သရက်ချောင်း ရငဲရွာတွင်တိုက်ပွဲဖြစ်ပြီး PDF နှစ်ဦးကျ

0
1236

သရက်ချောင်းမြို့နယ် ရငဲရွာတွင် ယနေ့ အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ နံနက် ၇ နာရီခန့်တွင် ကမြိုင်ရွာဖက်မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

ထို့နောက် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားသည့် PDF တပ်ဖွဲ့ကို စစ်ကောင်စီတပ်က ရငဲရွာ ဘုန်းကြီးကျောင်းအနီးတွင် အလစ်ဝင်တိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“အနည်ဆုံး နှစ်ယောက်ကျတယ်။ ဒဏ်ရာရသူလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
PDF ရဲဘော်များ ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ PDF အဖွဲ့တို့ထံ Dawei Watch က အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်က ကတွဲရွာဖက်မှ ရငဲရွာဖက်သို့လာသည့် စစ်ကောင်စီတပ်ကို ထားဝယ် ခရိုင်တပ်ရင်း ၂ (T-5 ဇုံ) တို့နှင့်ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် နာရီဝက်နီးပါး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၁၁ ဦးကျဆုံးကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထား သည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ရငဲ၊ သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်ရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာသည်။

ထိုသို့နယ်မြေရှင်းလင်းရာတွင် ကမြိုင်ရွာသား သုံးဆယ်ခန့်ကိုလည်း ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကြောင်းဝင်ပြီး ၅ ရက်မြောက်ဖြစ်သည့် ယနေ့ မနက်အစောပိုင်းတွင် အဆိုပါစစ်ကောင်စီတပ်သည် ကမြိုင်ရွာမှ ရငဲသို့ ပြန်လည်ဆုတ်ခွာစဉ် ရငဲနှင့် ကမြိုင်ရွာကြားတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းသည်။

အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ရေဖြူအနောက်ဘက်ကမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ ကင်းတံတားအနီး ပစ်ခတ်မှုဖြစ်ရာတွင် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့သေးသည်။

ထားဝယ်ခရိုင်တွင် အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှုကြောင့် PDF ရဲဘော်သုံးဦး ကျဆုံးခဲ့ကြောင်း နီးစပ်သည့် ဒေသခံများထံမှ သိရသည်။