ထားဝယ်ဒေသတွင် စစ်ကောင်စီတပ်နယ်မြေရှင်း၊ နေအိမ် ၂၀ကျော်မီးရှို့ခံရပြီး အရပ်သားတစ်ဦးအသတ်ခံရ

0
889

ထားဝယ်ခရိုင် ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က နယ်မြေရှင်း‌လင်းနေသည့် လေးရက် အတွင်း နေအိမ် ၂၀ ကျော် မီးရှို့ခံရပြီး အရပ်သားတစ်ဦး အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ထားဝယ်မြို့ မြောက်ဘက်ရှိ ရေဖြူမြို့နယ်နှင့် တောင်ဘက်ရှိ သရက်ချောင်းမြို့နယ်တို့ကို အောက်တိုဘာလ ၁၇ ရက်နေကစပြီး စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနယ်မြေရှင်းနေသည်ဟု ဆိုသည်။

ယင်းသို့ ရှင်းလင်းစဉ် ရေဖြူမြို့နယ်တွင် နေအိမ် အဆောင် ၁၇လုံး မီးရှို့ခံခဲ့ရပြီး အရပ်သားတစ်ဦး ပစ်သတ်ခံရကာ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာသုံးရွာက နေအိမ် ၆ လုံး မီးရှိုခံခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရေဖြူမြို့ အနောက်ဖက်ကမ်းကိုဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ ကင်းရွာ ချောင်းထဲတွင် ပိုက်ထောင်နေသည့် ဦးသီးဝင်းဆိုသူကို ဖမ်းဆီးသွားပြီး သုံးရက်အကြာ ယနေ့ အောက်တိုဘာလ ၂၁ရက်တွင် ပစ်ခတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ချောင်းထဲမှာ မှောက်လျက် သေနေတဲ့ အလောင်းတွေ့ တယ်ဆိုပြီး မိသားစုတွေဆီ ဖုန်းဆက်လာလို့ သိရတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

ထို့နောက် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ‌မူးဒူရွာကို ဝင်ရောက်ပြီး နေအိမ် ၁၇ဆောင်ကို မီးရှို့ခဲ့ကြောင်း မူးဒူးရွာသားတစ်ဦးက ဆိုသည်။

“အိမ်တွေက အိမ်ကြီးအိမ်ကောင်းတွေလည်းပါတယ်။ တော်တော်များတယ်။ မနက်ကတည်းက ရှို့တာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ပြန်လွတ်လာသည့် ခ‌မောင်းချောင်းရွာသူ အမျိုးသမီးတစ်ဦးသည် အောက်တိုဘာလ ၁၄ ရက်နေ့က အသတ်ခံရပြီး ၅ရက်အကြာတွင် စစ်ကောင်စီတပ်သည် ရေဖြူအနောက်ကမ်းကို စစ်ကြောင်းထိုး နေခြင်း ဖြစ်သည်။

သရက်ချောင်းမြို့နယ် ဝဲရစ်ရွာရှိ နေအိမ် နှစ်ဆောင်ကိုလည်း စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၉ ရက်နေ့တွင် မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က စာရင်းနဲ့လာတယ်လို့သိရတယ်။ ရှို့ခံရတဲ့ အိမ်ပိုင်ရှင်က ရွာမှာဆို ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေသူပဲ” ဟု ၎င်းကပြောဆိုသည်။

‌အောက်တိုဘာလ ၁၇ ရက်က သရက်ချောင်းမြို့နယ် ကတွဲကျေးရွာဘက်မှ လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့က ကတွဲ နှင့် ရငဲရွာကြားတွင် တိုက်ခိုက်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီတပ်က ရငဲရွာနှင့် အနီးတစ်ဝိုက်ကို နယ်မြေရှင်းရာ အောက်တိုဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့ အထိ သုံးရက်အတွင်း ရငဲရွာ တွင် နေအိမ် ၃ ဆောင်၊ သိမ်ကုန်းရွာတွင် နေအိမ် ၁ ဆောင် ဝဲရစ်ရွာတွင် နေအိမ် နှစ်ဆောင်မီးရှို့ခံရကြောင်း ဒေသခံတို့က ဆိုသည်။

ထားဝယ်ခရိုင်တွင် အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ အဆိုပါမြို့နယ်နှစ်ခုရှိ ကျေးရွာ ၁၅ရွာထက် မနည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့်ဒေသခံ ထောင်သောင်းချီရှိနေပြီး ဖမ်းဆီးခံရသူများလည်းရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။