ရေး-ထားဝယ်ကားလမ်းတိုက်ပွဲတွင် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

0
1343
Photos – MSRF ၊ ပုံစာ - တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည်လက်နက်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းရှိ ရေးတံတားကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် ထိခိုက် သေဆုံးသည့်အပြင် အရပ်သား ထိခိုက်သေဆုံးမှုလည်းရှိကြောင်း ဒေသခံတို့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ထံမှ သိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်က ရေးတံတားကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာ ဖြစ်ပွားကြောင်း ဒေသခံတို့က ပြောသည်။

နံနက် ၈ နာရီခန့်တွင်‌လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲ ၂ နာရီခန့်ကြာ ထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း ၎င်းတို့က ဆိုသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း ကျုံလောင်းရွာသစ်မှ အမျိုးသားတစ်ဦး ကျည်ထိမှန်သေးဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အရပ်သားထိတာကတော့ ကျုံလောင်းရွာသစ်က အမျိုးသားနှစ်ဦးရှိတယ်။ တစ်ဦးကတော့ သေသွားတယ်။ နောက်တစ်ဦးကတော့ လက်မှာ ဒဏ်ရာရသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့၊ ABSDF တပ်ရင်း (၁) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီး နှစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို Dawei Watch က သီးခြားအတည်မပြုနိုင်သေးပေ။

ယင်းအပြင် RPG တစ်လက်၊ MA1 တစ်လက်၊ MA2 စက်လက် နှစ်လက်၊ MA3 နှစ်လက်၊ MA4 တစ်လက်၊ သေနတ်အတို နှစ်လက်အပြင် ခဲယမ်းများ၊ စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင် ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရေးတံတားကြီး ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီဘက် ယာယီပိတ်ခဲ့ပြီး စစ်ဆေးမှု တင်းကျပ်ထားကြောင်း ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ထိလည်း စစ်ဆေးမှု ပြုလုပ်ဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ရေးမြို့နယ်၊ စံပြကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့်ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း မကြာခဏဖြစ်ပွားနေသည်။