တနင်္သာရီတိုင်းမှာ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်

0
1585

တနင်္သာရီတိုင်းတွင် အောက်တိုဘာလ ၂၁ ရက်မှ ၂၆ ရက်အတွင်း နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများက သုံးသပ်ထားသည်။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၂ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၅ ရက်တွင် မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေနှင့် ဆက်စပ် လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေသို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

လေဖိအားနည်းအရှိန်ကြောင့် တနင်္သာရီတိုင်းအပါအဝင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အောက်ပိုင်းတို့တွင် အောက်တိုဘာလ ၂၆ ရက်အထိ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသလေ့လာသူများက သုံးသပ်ထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့်လေဖိအားနည်းရပ်ဝန်းကြောင့် ဖျက်မိုးများရွာနိုင်သဖြင့် ရိတ်သိမ်းခြွေလှေ့မည့် တောင်သူများကို မိုးလေဝသလေ့လာသူများက သတိပေးချက်များထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် အောက်တိုဘာလ ၂ဝရက်က နေရာစိပ်စိပ် မိုးရွာခဲ့ပြီး ထားဝယ်မြို့တွင် ၁ဒသမ၂၂ လက်မခန့် ရွာသွန်းခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့နှင့်အနီး တစ်ဝိုက်အတွက် မနက်ဖြန် အောက်တိုဘာလ ၂၂ရက် နံနက်အထိခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု ဆိုသည်။