိုင်းဆွဲခံရပြီး အရပ်သားနှစ်ဦးဒဏ်ရာရ

0
942

မွန်ပြည်နယ်၊ သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဘုရားဖူးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသော လိုက်ထရပ်အမျိုးအစား ဘုရားဖူးကားသည် ယနေ့ နံနက် ၆နာရီကျော်တွင် ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) နှင့် (၁၃၂/၆) ကြားအရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မိုင်းဆွဲခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဝဏ္ဏကျော်နှင့် ကားပေါ်စီးနင်းလိုက်ပါလာသည့် မထက်ထက်အောင် ဆိုသူတို့ မိုင်းစ ဖောက်ဝင်ဒဏ်ရာ၊ မိုင်းစရှပ်မှန်ဒဏ်ရာများ ရရှိကြောင်း ဒေသခံတို့က ဆိုသည်။

ယာဉ်မောင်းမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သထုံဒေသခံတစ်ဦးက ပြောဆိုသည်။

“ထိသွားတဲ့နှစ်ဦးက ယာဉ်မောင်းနဲ့ ခေါင်းခန်းမှာ စီးနေတဲ့ အမျိုးသမီးတစ်ဦး။ ယာဉ်မောင်းကတော့ ဒဏ်ရာပြင်းတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ထိခိုက်ဒဏ်ရာရသူနှစ်ဦးကို လူမှုကယ်ဆယ်ရေးအသင်းတို့၏ အကူအညီဖြင့် သထုံခရိုင်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါဘုရာဖူးကားသည် ဧရာဝတီတိုင်း၊ ဘိုကလေးဘက်မှဖြစ်ပြီး မွန်ပြည်နယ်သို့ ဘုရားဖူး လာရောက်ကြခြင်းဖြစ်ကြောင်း ဒေသခံတို့၏ ပြောပြချက်များအရ သိရသည်။

မိုင်းဆွဲခံရမှုကြောင့် ဘုရားဖူးကားလည်း ထိခိုက်ပျက်ဆီးကြောင်း ၎င်းတို့က ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် မေလကလည်း သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ခရီးသည်တင် ကားတစ်စီး မိုင်းဆွဲခံရပြီး အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ယင်းအပြင် ဇန်နဝါရီလအတွင်းကလည်း ကမာစိုင်းကျေးရွာအနီးတွင်ပင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲခံရကာ သေနတ်ဖြင့်ပါ ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာခဲ့သည်။

ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းတစ်လျှောက်တွင် ခရီးသွားကားများ၊ ဘုရားဖူးကားများ၊ လူမှုကယ်ဆယ်ရေးကား ပစ်ခတ်ခံရသည့်ဖြစ်စဉ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး ခရီးသွားပြည်သူ ထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်။