စျေးကွက်ပျက်နေလို့ ရပ်တည်ဖို့ခက်လာတဲ့ တောင်သူတွေ

0
981

အာဏာသိမ်းပြီးနောက်ပိုင်း ဒေသထွက်ရာသီပေါ်သီးနှံတွေဈေးကွက်ပျောက်လာလို့ တနင်္သာရီတိုင်းသား ဥယျာဉ်ခြံသမားတွေဟာ ဝမ်းစာအတွက် ရတဲ့ဈေးနဲ့ထိုးရောင်းရတဲ့ အခြေအနေကို ဆိုက်လာနေပါတယ်။

ဒေသထွက်ရာသီပေါ်သီးနှံတွေဖြစ်တဲ့ကွမ်းသီး၊ ဝဥ၊ ဖာလာ စတဲ့သီးနှံတွေဟာ ထားဝယ်၊ ရန်ကုန် လမ်းကြောင်းကနေတစ်ဆင့် တရုတ်နယ်စပ်မူဆယ်၊ အိန္ဒိယနယ်စပ် တမူးဘက်တွေကိုပို့ကြတာပါ။

အခုနောက်ပိုင်း နယ်စပ်ကုန်စည် စီးဆင်းတဲ့လမ်းကြောင်းတွေမှာ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတာ၊ ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်တာတွေကြောင့် ကုန်သည်တွေက ရာသီပေါ်သီးနှံဝယ်ယူရောင်းချတာတွေ လျှော့ချလာပါတယ်။

ဝက်လက်မရှိတော့တဲ့ ရာသီပေါ်သီးနှံတွေဟာလည်း တဖြည်းဖြည်းနဲ့ ဈေးကျလာလို့ တောင်သူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။ တစ်ဖက်မှာ ရာသီပေါ်သီးနှံတွေဈေးထိုးကျနေပေမယ့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ၊ လုပ်အားခတွေ၊ သွင်းအားစု စရိတ်တွေကတော့ မြင့်မားနေဆဲဖြစ်ပါတယ်။

ဥယျာဉ်ခြံသမားတောင်သူတွေမှာတော့ ဝမ်းစာအတွက်ရောင်းစရာဆိုလို့ ရာသီပေါ်သီးနှံတွေပဲရှိတာပါ။ အဲဒီသီးနှံတွေကို အန္တရာယ်တွေကြားထဲက ခူးယူထားကြရတာပါ။

ဈေးကတော့ မက်လောက်စရာမရှိတော့ပါဘူး။ ဒါပေမဲ့လည်း ရွေးချယ်စရာမရှိတာကြောင့် ရတဲ့ဈေးနဲ့ထိုးရောင်းပြီး အသက်မွေးနေကြရပါတယ်။ အဲဒီအကြောင်းကို သိရှိနိုင်ဖို့ ဥယျာဉ်ခြံသမားတွေ၊ ကုန်သည်တွေကိုမေးမြန်းပြီး ဒီတစ်ပတ် တနင်္သာရီကပုံရိပ်အစီစဉ်မှာ ဖော်ပြပေးလိုက်ပါတယ်။

“နိုင်ငံရေးအခြေအနေက ဒီအတိုင်း နောက်ထပ်ခြောက်လလောက် ရှိနေမယ်ဆိုရင်တော့ ထမင်းငတ်ဖို့ပဲရှိတော့မယ်”

ရာသီပေါ်သီးနှံရောင်းဝယ်သူတစ်ဦး (ထားဝယ်အရှေ့တောဒေသ)

DW ။ အခုလက်ရှိ ကွမ်းသီးအပါအဝင် ရာသီပေါ်သီးနှံတွေရဲ့ အရောင်း၊ အဝယ်အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ကွမ်းသီးကတော့ လုံးဝမဝယ်တော့ဘူး။ ဝဥဆိုလည်း လုံးဝကို ဈေးကွက်မရှိတော့ဘူး။ ဝဥဆိုရင် (တစ်ပိဿာကို) နှစ်ထောင်လောက်ရမယ် မှန်းထားတာ။ အခုက ခုနှစ်ရာပဲရှိတာဆိုတော့ မှန်းထားတာနဲ့ အရမ်းကွာဟနေတယ်။ အရင်ကဒီလိုမဟုတ်ဘူးလေ။ အနည်းဆုံး ခြံတွေထဲမှာ လိုက်ဝယ်ရင်တောင် ၁၅၀၀၊ ၂၀၀၀(ကျပ်) လောက်ပေးဝယ်ရတယ်။ အခုက ၇၀၀၊ ၇၅၀ (ကျပ်)လောက်ပဲရှိတော့တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့လေ။ ကွမ်းသီးတစ်လုံးက တစ်ဆယ့်လေးကျပ်လားမသိဘူး အဲလောက်ပဲရှိတော့တယ်။ တစ်ခြားသီးနှံတွေလည်း အတူတူပဲ၊ ဖာလာတို့၊ ငရုပ်ကောင်းတို့ ရာသီပေါ်သီးနှံဈေးကွက်က လုံးဝမရှိတော့ဘူးလို့ ပြောလို့ရတယ်။

DW ။ ဘာဖြစ်လို့ဈေးကွက်မရှိတော့တာလဲ။

ဖြေ ။ အရောင်းအဝယ်တွေ အေးသွားတာက နိုင်ငံရေးကြောင့်ဖြစ်မယ်။ နိုင်ငံရေးအခြေအနေကမကောင်းတော့ လမ်းပန်းဆက်သွယ်ရေးကလည်းမကောင်းဘူး။ ပြီးရင်နောက်တစ်ချက်က ဘာလဲဆိုတော့ အခုခြံကနေ ထားဝယ်ကိုထွက်တဲ့အချိန်ဆိုရင် လမ်းမှာ အကောက်ပေးရတာများတယ်လို့ ကားသမားတွေက ပြောတယ်။ ဒီအကြောင်းအရာတွေလည်းပါတာပေါ့လေ။

DW ။ ဒေသထွက်သီးနှံတွေက နယ်စပ်ကနေ အဓိကတင်ပို့ကြတာဆိုတော့လေ။ နယ်စပ်အခြေအနေလည်း ပြောပြပေးပါလား။

ဖြေ ။ ကျွန်တော်သိရသလောက်ကတော့ နယ်စပ်ဝယ်လက်တွေကလည်း ဒီဖက်( မြန်မာပြည်ဖက်) ကိုလာပြီး လာမဝယ်ရဲကြတော့ဘူး။ ဒီဖက်က နိုင်ငံရေးအခြေအနေ မကောင်းလို့ပေါ့နော်၊ တိုက်ပွဲအခြေအနေတွေကြောင့်ပေါ့နော်။ နယ်စပ်ကို ပို့တဲ့လမ်းမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ အစစ်ဆေးတွေအရမ်းများတယ်ဆိုတော့ ပေးရကမ်းရတာတွေများတယ်။ လုံခြုံရေးအခြေကလည်း စိတ်မချရဘူး။ အဲလိုမျိုးတွေတော့ရှိတယ်။

ကွမ်းသီဆိုရင် ခြံတွေထဲကနေသယ်ပြီးတော့ ထားဝယ်ပို့တယ်။ အဲမှာလည်း မအေးဘူး။ တိုက်ပွဲတွေအမြဲဖြစ်နေတာဆိုတော့။ ထားဝယ်ကိုရောက်တော့လည်း ရန်ကုန်၊ မော်လမြိုင်ဘက်ကို ပို့တယ်။ အဲကနေမှ အိန္ဒိယနယ်စပ်ဘက်ကိုပို့တာကိုး။ အဲလမ်းကြောင်းတစ်လျှောက်ကလည်း မအေးဘူးလေ။ ဝဥဆိုရင်လည်း မူဆယ်ကနေ တရုတ်နယ်စပ်ကို ပို့တာလေ။ မူဆယ်ဂိတ်ကလည်း တော်ကြာပိတ်လိုက်၊ ပြန်ဖွင့်လိုက် မကြာခဏဖြစ်နေတာလေ။

DW ။ ပဋိပက္ခကြားထဲမှာ အလုပ်လုပ်ရတာ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ ။ ဘယ်လိုအခက်ခဲရှိလဲဆိုတော့ နိုင်ငံရေးအခြေအနေက ဒီအတိုင်း နောက်ထပ်ခြောက်လလောက် ရှိနေမယ်ဆိုရင်တော့ ထမင်းငတ်ဖို့ပဲရှိတော့မယ်။ ဘာဖြစ်လို့လဲဆိုဗျာ ကျွန်တော်တို့နားမှာ ဘာရှိလဲ ကွမ်းသီးပဲရှိတာလေ။ တစ်ချို့မိုင်းလုပ်(ခဲယင်း) ကြတယ်။ နွေတက်ပြီဆိုတာနဲ့ ကွမ်းသီးစပေါ်တယ်။ ပြီး ဝဥ၊ ပြီးရင် ဒညင်းသီး၊ ပြီးရင် သဘာဝတောဖာလာရှိတယ်။ အခုက ကွမ်းသီးကလည်းဈေးမရှိဘူး။ ခဲလုပ်တော့လည်း ဟိုဘက်ကလည်းဖမ်းတယ်။ ဒီဘက်ကလည်း ပိုက်ဆံတောင်းတယ်။ မနှစ်ကဆိုရင် ဖာလာဝယ်တဲ့သူတောင်မရှိဘူး။ ဝဥလည်း တစ်ပိဿမှ ၇၀၀ ဘာလုပ်လို့ရလဲ။ ဆန်တစ်အိတ်ကိုကျတော့ ရှစ်သောင်း၊ ကိုးသောင်းပေးဝယ်နေရတယ်။ (ဆန်)ဝယ်လို့ရတောင်ကံကောင်းဖြစ်နေတာ။ အရှင်းဆုံးပြောမယ်ဆိုရင် ကွမ်းရွက်တစ်စီးစာ လောက်တောင်တန်ဖိုးမရှိတော့ဘူး ကွမ်းသီးတစ်ပိဿာက။ ကွမ်းရွက်တစ်စည်း နှစ်ထောင်(ကျပ်) ကွမ်းသီးတစ်ပိဿာ နှစ်ထောင်(ကျပ်)မရဘူး။ (ထားဝယ်ဒေသတွင် ကွမ်းရွက်ကို အရွက်အရေအတွက်ဖြင့်ရောင်းချလေ့ရှိသည်။ ကွမ်းရွက်တစ်စည်းတွင် အရွက်တစ်ရာပါဝင်သည်။) တောသူတောင်သားတွေဘဝမှာ ဘာမှကိုလုပ်စားစရာဆိုပြီး လက်ညိုးထိုးပြစရာမရှိတော့ဘူး။

DW ။ ဒေသထွက် သီးနှံတွေ ဈေးကွက်မရှိတော့တာ၊ ဈေးကျလာတာက အခုဆိုဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အာဏာသိမ်းပြီးကတည်းကပဲ။ အာဏာမသိမ်းခင်က ဒီလိုမှမဟုတ်တာ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီပြတ်ဿနာတွေက တောက်လျှောက်ဖြစ်လာတာ။ အခုအသက် ၅၀ ကျော်နေပြီ ဆန်တစ်အိတ်ရှစ်သောင်း တစ်ခါမှမကြားဖူးဘူး။ ကိုဗစ်တုန်းကတောင် ဒီလောက်ဒုက္ခမဖြစ်ဘူးလေ။ ရာသီပေါ်သီးနှံဈေးတွေကြည့်တော့ အရင်လိုမယ်မယ်ရရမရှိတော့ဘူး။ စားဖို့သောက်ဖို့မရှိတော့ဘူးဆိုတော့လည်း ခုနစ်ရာပဲရရဆိုပြီး ရောင်းထုတ်ပြီးစားနေကြရတာပေါ့။ ရောင်းစရာဒါပဲရှိတာလေ။ လက်ရှိက စားဖို့လိုနေတာကိုး။ ဝယ်သမားတွေဖက်ကလည်း သူတို့ကို သနားလို့ဆိုပြီး ဝယ်ပေးထားလို့မရပြန်ဘူး။ ဈေးကတစ်နေ့ထက်တစ်နေ့ကျကျလာတာ။ အရင်လို ဈေးကျတုန်းလေး သိုထားလိုက်မယ်လေ လုပ်လို့မရဘူး။ ဈေးကွက်ကို ခန့်မှန်းလို့မရဘဲဖြစ်နေတာ။ တစ်ခုတော့ခန့်မှန်းလို့ရတာရှိတယ်။ လက်ထဲကြာကြာထားရင် များများရှုံးမယ် အဲဒါကတော့ ခန့်မှန်းလို့ရတယ်။ ပွဲရုံက ဈေးအော်လိုက်တာက သုံးထောင်ဆိုရင် တကယ်သွားရောင်းရင် နှစ်ထောင့်ခြောက်ရာ အဲလောက်ပဲရတာ။ အခုကအဲလိုတွေဖြစ်နေတာ။

DW ။ ကိုယ်တိုင်းလည်း ကွမ်းခြံပိုင်ရှင်တစ်ယောက်ဆိုတော့ ဒီနှစ်ခြံထွက်ကွမ်းသီးတွေဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ။

ဖြေ ။ အမှည့်ခံထားပြီး ကျလာမှပဲကောက်တော့မယ်လို့ စိတ်ကူးထားတယ်။ အမှည့်ခံပြီးကောက်မယ်။ အလုံးလိုက်ထားထားမယ်။ နောက်မှ ဈေးကွက်အခြေအနေကြည့်ပြီးထုတ်မယ်လို့ စိတ်ကူးထားတယ်။ ကိုယ့်ခြံနဲ့ကိုယ်တောင်မှ လူငှားရင်ရှုံးနေတဲ့ အနေအထားလေ။ ကွမ်းသီးဈေးကမရှိဘူး။ အလုပ်သမားခက ဈေးကြီးလာတယ်။ အလုပ်သမားတစ်ယောက်ကို တစ်နေ့(အနည်းဆုံး)တစ်သောင်း(ကျပ်)ရှိတယ်။ ကွမ်းသီးခူးခက တစ်လုံးနှစ်ကျပ်ပေးရတယ်။ ခွဲမယ်ဆိုရင် တစ်ပြည်ကို ငါးရာ(ကျပ်)ဖြစ်နေပြီ။ တစ်ခြားစာရိတ်တွေမပြောသေးဘူးနော်။ အဲဒါသာစဉ်းစားကြည့်တော့။ အခုလူတွေက ကွမ်းသီးကို သိပ်အာရုံမလာကြတော့ဘူး။ ဈေးမှမရှိဘဲကို။ ဆန်တစ်အိတ်ကိုကျ ရှစ်သောင်း(ကျပ်)လောက်နဲ့ ဝယ်စားနေရတယ်။ အခုကွမ်းသီးဈေးနဲ့ဆိုရင် အချိန်တစ်ရာရောင်းမှ ဆန်တစ်အိတ်ရမှာ။

“အရောင်းအဝယ် မရှိတော့ ဈေးကွက်က ပျောက်နေပြီပေါ့”

မြိတ်မြို့နေ ကွမ်းသီးခြောက်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦး။

DW ။ ကွမ်းသီးခြောက်တွေ ဘယ်လိုအရောင်းအဝယ် လုပ်နေတာလဲဗျ။

ဖြေ ။ ကွမ်းသီးခြောက်က ဒိုင်မှာ ကိုယ်တိုင်လာရောင်းလို့လည်းရပါတယ်၊ ပြီးတော့ကွမ်းသီးက တနင်္သာရီဘက်က အထွက်များတယ်လို့ ပြောလို့ရတယ်၊ အဲဘက်က ‌ရွာတွေဘက် ဆင်းဝယ်လေ့ရှိပါတယ်၊ ရတဲ့ကွမ်းသီးတွေကို ရန်ကုန်ဘက်က မှာတဲ့ ပွဲရုံတွေ၊ သူဌေးတွေကို ပို့တာပါ။

DW ။ အခုရော ရွာတွေဘက် ဆင်းဝယ်နေရဲ့လား။

ဖြေ ။ သွားမဝယ်ဖြစ်တာ နည်းနည်းကြာပြီ၊ မနှစ်ကတည်းကပါ၊ အဓိကက ဘာကြောင့်လဲဆိုရင် တိုက်ပွဲ‌တွေ ခဏခဏ ဖြစ်နေလို့ မသွားဖြစ်တာ၊ မနှစ်ကဆိုရင် မော‌တောင်ဘက်မှာ တိုက်ပွဲဖြစ်လို့ တစ်လကျော်ကျော်လောက် ပိတ်မိသေးတယ်။

DW ။ ကွမ်းသီးဈေးကွက်ကရော ရှိနေရဲ့လား။

ဖြေ ။ ဈေးကွက်က မခိုင်‌တော့ဘူး။ ကွမ်းသီးဈေးတွေကျပါတယ်။ ဈေးလည်းကျ သွားရေးလာရေးကလည်း မကောင်းတော့ အခု‌နောက်ပိုင်း ရန်ကုန်ဘက်က မှာသလောက်ပဲ ဝယ်ပို့ပေးရတယ်။ ကားတစ်စီးစာဆိုလည်း တစ်စီးစာပေါ့။ အခုတလော ဝယ်ဖြစ်နေတာက ကွမ်းသီးအမှည့်‌တွေပါ။ အရင်ကဆိုရင် ဒီလိုမဟုတ်ဘူး ရသလောက်ဝယ်ပို့ပေးလို့ရတယ်။ အခုက လိုသလောက်ပဲ ဝယ်ပို့ရတယ်။ တစ်ကားလောက်ဝယ်ပြီး တစ်လနားချင်နားမယ်၊ တစ်နှစ်နားချင်နားမယ်၊ ပုံသေမရှိတော့ဘူး၊ အရင်ကဆိုရင် အရောင်းအဝယ်က အမြဲတမ်းပုံမှန်ရှိနေတယ်။ ဈေးကျမယ် တက်မယ် ဒါလောက်ပဲ ရှိတာ။

DW ။ ဘာကြောင့် ရသလောက် မဝယ်ကြတာလဲ။

ဖြေ ။ ဈေးကျတာကတစ်ခု၊ ‌နောက်တစ်ခု လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ကားလမ်းတွေမှာဆို တိုက်ပွဲတွေကြောင့် အချိန်ကြန့်ကြာတာရှိတယ်။ စရိတ်စကတက်လာတာရှိမယ်။ ဒီကြားထဲ သတ်မှတ်ရက်အတွင်း အရောက်ပို့ရမယ့် ကွမ်းသီးအမှည့်တွေ မရောက်သွားဘူးဆိုရင် ဆုံးရှုံးမှုတွေ ရှိတယ်။ ဒီတော့ လိုသလောက်ပဲ မှာကြတာ။

DW ။ ဒါဆိုရင် ကွမ်းသီးဈေးကွက်က လုံးဝမရှိတော့ဘူးလား။

ဖြေ ။ အရောင်းအဝယ်က မရှိသလောက်ပဲလို့တောင် ပြောလိုရပါတယ်၊ အရောင်းအဝယ် မရှိတော့ ဈေးကွက်က ပျောက်နေပြီပေါ့။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းစစ်ကြောင့်ပဲ၊ ( ပြည်သူ့ကုကွယ်‌ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပေါ်ခြင်း) ပြည်တွင်းစစ်ကြောင့် သွားလာရေးကြန့်ကြာမယ်၊ ကုန်‌ဈေးနှုန်းတွေ ကြီးလာတယ်။ ဆိုတော့ ရန်ကုန်ဘက်က ဒိုင်တွေကလည်း သူတို့လိုမှ ဝယ်မယ်၊ မလိုရင် မဝယ်ဘူး၊ အဲလိုဖြစ်လာတာ။

DW ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“ဈေးကွက်က ရှိကို မရှိတော့ဘူးဗျ၊ ရွာဘက် ဆင်းလာဝယ်တဲ့ သူတွေလည်း သိပ်မရှိတော့ဘူး”

တနင်္သာရီမြို့နယ်အတွင်း ကျေးရွာတစ်ရွာရှိ ကွမ်းစိုက်တောင်သူတစ်ဦး

DW ။ ပထမဆုံးအနေနဲ့ ရွာတွေဘက်မှာကွမ်းသီးခြောက်အရောင်းအဝယ် အခြေအနေလေး ဘယ်လိုရှိနေလဲ။

‌ဖြေ ။ ကွမ်းသီးခြောက်ရောင်းဝယ်တာ အရင်နဲ့ မတူတော့ဘူးဗျ၊ အရင်ကဆိုရင် ကွမ်းသီးဒိုင်မှာ ကြိုတင်ငွေထုတ်လို့ရတယ်၊ အခုက ဘယ်ဒိုင်ကမှ ထုတ်မပေးကြတော့ဘူး။

DW ။ အရင်ကဆိုတာက ဘယ်အချိန်ကို ပြောတာပါလဲ။

ဖြေ ။ အာဏာသိမ်းပြီး တစ်နှစ်အတွင်းကပါ၊ အခုဆိုရင် သုံးနှစ်ရှိပြီပေါ့။

DW ။ ကွမ်းသီးဒိုင်တွေက ကြိုတင်‌ငွေ ဘယ်လို ထုတ်ပေးရတာလဲ၊ အခုက ဘာကြောင့် မထုတ်ပေးရတာလဲ။

ဖြေ ။ ကိုယ်ရောင်းနေကြဒိုင်တွေက ကိုယ့်ခြံက နှစ်တိုင်းကွမ်းသီးချိန် ဘယ်လောက်ထွက်တယ်၊ ဒိုင်ကို ဘယ်လောက်အထိ လာရောင်းပေးနေသလဲဆိုတာ မူတည်ပြီး နှစ်တိုင်း ငွေကြိုထုတ်ပေးတတ်တာ၊ ဒိုင်တိုင်းပဲ ထုတ်ပေးပါတယ်၊ ကြိုတင်‌ငွေ ဆယ်သိန်းယူယူ နှစ်ဆယ်ယူယူ ပေးတာပဲ၊ အခုက မပေးဖြစ်တာက ကွမ်းသီးဈေးတွေ ထိုးကျလာလို့ ဒိုင်တွေလည်း ငွေမထုတ်ပေးတော့ဘူး၊ နောက်တစ်ခုက ကျေးရွာဘက်တွေမှာဆိုရင် အုပ်ချုပ်ရေးယန္တရားက ပျက်နေပြီ၊ ယုံကြည်မှု သိပ်မရှိကြတော့ဘူး၊ ယုံကြည်မှုမရှိတော့ ဒိုင်တွေလည်း ငွေကြိုထုတ်မပေးတာပါတယ်၊ ဒီတော့ ကြုံတဲ့သူ ဝယ်တဲ့သူကို ရတဲ့ဈေးနဲ့ပဲ ရောင်းနေကြရတယ်။

DW ။ ကွမ်းသီးဈေးက ဘယ်လောက်အထိ ကျသွားရတာလဲ။

ဖြေ ။ တစ်ပိဿာ ငါးထောင်၊ ခြောက်ထောင် တစ်ခါတစ်လေ ဈေးကောင်းရင် ခုနှစ်ထောင်ကျော်အထိရတယ်၊ အခုက သုံးထောင်ကျော်ကျော်ပဲ ကျန်ပါပြီ။

DW ။ ကွမ်းသီးတွေ ရောင်းဝယ်တဲ့ အပိုင်းမှာရော ဘာတွေ အခက်အခဲရှိမလဲ။

ဖြေ ။ ကွမ်းသီးဈေးကျတယ်၊ ဈေးလည်းကျ ဒိုင်က သိပ်မဝယ်တော့ဘူး၊ သူတို့(ဒိုင်)က လိုသလောက်ပဲ ဝယ်ကြတာ၊ မနှစ်ကဆိုရင် ကွမ်းသီး အရောင်းအဝယ်တောင် သိပ်မရှိဘူးလို့ ပြောလို့ရတယ်၊ ဝယ်တဲ့သူလည်း နည်းတယ်၊ ကြုံတဲ့သူ လာဝယ်သူတွေကို ရသလောက်ဈေးနဲ့ပဲ ထိုးရောင်းရတာပေါ့။

DW ။ ဒိုင်ကလည်း ကြိုတင်ငွေမရဘူး၊ ရတဲ့ဈေးနဲ့ ထိုးရောင်းရတာဆိုတော့ ကွမ်းခြံအတွက် ဘယ်လိုလည်ပတ်နေပါသလဲ။

ဖြေ ။ ကွမ်းသီးအမှည့်တွေ ကောက်ရောင်းကြပါတယ်၊ အရင်ကဆို ဒီလိုမကောက်ရောင်းကြဘူး၊ အခုက စားဝတ်နေရေးအတွက်လိုတယ်၊ ခြံထဲမှာ စရိတ်စက ပြန်ချဖို့အတွက် လိုတယ်၊ ဒီတော့ ကောက်ရောင်းကြတာပေါ့၊ ဈေးကလည်း မဆိုးဘူးဆိုတော့ ရှိတာလေး ထုတ်ရောင်းကြတဲ့ သဘောပါ။

DW ။ ဒေသထွက် ကွမ်းသီးခြောက်ဈေးကွက်က မရှိတော့ဘူးလို့ ပြောလို့ရမလား။

ဖြေ ။ ရတာပေါ့၊ ဈေးကွက်က ရှိကို မရှိတော့ဘူးဗျ၊ ရွာဘက် ဆင်းလာဝယ်တဲ့ သူတွေလည်း သိပ်မရှိတော့ဘူး၊ မနှစ်ကဆို ဝယ်တဲ့သူ ငါးယောက်လောက်ရှိသေးတယ်၊ ဒီ‌နှစ်ကျတော့ တစ်ယောက်တစ်လေ တစ်ခါတစ်လေပဲ တွေ့ရတယ်။

DW ။ ဒီလို ကွမ်း‌သီးဈေးတွေကျတာ၊ ဈေးကွက်မရှိရတဲ့ အကြောင်းအရင်းက ဘာဖြစ်မယ်ထင်လဲ။

ဖြေ ။ အာဏာသိမ်းပြီးနောက်တော့ အိန္ဒိယကွမ်းသီးပို့တဲ့ လမ်းကြောင်းတွေပေါ်မှာ တိုက်ပွဲတွေ ဖြစ်နေတာတွေနဲ့ ဆိုင်မယ်ထင်တယ်၊ တိုက်ပွဲတွေ မရှိတော့ဘူး၊ အရင်လို အေးဆေးဖြစ်သွားရင် ကွမ်းသီးဈေးတွေ ပြန်ကောင်းလာမယ် ထင်ပါတယ်။

DW ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“အခုဆိုရင် အပင်အောက်မှာ ကွမ်းသီးတွေက ဖြဲဖြဲစင်နေတော့တာ”

ထားဝယ်ဒေသက ရော်ဘာနှင့် ကွမ်းသီးလုပ်ငန်းရှင်တစ်ဦး

DW ။ ဒီနှစ် ရော်ဘာဈေးကွက်အခြေအနေ ဘယ်လိုဖြစ်‌နေလဲ။

ဖြေ ။ တနင်္သာရီတိုင်းကနေ ထိုင်းကို ကော့သောင်းဘက်ကနေ တစ်နေ့ကို ရော်ဘာပြား အလေးချိန်(ပေါင်) ၈၀၀ ကနေ ၁၅၀၀ ကြား သွားရောင်းနေတယ်။ အရင်တုန်းကဆိုရင် ခြံထဲမှာ ရော်ဘာပြားလုပ်ပြီးရင် ကားငှားပြီး ထားဝယ်က ရော်ဘာဒိုင်မှာလာရောင်းရတယ်။ ရော်ဘာဒိုင်က ပြောတဲ့ဈေးကို လက်ခံရတယ်။ ကိုယ်လိုတဲ့ဈေးကို တောင်းလို့မရဘူး။ ပြီးရင် ဘယ်နေ့မှ ပိုက်ဆံလာယူပါဆိုမှ သွားယူရတယ်။

အခုက အဲလိုမဟုတ်တော့ဘူး။ ပြီးခဲ့တဲ့ ၃၊ ၄ နှစ်ကာလမှာရော်ဘာပြားကို ကောင်းကောင်းလေးသာ လုပ်ထားမယ်။ ထိုင်းက စက်တွေနဲ့ ကြိတ်စက်နဲ့ လုပ်ထားမယ်ဆိုရင် အက်စစ်နဲ့သာလုပ်ထားရင် ရော်ဘာပြားက ကြည့်လိုက်ရင် ကြည်လင်နေရော။ ပါးပါးလေးသာ လုပ်ထားမယ်ဆိုရင် ထိုင်းရဲ့ပေါက်ဈေးနဲ့ ဝယ်တာကိုး။ ခြံထဲအရောက်လာဝယ်တော့ ဥပမာ ဒီနေ့ဈေးက ၁၀၀၀ ပေါက်နေတယ်ဆိုရင် လာဝယ်တဲ့အချိန်ဆို ၁၁၀၀ ရမှ ရောင်းမယ်လို့ ဈေးခေါ်လို့ရတယ်။ ဝယ်တဲ့သူက ရော်ဘာပြားလိုချင်တော့ ပိုက်ဆံကြိုပေးရတယ်။

ဆိုတော့ အရင်တုန်းက အခြေအနေနဲ့ အခုက ဆန့်ကျင်ဘက်ဖြစ်သွားတာလေနော်။ အခုရော်ဘာအရည်စက်ရုံထောင်ထားတဲ့ သူတွေဆီကို သွားရောင်းတဲ့သူတွေနည်းလာတယ်။ ထားဝယ်မှာက စက်ရုံ ၃ ရုံရှိတယ်။နည်းလာတယ်ဆိုတာက စက်ရုံတွေက ဘာလုပ်လည်းဆိုတော့ အရည်ကိုချိန်တွယ်တဲ့အချိန်မှာ နုတ်တာတွေရှိတယ်။ ထားဝယ်မြို့ထဲက ရော်ဘာပြားဒိုင်တွေမှာ ဝယ်နေတဲ့ဈေးနဲ့ သူတို့ဈေးနဲ့က အတူတူပဲ။ ဘာကြောင့် မရောင်းကြလဲဆိုရင် စက်ရုံတွေမှာက နုတ်တာတွေရှိတယ်။တစ်ပေါင်ကို ကျပ် ၂၀ နဲ့ ၃၀ ကြားလောက်ရှိတယ်။ ကားခတွေနုတ်တယ်။ အခြားစရိတ်တွေနုတ်တယ်။ တစ်ကယ်တမ်းက ကိုယ့်ဟာကို ရော်ဘာပြားလုပ်တာက အက်စစ်ထည့်ပြီးရင် ကြိတ်လိုက်ရင် ရတာပေါ့။ တစ်ပေါင်ကို ပိုက်ဆံ ၃၀ လောက်ကွာရင် ပေါင်အရေအတွက် အများကြီးနဲ့ဆို အများကြီးကွာသွားတာပေါ့။ သူတို့သယ်ယူပို့ဆောင်နေတဲ့ ကားက အဖွဲ့တစ်ခုက နိုင်ငံတကာရန်ပုံငွေကနေ ဝယ်ပေးထားတဲ့ကားလေ။ ဒီကားက သူတို့လိုင်းကားဆွဲစားလို့ရအောင် ဝယ်ပေးထားသလိုဖြစ်နေတယ်။

DW ။ ရော်ဘာဈေးကောင်းရလာနိုင်လား

ဖြေ ။ အခုနှစ်ရော်ဘာဈေးက မဆိုးလောက်ဘူးလို့ ထင်ရတယ်။ သူတို့(စစ်ကောင်စီ)ကသာ ဝင်မရှုပ်ဘူးဆိုရင် ဈေးကောင်းမယ်ထင်တယ်။ ထိုင်းမှာက ရော်ဘာပင်တွေကို ခုတ်ပြီး အစားထိုးသီးနှံတွေစိုက်နေကြပြီ။ ဒါပေမဲ့ထိုင်းနိုင်ငံရဲ့ ရော်ဘာထွက်နှုန်းက မကျဘူးနော်။ မကျတာက ဘယ်ကလာလဲဆိုရင် တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်ကလာတာ။ဒါနဲ့ဖြည့်ကြတာ။

ထိုင်းက ပေါ်တင်ကြီး ဝယ်တာတော့မဟုတ်ဘူး။ ထိုင်းရဲ့ပေါက်ဈေးအတိုင်းတော့မဝယ်ဘူး။ အမှိုက်ဈေးပဲ ပေးတယ်။

DW ။ ကွမ်းသီးအခြေအနေကရောဘယ်လိုရှိလဲ။

ဖြေ ။ အရင်ကဆိုရင် အနည်းဆုံးအဆင့် ကွမ်းသီးကို ကြိုးတွေနဲ့ဆွဲချိတ်ပြီး အိမ်တွေမှာချိတ်ထားကြတာ။ အခုဆိုရင် အပင်အောက်မှာ ကွမ်းသီးတွေက ဖြဲဖြဲစင်နေတော့တာ။

ဈေးကွက်က ပို့ကုန် (export) မရှိတော့တာပေါ့။ အရင်တုန်းကဆိုရင် အိန္ဒိယနယ်စပ် ကလေး-တမူးလမ်းက သွားလို့အဆင်ပြေတယ်လေ။အခုက ဒီလမ်းက သွားလို့ အဆင်မပြေတော့ဘူးလေ။

ပြီးခဲ့တဲ့နွေတုန်းကဆိုရင် မြိတ်ဘက်က ကွမ်းသီးတွေဆိုရင် ထိုင်းဘက်ကိုပြန်ပို့နေတာ။ အရင်တုန်းက ကွမ်းသီးတစ်ပိဿာကို ဥပမာ ဘတ် ၅၀ ဆိုရင် မြန်မာငွေဈေးက ၁၀၀ ပဲထားတော့။ အခုက ငွေဈေးတွေတက်နေတော့ သူတို့ငွေက ဒီအတိုင်းက ဒီအတိုင်းပဲလေ။

အခုက ထားဝယ်မှာ ပိဿာ ၆၀ ဝင် ကွမ်းသီးအိတ်က သုံးသောင်းနဲ့ လေးသောင်းကြားမှာ သောင်တင်နေကြတယ်။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။