မြိတ်တွင် တိုက်ပွဲနှစ်ကြိမ်အတွင်း KNDO ရဲဘော်တစ်ဦးကျဆုံး

0
940
ဓာတ်ပုံ - တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့

မြိတ်မြို့နယ်တွင် ပြီးခဲ့ရက်ပိုင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO က ရဲဘော် တစ်ဦးကျဆုံးကာ စစ်ကောင်စီဘက်ကလည်း သေဆုံးမှုများပြားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အောက်တိုဘာလ ၂၀ နှင့် ၂၁ ရက်နေ့တို့တွင် တုံးဗျောကျေးရွာနှင့် ငါးရံ့အင်းရွာဟောင်းတို့တွင် KNDO အပါအဝင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။

တိုက်ပွဲအတွင်း KNDO တပ်ရင်း (၂) တပ်ခွဲ (၃) က ရဲဘော်တစ်ဦးကျဆုံးပြီး မဟာမိတ်ပူးပေါင်းတပ်က ရဲဘော်နှစ်ဦး ဒဏ်ရာရကာ အသက်အန္တရာယ်မူ စိုးရိမ်ဖွယ်ရာမရှိကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ အောက်တိုဘာလ ၂၃ရက်တွင် ထုတ်ပြန်သည်။

“ရဲဘော်တစ်ဦးကျပါတယ်။ အသက်ကတော့ လေးဆယ်လောက်ရှိပါပြီ” ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာလ ၂၀ ရက်နေု့ နံနက် ၅ နာရီခွဲတွင် တုံးဗျောကျေးရွာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ ဝင်တိုက်ပြီး အချိန် ၂ နာရီကြာမြင့်ခဲ့သည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီတွင်လည်း ငါးရံ့အင်းရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

တုံးဗျောကြီး စစ်ကောင်စီစခန်းအား ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖက်က ၁၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိပြီး ငါးရံ့အင်းရွာတိုက်ပွဲတွင်လည်း စစ်ကောင်စီဖက်က ၂၀ ဦး သေဆုံးကြောင်း မြိတ် ပကဖက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးမှုကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါတိုက်ပွဲအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း (၇) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ပူးပေါင်းစစ်ကြောင်းက စစ်ရေးကိစ္စများအား စဉ်ဆက်မပြတ်လုပ်ဆောင်နေသဖြင့် ဒေသခံများနှင့် ခရီးသွားပြည်သူများ သတိကြီးစွာထားပြီး သွားလာနေထိုင်ရန် မေတ္တာရပ်ခံကြောင်းလည်း ထုတ်ပြန်ထားသည်။