ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ ၄ နှင့် ကော်သူးလေတို့ နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်

0
6756

ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ-၄ နှင့် ကော်သူးလေတပ်မတော်တို့ နှစ်ရက်ဆက်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် နှစ်ဖက်တပ်ဖွဲ့တို့ထံမှ သိရသည်။

အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ကထောင်းနီရွာအနီးမှာ KNU တပ်မဟာ-၄ နှင့် ကော်သူးလေတပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွားပြီး ယနေ့ ၂၁ ရက် နံနက်ပိုင်းတွင်လည်း ကလစ်ကြီးရွာဟောင်းနေရာတွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားကြောင်း KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ဒေသခံအချို့က နှစ်ဖက်ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရသော်လည်း ပစ်ခတ်မှုအခြေအနေ အသေးစိတ်ကို မသိကြောင်း ဆိုသည်။

“မနေ့ကဖြစ်တာတော့ ပစ်ခတ်သံတွေမကြားရဘူး။ ဒီနေ့ဖြစ်တာတော့ အသံကြားရတယ်။ ကြာချိန်က ၁၅ မိနစ် လောက်ပဲ ရှိမယ်။ လက်နက်ကြီးနဲ့ တော်တော်များများထုတယ်” ဟု အနီးဝန်းကျင်ရှိ ကလက်ကြီးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မြေပြင်တပ်ဖွဲ့များက ထိခိုက်မှုအခြေအနေကို တင်ပြလာခြင်းမျိုး မရှိသဖြင့် ၎င်းတို့ဘက်က ထိခိုက်မှုမရှိဟု ပဒိုစောအယ်နားက ပြောဆိုသည်။

ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းကမူ နှစ်ရက်ဆက်တိုက်ပွဲဖြစ်သည်ကို သတင်းရသော်လည်း မည်သည့်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်သည်ကို သတင်းပေးပို့ချက်မရသေးဟု ပြောဆိုသည်။

စက်တင်ဘာ ၁၆ ရက်က ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ပျဉ်းသားတောရွာက KNU တပ်မဟာ ၄ လက်အောက်က KNLA တပ်စခန်းကို ဗိုလ်အယ်ကွီးဦးဆောင်သည့် ကော်သူးလေအာမီက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အလားတူ အောက်တိုဘာ ၃ ရက်တွင် ထိုင်း-မြန်မာ ထီးခီးနယ်စပ်အနီးက ကော်သူးလေတပ်မတော် တပ်စခန်း တစ်ခုကိုလည်း KNU တပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်နှင့် ဗိုလ်အယ်ကွီးဦးဆောင်သည့် KTLA တပ်ဖွဲ့နှစ်ခုကြား မကျေလည်မှုများရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးပဋိပက္ခပိုမိုတင်းမာလာခြင်း ဖြစ်သည်။