တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1189

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ

အင်အားကြီးလက်နက်ကိုင်အဖွဲ့တွေ မတက်တဲ့ NCA ရှစ်နှစ်ပြည့်အခမ်းအနား

Myanmar’s junta chief Min Aung Hlaing (C) poses for photo with other parties leaders and diplomats during a ceremony to mark the 8th anniversary of the Nationwide Ceasefire Agreement (NCA) in Naypyidaw on October 15, 2023. (Photo by AFP)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ရှစ်နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ် ထိုးထားတဲ့ KNU အပါအဝင် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မတက်ရောက်ကြပါဘူး။

NCA နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တာပါ။

NCA လက်မှတ်ထိုးထားတဲ့ ၁ဝဖွဲ့ထဲက ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့က NCA ပျက်ပြယ်ပြီလို့ ဆိုထားသလို ကိုယ်စားလှယ်တွေလည်း တက်ရောက်တာ မရှိပါဘူး။

NCA မထိုးထားရတဲ့ထဲက အင်အားကြီးလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ‘ဝ’ အဖွဲ့ UWSA ၊ ကချင်အဖွဲ့ KIO ၊ ရှမ်းအဖွဲ့ SSPP ၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအဖွဲ့ TNLA ၊ ရခိုင်အဖွဲ့ AA ၊ ကိုးကန့်အဖွဲ့ MNDAA တို့လည်း မတက်ရောက်ခဲ့ကြပါဘူး။

NCA မှာ လက်မှတ်ထိုးရာမှာ ပါဝင်ခဲ့တဲ့ KNU ဥက္ကဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တက်ရောက်တာဟာ KNU နဲ့ မဆိုင်လို့ KNU ဘက်က တုံ့ပြန်ခဲ့ပါတယ်။

ABDF ကလည်း သူတို့ရဲ့ရပ်တည်ချက်နဲ့ ဆန့်ကျင်ပြီး NCA နှစ်ပတ်လည်ပွဲကို တက်ရောက်ခဲ့တဲ့ ဒုဥက္ကဋ္ဌ ရဲဘော် မျိုးဝင်း၊ ရဲဘော် စောမောင်မောင်ဦးနဲ့ ရဲဘော် မင်းဇော်တို့လည်း ရာထူးတာဝန်တွေကနေ ရုပ်သိမ်းလိုက်ပါတယ်။

ပြည်ပအနေနဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေက တက်ရောက်ခဲ့ပါတယ်။ ဂျပန်နဲ့ အနောက်နိုင်ငံတွေက တက်ရောက်တာ မတွေ့ရပါဘူး။

NCA နှစ်ပတ်နေ့ဟာ စစ်ကောင်စီ တရားဝင်မှုရအောင် ကြိုးပမ်းတဲ့ပွဲလို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ NUG ယာယီသမ္မတ ကလည်း NCA ဟာ အာဏာသိမ်းချိန်ကနေ ပျက်ပြယ်သွားတာကြောင့် အခုလို နှစ်ပတ်လည် အခမ်းအနား ကျင်းပတာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ ပြောဆိုထားပါတယ်။

……………………………………

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် လူငါးရာကျော်သေဆုံး

အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခတွေအကြား အရပ်သား ၁၀ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေကြောင့် လူငါးရာကျော်သေဆုံးခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ထုတ်ပြန်ထားပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ၂၂ ခုထက်မနည်းရှိပြီး ကချင်၊ ကယား၊ ရှမ်းတောင်ပိုင်း၊ ရခိုင်၊ စစ်ကိုင်း၊ ပဲခူးနဲ့ မကွေး စတဲ့တိုင်းနဲ့ ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လူ ၁၆၀ ကျော်သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဟာ အစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း စစ်ကောင်စီက အရပ်သား ၁၀ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၂ မှုရှိတယ်လို့ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် စစ်ကောင်စီကို နိုင်ငံတကာ ပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

……………………………………

စစ်ကောင်စီခေါင်းဆောင် တက်ခွင့်မရတဲ့ တရုတ်ပိုးလမ်းမစီမံကိန်းဖိုရမ်

တရုတ် ပိုးလမ်းမစီမံကိန်း BRI ၁၀နှစ်ပြည့် ညီလာခံကို မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖို့ ဖိတ်ကြားခံရခြင်း မရှိပါဘူး။

မြို့တော် ဘေဂျင်းမှာ အောက်တိုဘာလ ၁၇ရက်က ကျင်းပခဲ့တဲ့ အဲဒီညီလာခံကို ရုရှား၊ အရှေ့တောင်အာရှ နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၁၃၀ ကျော်က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကနေ တရုတ်နိုင်ငံသို့ တစ်ကြိမ်မှ မသွားရောက်ရသေးတယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် စစ်ကောင်စီ ဒုဝန်ကြီးချုပ်လည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးပဲ တက်ရောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ရင် အာဏာသိမ်းမှုကို ထောက်ခံကြောင်း ပြသရာ ရောက်သွားနိုင်တဲ့ အတွက် မဖိတ်ကြားတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

စစ်ကောင်စီဝန်ကြီးတွေ အခုလပိုင်းတွေထဲမှာ တရုတ်နိုင်ငံသို့ အကြိမ်ကြိမ်သွားရောက် တွေ့ဆုံဆွေးနွေးနေပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ အီလက်ထရောနစ် သတ်သေခံကတ် e-ID စနစ်တွေ၊ တရုတ်နျူကလီးယား နည်းပညာ အပါအဝင် စီမံကိန်းများစွာအတွက် သွားရောက်ဆွေးနွေးနေတာပါ။

……………………………………

မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာလို့ အာဆီယံပြော

ကလေးငယ် ၁၁ဦးအပါအဝင် စစ်ဘေးရှောင်ဒုက္ခသည် ၂၉ ဦးသေဆုံးခဲ့တဲ့ KIO ဌာနချုပ်အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်ဒုက္ခသည်စခန်းဖြစ်စဉ်ဟာ ဗုံးကြဲတိုက်ခိုက်ခံရတာလို့ အာဆီယံက ထုတ်ပြန်လိုက်ပါတယ်။

အခုလိုတိုက်ခိုက်ခံရတာကို ရှုတ်ချထားပြီး အလွန်အမင်းစိုးရိမ်းတယ်လို့လည်း အာဆီယံက အောက်တိုဘာလ ၁၇ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီက မုန်လိုင်ခက်ဖြစ်စဉ်ဟာ ဗုံးကြဲတိုက်ခိုက်တာကြောင့် မဟုတ်ဘဲ လက်နက်သိုလှောင်ရုံ ပေါက်ကွဲတာလို့ ထုတ်ပြန်ထားချိန် အာဆီယံအခုလို ထုတ်ပြန်လာတာပါ။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာဆီယံထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌက ထုတ်ပြန်ချက်မူကြမ်းကို အဖွဲ့ဝင်နိုင်ငံတွေဆီပေးပို့ကာ သဘောထား တောင်းခံတဲ့အခါ လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်တာကြောင့် အခုလို မထုတ်ပြန်ဖို့ အကြောင်းကြားထားသေးတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ စစ်ကောင်စီလက်ချက်လို့ KIO နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့က ထုတ်ပြန်ထားပြီး အာဆီယံ ထုတ်ပြန်ချက်မှာတော့ ဘယ်သူ့လက်ချက်ဆိုတာ မဖော်ပြထားပါဘူး။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကတော့ မုန်လိုက်ခက် တိုက်ခိုက်ခံရမှုဟာ စစ်ကောင်စီလက်ချက်လို့ ထုတပြန်ထားပါတယ်။

……………………………………

ပြည်ပရောက်မြန်မာလုပ်သားတွေနဲ့ သင်္ဘောသားတွေ အခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးလို့ရမယ်

ပြည်ပရောက် မြန်မာအလုပ်သမားတွေ၊ သင်္ဘောသားတွေ အခွန်ဆောင်မှ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်း တိုးပေးမယ်လို့ စစ်ကောင်စီရဲ့ ပတ်စ်ပို့ထုတ်ပေးရေးအဖွဲ့က ကြေညာထားပါတယ်။

အလုပ်အကိုင်အမျိုးအစား ပတ်စ်ပို့ PJ ကိုင်ဆောင်သူတွေနဲ့ သင်္ဘောသားပတ်စ်ပို့ PS ကိုင်သူတွေ ပတ်စ်ပို့ သက်တမ်း တိုးရင် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးတဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပါရမယ်လို့ ဆိုပါတယ်။

ပြည်ပရောက်မြန်မာအလုပ်သမားတွေဆီကနေ ပြည်ပမှာ ရရှိတဲ့ နိုင်ငံခြားငွေအမျိုးအစားနဲ့ ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းကို ကောက်ခံမယ့် ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ရက်နေ့မှာ စစ်ကောင်စီက ပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီလို ပြဋ္ဌာန်းပြီး တစ်လကျော်အကြာမှာ အခုလို တင်းကျပ်လာတာပါ။

စစ်ကောင်စီဟာ မြန်မာအလုပ်သမားတွေ၊ သင်္ဘောသားတွေဆီကနေ အခွန်ငွေတွေရဖို့ ကြိုးပမ်းနပြီး လစာရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း စစ်ကောင်စီသတ်မှတ်တဲ့ ဘဏ်ကနေ တရားဝင် လွှဲပေးရမယ်လို့ တင်းကျပ်ထားပါသေးတယ်။

ဒါဟာစစ်ကောင်စီရဲ့ နိုင်ငံခြားငွေ အရေးတကြီးလိုနေတာကို ထင်ဟပ်နေပါတယ်။

……………………………………

ပဲခူးမှာ လယ်ဧက ရှစ်သောင်းခုနစ်ကျော် ရေနစ်

ပဲခူးမြို့ဟာ ၅၉နှစ်အတွင်းမှာ စံချိန်တင်ရေကြီးမှုနဲ့ ကြုံခဲ့ရပြီး မိုးစပါးစိုက်ဧက ၈၇,၀၀၀ ကျော် ရေကြီး နစ်မြုပ်ခဲ့တယ်လို့ စစ်ကောင်စီ အာဘော်သတင်းစာတွေမှာ အောက်တိုဘာလ ၁၈ရက်က ဖော်ပြပါတယ်။

မိုးစပါး စိုက်ဧက ၈၇,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့တဲ့အထဲက ပြန်ပေါ်ဧက ၇၇,၀၀၀ ကျော်ရှိတဲ့အနက် ၃၆,၀၀၀ ကျော်ထိခိုက်ပြီး ၄,၇၀၀ ကျော် ပျက်စီးတယ်လို့ ဖော်ပြပါတယ်။

ပြည်တွင်းသတင်းတချို့မှာတော့ ပဲခူးတိုင်းအတွင်း လယ်ဧက သိန်းချီ ပျက်စီးနိုင်ပြီး လယ်သမားတွေအတွက် နစ်နာဆုံးရှုံးမှုကြီးတယ်လို့ လယ်သမားတွေ၊ လယ်သမားအရေးဆောင်ရွက်သူတွေကို မေးမြန်းဖော်ပြထားကြပါတယ်။

ပဲခူးမြို့ မိုးရေချိန်ဟာ ၅၉ နှစ်အတွင်းမှာ စံချိန်တင် ရွာသွန်းခဲ့ပါတယ်။ ရေစကြီးတဲ့ အောက်တိုဘာလ ၈ရက်နေ့မှာ ၇ဒသမ ၈၇ လက်မအထိ ရွာသွန်းခဲ့ပြီး ပဲခူးမြစ်ရေဟာလည်း စိုးရိမ်ရေအမှတ်အထက် လေးပေကျော်အထိ ရောက်ရှိခဲ့တာပါ။

ဒါကြောင် မြို့တစ်ခုလုံး ရေပြင်ဖြစ်ခဲ့ရပြီး ဒေသခံ တစ်သောင်းလေးထောင်ကျော် ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။

……………………………………