တိုက်ပွဲကြောင့် ရေးတွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

0
1143

ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ရေးတံတားကြီးတွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာသစ် တစ်ရွာလုံးထွက်ပြေးတိမ်းရှောင် နေရကြောင်းသိရသည်။

ရေးတံတားကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့၊ ABSDF တပ်ရင်း (၁) ပူးပေါင်းတပ်ဖွဲ့တို့က အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြသည်။

နှစ်ဖက်တိုက်ပွဲအတွင်း ကျုံလောင်းရွာသစ်မှ အမျိုးသားတစ်ဦး သေဆုံးပြီး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲကြောင့် ကျုံလောင်းရွာသစ်မှ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း လက်ရှိတွင် အခြေအနေငြိမ်သက်နေသော်လည်း တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်နေကြသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသူများ နေရပ်မပြန်ရဲကြသေးကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲဖြစ်ပြီးနောက်မှာ တစ်ရွာလုံးနီးပါးပဲ ထွက်ပြေးကုန်တာ။ အခုထိလည်း မပြန်ရဲကြသေးဘူး။ တိုက်ပွဲထပ်ဖြစ်မှာကြောက်နေကြတယ်လေ” ဟု ကျုံလောင်းရွာခံတစ်ဦးက ပြောသည်။

ဒေသခံများသည် ရေးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားသူများရှိသလို နီးစပ်ရာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဘက် ထွက်ပြေးတိမ်းရှောင်နေကြသူများလည်း ရှိနေသည်။

ရေးတံတားကြီးတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၂၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

ယင်းအပြင် RPG ၁ လက်၊ MA1 ၄ လက်၊ MA2 စက်လက် ၂ လက်၊ MA3 ၂ လက်၊ MA4 ၁ လက်၊ သေနတ်အတို ၂ လက်အပြင် ခဲယမ်းများ၊ စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရေးတံတားကြီးနှင့် ရေးမြို့အတွင်း စစ်ကောင်စီတပ်က စစ်ဆေးမှု တင်းကြပ်ထားသည့်အတွင် ဒေသခံများ သွားလာရာတွင် သတိထားသွားလာနေရကြောင်း ဆိုသည်။

“တံတားကတော့ ဖြတ်သန်းသွားလာလို့ရတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့နေ့ကစပြီး အဲတံတားဘက် မဖြတ်ရဲကြဘူး။ စစ်ဆေးမှုတွေလည်း တင်းကြပ်ထားတယ်။ ဒီလိုအခြေအနေမှာ သူတို့ (စစ်တပ်) ရှိတဲ့ဘက်မှာ မသွားတာအကောင်းဆုံးပဲ။ ရှောင်ပြီးသွားတာ အကောင်းဆုံးပဲ၊ သူတို့ဘက်က အထိနာထားရင် ပိုဆိုးတယ်လေ” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ရေးမြို့နယ်၊ စံပြကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်ရင်း တပ်စခန်း တိုက်ခိုက်ခံရသည့်ဖြစ်စဉ်လည်း ဆက်တိုက်ဖြစ်ပွားနေသည်။