မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့၏ဂန္ထဝင်ကြယ်ပွင့် ဆာဘော်ဘီချာလ်တန် ကွယ်လွန်

0
1189

မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့၏ဂန္ထဝင်ကြယ်ပွင့်ကစားသမားကြီးဖြစ်သော ဆာဘော်ဘီချာလ်တန်သည် ယနေ့တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ဆာဘော်ဘီချာလ်တန် သည် မန်ယူအသင်းကို လွန်စွာတန်ဖိုးထား ချစ်မြတ်နိုးသူဖြစ်ပြီး အသက် ၈၀ ကျော်အရွယ်သို့ ရောက်သည်ထိတိုင် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်း၏ပွဲကြည့်စင်ထက်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ မန်ယူ ယှဉ်ပြိုင်ကစားသည်ကို အားပေးကြည့်ရှုခဲ့သူဖြစ်သည်။

ဘောလုံးကလပ်အသင်းများ၊ ဘောလုံးအဖွဲ့ချုပ်များ၊ ဘောလုံးသမားများက ဆာဘော်ဘီချာလ်တန် ကွယ်လွန်မှုကို အစားထိုးမရသည့်ဆုံးရှုံးမှုကြီးအဖြစ် ရေးသားဖော်ပြထားကြပြီး အချို့သော ဝမ်းနည်းကြောင်း ဖော်ပြရေးသားသည့်စာများတွင် အဖိုးဖြတ်မရနိုင်သော ဒဏ္ဍာရီကြီးကြွေလွင့်ခြင်းဟု တင်စားမှုများရှိသည်ကိုလည်း မြင်တွေ့ကြရသည်။

ဆာဘော်ဘီချာလ်တန်သည် မန်ယူသင်း ကြုံဆုံရင်ဆိုင်ခဲ့ရသော မြူးနစ်လေယာဉ်ပျက်ကျမှုမှနေ၍ ကံကောင်းထောက်မစွာဖြင့် သေကံမရောက်ဘဲ လွတ်မြောက်လာခဲ့သူဖြစ်ပြီး ယင်းနောက်တွင် ၁၉၆၆ ခုနှစ်၌ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရာတွင် အဓိက,ကစားသမားအဖြစ် လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် မန်ယူအသင်း ဥရောပဖလား(လက်ရှိအခေါ် ချန်ပီယံလိဂ်ဖလား)ကို ဆွတ်ခူးရရှိရာတွင်လည်း အရေးပါသူနေရာမှနေ၍လည်းကောင်း ၎င်းက ပါဝင်ကာ သမိုင်းမှတ်တမ်းများကို ရေးထိုးနိုင်ခဲ့သည်။

ဆာဘော်ဘီချာလ်တန် သည် မန်ယူလူငယ်အကယ်ဒမီမှနေ၍ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး မန်ယူအတွက် ၁၇ နှစ်ကြာ ပါဝင်ကစားပေးခဲ့သော ကစားသမားတစ်ယောက်လည်းဖြစ်သည်။ ကစားသမားဘဝက အနားယူပြီးသည့်နောက်တွင် မန်ယူအသင်း၏ဒါရိုက်တာအဖြစ် ၃၉ နှစ်ကြာ ၎င်းက တာဝန်ထမ်းဆောင်ပေးခဲ့သေးသည်။

ဆာဘော်ဘီချာလ်တန်သည် ၁၉၆၆ ခုနှစ်တွင် ဘလွန်းဒီအော်ဆုကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့ကာ ကွယ်လွန်ချိန်၌ ၎င်း၏အသက်မှာ ၈၆ နှစ်အရွယ် ရှိနေပြီဖြစ်သည်။ အင်္ဂလန်ဘောလုံးသမားများက အင်္ဂလန်ဘောလုံးလောက၏ထာဝရအကောင်းဆုံးဘောလုံးသမားကို ဆုံးရှုံးလိုက်ရခြင်းဟု ကြေကွဲစွာဖြင့် ရေးသားဖော်ပြနေသည်ကိုလည်း မြင်တွေ့ကြရသည်။